CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 10, 2014
၁၂ ပွင့်ဆိုင်ဆွေးနွေးရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု
ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံမှု အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြု လိုက်တာပါ။
တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ၇ မျိုး ပါဝင်စေမယ့် ခေါင်းဆောင် ၁၂ ဦး ဆွေးနွေးဖို့ တိုင်းဒေသကြီး အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က မနေ့က လွှတ်တော်ကို အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့တာပါ။
အဲဒီအဆိုကို လွှတ်တော်အဆုံးအဖြတ်ယူဖို့အတွက် လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၉ မဲဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အထည်ပြုခဲ့တာပါ။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်တွေ့ဆုံဆွေးနွေးမှုကို ၆ပွင့်ဆိုင်နဲ့ပဲစတင်သင့်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။
“၆ပွင့်ဆိုင်နဲ့ အရင်စပြီးတော့ အစည်းအဝေးကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်လောက်ပြီးသွားတာနဲ့ တပြိုင်နက်တည်း ကျမတို့က ၁၂ ပွင့်ဆိုင်လည်းလုပ်လို့ရတယ်။ ၁၅ ပွင့်ဆိုင်လည်း လုပ်လို့ရတယ်။ နိုင်ငံရေးပါတီအစုံကလည်းဝင်လို့ရတယ်။ ၆ ပွင့်ဆိုင်ကအစပဲ ရှိသေးတယ်။ ၆ ပွင့်ဆိုင်က အဆုံးမဟုတ်ဘူး။ ဒါ့ကြောင့်မို့ ကျမက ၆ ပွင့်ဆိုင်ကိုပဲ ဦးတည်ပြီး တစိုက်မတ်မတ်အကောင်အထည်ဖော်ဖို့ပြောတာ” လို့ ဒေါက်တာညိုညိုသင်းကဆိုပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ဦးထဲက ၅ ဦးဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အကြီးအကဲ ၂ ဦး ပါဝင်ဖို့ကို ထောက်ခံပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးအစား တိုင်းရင်းသား ပင်မမျိုး နွယ်စုကြီး ၇ မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း ကိုယ်စားလှယ်တဦးစီ ထည့်သွင်းပြီး ၁၂ ဦး ပါဝင်စေရေး လွှတ်တော်ကို တင်သွင်းခြင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက “နိုင်ငံတော်ကြီးရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးတဲ့အခါမှာ ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးရုံ တိုင်းရင်းသား ကိုယ်စားလှယ်တဦးတည်းဖြင့် ဆွေးနွေးရုံနဲ့ မလုံလောက်ပဲ ကျန်တိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ထည့်သွင်းဆွေးနွေးမှသာ ပိုမိုပြည့်စုံတဲ့ဆွေးနွေးချက်ဖြစ်မယ်လို့ ကျနော်အနေနဲ့ယူဆပါတယ်” လို့ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့လိုအတည်ပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတထံ ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ သဝဏ်လွှာပေးပို့ရာမှာ တွေ့ဆုံပွဲမှာပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို ရွေးချယ်ထားတာဟာ အဖွဲ့အစည်း ဒါမှမဟုတ် လွှတ်တော်ကိုယ်စားပြုလို့ တိတိကျကျမရေးထားတဲ့အတွက် အစိုးရအနေနဲ့တွေ့ဆုံဖို့ မဆုံးဖြတ်ရသေးဘူးလို့ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားဖူးပါတယ်။
By ကျော်ဇေယျာဝင်း / (ဒီဗွီဘီ)
http://burmese.dvb.no/archives/73438
၁၂ ပွင့်ဆိုင်ဆွေးနွေးရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 10, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment