Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 10, 2014

ချမ်းမြသာစည် လေယာဉ်ကွင်းကိုမှ လိုချင်တဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၂၀) - လက်စောင်းထက်

သမီးတော်ရာဇ၀င် ဇာတ်လမ်းတွေ ရေးနေတာဟာ အာဏာရှင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ အာဏာရှင်နဲ့ ပတ်သက်သူတွေ ဟာ အထိန်းအကွပ်မရှိ ဘယ်လို ဆိုးသွမ်းခဲ့ကြသလဲ။ တိုင်းပြည်မျက်နှာ လူမျိုးမျက်နှာ မကြည့်ဘဲ ထင်ရာ ဘယ်လို စိုင်းခဲ့ကြသလဲဆိုတာ အများပြည်သူ သိအောင် ထုတ်ဖော် ရေးသားခြင်းပဲ ဖြစ်တယ်။

အာဏာရှင်ခေတ်မှာ တာဝန်ရှိသူတွေက ဒီဇာတ်လမ်းတွေကို ပြန်ပြောင်း ပြောပြကြတာလည်း ဖြစ်တယ်။ တစ်ချိန်မှာ ဘယ်လောက် အာဏာတွေရှိပြီး လုပ်ချင်တာ လုပ်နိုင်ခဲ့ကြပေမဲ့ သမိုင်းမှာ မှတ်တမ်း တင်ခံရမယ်ဆိုတာ သိစေချင်လို့ ရေးပြတာ ဖြစ်တယ်။ ဒီလိုရေးတဲ့ အတွက် ကျန်တဲ့ အစိုးရ တာဝန်ရှိသူတွေ (အထူးသဖြင့် လုပ်ပိုင်ခွင့် ရှိတဲ့သူတွေ)က သူတို့ သားသမီးတွေကို ထိန်းကျောင်းကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို ယောက္ခမ အမွေပေးသလို သဘောထားပြီး အိတ်ထဲ ထည့်ကြရင်ဖြင့် နောက်ထပ် သားတော်ရာဇ၀င်တို့ ဘာတို့ပါ ပြည်သူ့ရှေ့မှောက် ရောက်လာဖို့ ရှိကြောင်းပါ။ ဒီစာရေးတဲ့ ရည်ရွယ်ချက်ကတော့ ဘာစနစ်နဲ့ပဲဖြစ်ဖြစ် နောက်နောင် မင်းလုပ် အုပ်ချုပ်မဲ့ သူတွေက မိမိတို့ရဲ့ သားသမီးတွေကို ထိန်းကျောင်း သွန်သင်နိုင်တတ်စေဖို့ ရည်ရွယ်ရေးသားရခြင်း ဖြစ်ကြောင်းပါ။

ပြောရရင် ၂၀၀၄ ခုနှစ် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းလိုက်ချိန်မှာ Check & Balance စနစ်ပျက်ပြီး အစိုးရ အဖွဲ့ဝင်တွေဟာ လွတ်လပ်စွာ လာဘ်စားခွင့်၊ လွတ်လပ်စွာ ကြွားဝါခွင့်၊ လွတ်လပ်စွာ မောက်မာခွင့်တွေ ရခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ကြား ခြောက်နှစ်တာ ကာလမှာ ၀န်ကြီးဝန်ကလေးတွေဟာ သူတို့ ပိုင်ဆိုင်တဲ့ အိမ်အလုံးရေကိုတောင် မမှတ်မိတဲ့အထိ လာဘ်စားခဲ့ကြ ပါတယ်။ ၀န်ကြီးတစ်ပါးဆိုရင် ရန်ကုန်မှာတင် အိမ်အလုံး သုံးဆယ်ကျော် ရှိပါသတဲ့။ နောက်ဝန်ကြီးတစ်ပါး ကတော့ မြန်မာနိုင်ငံအနှံ့ အိမ်အလုံး တစ်ရာကျော်ပါသတဲ့။ ၀န်ကြီးဝန်ကလေးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ ညွှန်ချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေရဲ့ သားသမီးတွေကလည်း ဒေါ်လာ တစ်သန်းတန် ဇိမ်ခံကားတွေ ပြိုင်ကားတွေနဲ့ ဖြစ်ချင်တိုင်းဖြစ် ကဲချင်တိုင်း ကဲခဲ့ကြပါတယ်။ အခုကာလအထိ လူကြီးတစ်ယောက် ဖြစ်နေသူ (အဲဒီခေတ်ကတော့ ဗိုလ်ချုပ်ပေါ့)ရဲ့ သားဆို မြေနီကုန်းမှာ ပြိုင်ကား ပြိုင်မောင်းရင်း လူတစ်ယောက်ကို သေအောင် တိုက်ခဲ့ပါတယ်။ ထောက်လှမ်းရေး မရှိတော့တဲ့ ကာလဖြစ်လို့ ဘာအသံမှ မထွက်ဘဲ ပြီးသွားခဲ့တယ်။ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံဟာ အဆင်းရဲ အမွဲတေဆုံး နိုင်ငံဖြစ်ပေမဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကတော့ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ဖြစ်တယ်။ မြန်မာနိုင်ငံကို ဇိမ်ခံကားတွေကို ဘယ်လိုသွင်းသလဲဆိုရင် နိုင်ငံခြားကနေ လေယာဉ်တွေနဲ့ သယ်ပြီး ထိုင်းနိုင်ငံကိုရောက်၊ အဲဒီကမှ နယ်စပ်ကနေ သွင်းကြတာ။ အဲဒီအချိန်မှာ ထိုင်းနိုင်ငံက သူဌေးကြီး သူဌေးငယ်တွေဟာ သူတို့ မစီးနိုင်တဲ့ ကားတွေကို မြန်မာတွေ စီးနိုင်တယ်ဆိုပြီး ရင်သပ်ရှုမော လာကြည့်ကြရပါသတဲ့။ ဒီတော့ ၂၀၀၄ နဲ့ ၂၀၁၀ကြားမှာ ဘယ်လောက်တောင် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အိတ်ထဲ ထည့်ခဲ့သလဲ ဆိုတာ ပေါ်တာပေါ့ဗျာ။

အခုရေးမှာကတော့ ၂၀၁၀ မရောက်ခင် ကာလကလေးက ဖြစ်ရပ်တစ်ခုပါ။ ဒီဖြစ်ရပ်ကြောင့် သူ့ကိုယ်သူ သမ္မတ ဖြစ်ရမယ်လို့ မှန်းထားတဲ့ ဗိုလ်ချုပ်ကြီးဟာ သမ္မတ ဖြစ်ခွင့်နဲ့ လွဲခဲ့ပါတယ်။ ဇာတ်လမ်း အစကတော့ သမီးတော်တွေပါပဲ။ တစ်ရက်မှာ မန္တလေး စစ်တိုင်းမှူးက နေပြည်တော် စစ်ရုံးကို ကသောကမျော ရောက်လာပါတယ်။ အကြောင်းကတော့ အာဏာရှင်ကြီးရဲ့ သမီးတော် အကြီး (လုံခြုံရေး စကားဝှက်အရဆိုရင် လမင်း(၁))က မဖြစ်နိုင်တဲ့ တောင်းဆိုမှု တစ်ခုကို ပြုလိုက်လို့ပါ။ ဒါကတော့ လောလောဆယ် အသုံးမပြုဘဲ ရပ်ဆိုင်းထားတဲ့ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်း ဧရိယာကြီး တစ်ခုလုံးကို သူတို့မိသားစု ဘ၀နောင်ရေး အတွက် သူ့ဖခင် အာဏာရှင်ကြီး နာမည်နဲ့ လွဲပေးဖို့ပါပဲ။ လေယာဉ်ကွင်း တစ်ခုဆိုတာ နည်းတဲ့ အကျယ်အ၀န်း မဟုတ်ပါဘူး။ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းဆိုရင် ဧရိယာ အကျယ်အ၀န်း ဧက ၃၆၀ ရှိပါတယ်။ အခုလောလောဆယ် မသုံးစွဲပေမဲ့ ပြည်တွင်းမှာ လေကြောင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာရင် အသင့်သုံးနိုင်တဲ့ ပြည်တွင်း လေဆိပ် တစ်ခုလည်း ဖြစ်တယ်။ ဒါကြီးကို မိသားစုအတွက် အပိုင်လွဲပေးဖို့ လာတောင်းဆိုတဲ့ အတွက် တိုင်းမှူးမှာ ခေါင်းဆင်နင်းတော့တာပဲ။

ဒါကြောင့် နေပြည်တော် စစ်ရုံးကိုလာပြီး ဗိုလ်ချုပ်ကြီး တစ်ဦးကို လာတင်ပြပါတယ်။ ဗိုလ်ချုပ်ကြီးလဲ အတော်ေ ခါင်းစားသွားတယ်။ ဖြစ်မှမဖြစ်နိုင်တဲ့ ကိစ္စကိုး။ တစ်ချိန်ကြရင် ဒီကိစ္စကနေ မီးခိုးကြွက်လျှောက် လိုက်ပြီး တစ်ခြား ကိစ္စတွေပါ ပေါ်သွားနိုင်သလို ဒီကိစ္စကြောင့် ဆူပူမှုလည်း ဖြစ်သွားနိုင်တာကိုး။ ဒီတော့ ဗိုလ်ချုပ်ကြီးက ချမ်မြသာစည် လေဆိပ်နားမှာ လမ်းမကြီးတန်းပေါ်မှာ မြေကွက် ဆယ်ကွက် ဖော်ထုတ်ပြီး အဲဒီမိသားစုကို ပေးလိုက်တယ်။ တစ်ကွက်ကို သိန်းနှစ်သောင်းလောက် တန်တဲ့ မြေကွက် ဆယ်ကွက်ဆိုတော့ စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ သန်း ၂၀ပေါ့။ ဒါပေမဲ့ အဲဒီလောက်ပဲ ပေးရမလား ဆိုပြီး သမီးတော်က အမျက်တော် ရှသွားပါတယ်။ သမီးတော် အမျက်တော်ရှရင် ဖခမည်းတော်ကလည်း အမျက်တော် ရှတတ်တာမိုလို့ ဇာတ်ပေါင်းချိန်မှာ အဲဒီဗိုလ်ချုပ်ကြီးဟာ ပထမဆုံး ဒီမိုကရေစီ သမ္မတ ဖြစ်ခွင့်နဲ့ လွဲသွားပါတော့တယ်။ တိုးတိုးတိတ်တိတ် အကြောင်းပြချက် ပေးတာကတော့ အဲဒီဗိုလ်ချုပ်ကြီးရဲ့ သားတွေက စီးပွားရေး သောင်းကျန်းတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြရရင် အခက်တွေ့လိမ့်မယ်။ ဒါကြောင့် တစ်ခြား ရာထူးပဲ ယူစေသတည်းပေါ့ဗျာ။ အဖြစ်မှန်ကတော့ မန္တလေး ချမ်းမြသာစည် လေဆိပ်ကြီးနဲ့ သမ္မတ ရာထူးကို လဲလိုက်ရတာပါ။ ဒီကိစ္စဟာ ကာယကံရှင် မိသားစုနှစ်စုပဲ သိပေမဲ့ ဘယ်ကနေ ဘယ်လိုလုပ်ပြီး လက်စောင်းထက်ဆီ ရောက်လာသလဲတော့ မသိပါဘူးဗျာ။

ဇာတ်ပေါင်းရရင်ဖြင့် ရွေးကောက်ပွဲ ပြီးချိန်မှာ အဲဒီမန္တလေး စစ်တိုင်းမှူးလဲပြုတ်၊ သမ္မတ မှန်းထားတဲ့ ဗိုလ်ချုပ်ကြီးလဲ သမ္မတ ရာထူးနဲ့လွဲနဲ့ အာဏာရှင်ကြီးနဲ့ သူ့ရဲ့သမီးတော်တွေက သူတို့ရဲ့ နောက်ဆုံး အမျက်ဒေါသကို ပြသွားကြလေရဲ့ဗျာ။ ဒါပေမဲ့ ချမ်းမြသာစည် လေဆိပ်ကြီးကတော့ ပြည်တွင်း လေကြောင်းလိုင်းတွေ အတွက် အခြေစိုက်ဖို့ ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် အဖြစ် အခုထိ ကျန်နေတာကိုတော့ အဲဒီဗိုလ်ချုပ်ကြီးနဲ့ အဲဒီစစ်တိုင်းမှူးကို ကျေးဇူးတင်ရပါလိမ့်မယ်။ အခုလဲ တစ်ချို့ လူကြီးသားသမီးတွေက ဘာအလုပ်လိုချင် လိုချင် ဒေါ်လာတစ်သန်းနဲ့ မိဘလုပ်ကိုင်ခွင့်ကို ရောင်းစားနေကြဆဲပါ။ အာဏာရှင်စနစ် မရှိတော့ပေမဲ့ အဲဒီတုန်းက အငွေ့အသက်တွေကတော့ ကျန်ဆဲပါပဲ ဗျာ။

လက်စောင်းထက်
http://www.tomorrow.com.mm/?q=articles/1227

No comments:

Post a Comment