Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 8, 2014

အမြတ်ဆုံးတရား ခြောက်ပါး (၄)

သိက္ခာသုံးပါးကိုကျင့်ခြင်း(ဒါန)
********************************
ဒါန၊ သီလ၊ ဘာဝနာဟူသည် ဗုဒ္ဓဘာသာဝင် တို့၏ ကျင့်စဉ်ကြီးသုံးရပ် ဖြစ်ပါသည်။ ပုညကိရိယာ ဝတ္ထုဆယ်ပါးဟူသော ကုသိုလ်ကောင်းမှု ဆယ်မျိုးကို အကျဉ်းချုပ်လျှင်လည်း ဒါန၊ သီလ၊ ဘာဝနာသုံးမျိုးသာ ဖြစ်ပါ၏။

ထိုပုညကိရိယာဝတ္ထုဆယ်ပါး တွင်ပါဝင်သော 'ပတ္တိဒါန'(မိမိ၏ကုသိုလ် ကောင်းမှုကို အမျှပေးဝေခြင်းနှင့် ပတ္တာ နုမောဒနာ (တခြားသူတို့ ကုသိုလ်ကောင်း မှုပြုသည်ကို မြင်လျှင်၊ ကြားလျှင် အမျှဝေ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဝမ်း မြောက်ဝမ်းသာ သာဓုခေါ်ခြင်း) နှစ်မျိုး သည် ဒါနနှင့်သဘောတူသောကြောင့် ဒါန ၌အကျုံးဝင်သော လုပ်ငန်းနှစ်ရပ်ဖြစ်ကြောင်း ''အာ စရိယဓမ္မပါလဋီကာဆရာကြီး''က အမိန့်ရှိခဲ့ပါ၏။ ထို့ အတူ 'အပစာယန'(အသက်သိက္ခာကြီးသူတို့အား မျှော် လင့်ချက်မထားဘဲ ခရီးဦးကြိုဆိုခြင်းစသည်ဖြင့် မြတ် နိုးစာနာပူဇော်ခြင်း)နှင့် 'ဝေယျာဝစ္စ'(အသက်သိက္ခာ ကြီးသူများနှင့် လူနာများအား ကိစ္စကြီးငယ်ပြုစုဆောင် ရွက်ပေးခြင်း)တို့သည် 'စရဏကုသိုလ်' ဖြစ်သောကြောင့် သီလ၌အကျုံးဝင်ပါသည်။

ထိုနည်းတူစွာ 'ဓမ္မဿဝန'(အကျိုးရှိအောင် တရားနာယူခြင်း)၊ ဓမ္မဒေသနာ(လာဘ် ကျော်စောသကာမငဲ့ဘဲ တရားဟောခြင်း) ဒိဋ္ဌိကမ္မ (အ ယူကို ဖြောင့်မှန်အောင်ပြုခြင်း) တို့သည် ဘာဝနာ၌ အကျုံးဝင်ပါသည်။

ဒါန၊ သီလ၊ ဘာဝနာဟူသော ကျင့်စဉ်ကြီးသုံး ရပ်တွင် 'ဒါန'သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမ ဆုံးကျင့်စဉ်ကြီး ဖြစ်ပါသည်။ ဒါနသည် မိမိ၏ ကာယ အား၊ ဥာဏအားတို့ဖြင့် ကြိုးကြိုးစားစား ရှာဖွေရရှိထား သော ငွေကြေးဥစ္စာတို့ကို စွန့်လွှတ်ရသောကြောင့် လော ဘ၊ ဣဿာ၊ မစ္ဆရိယဟူသော သံသရာအောက်ဆွဲအား များနှင့် အပြိုင်တွန်းလှန်တိုက်ခိုက်ရသော ကုသိုလ် ကောင်းမှုဖြစ်ပါ၏။ မိမိ၏ အတွင်းသန္တန်တွင်ရှိသော လောဘ၊ မစ္ဆေရတို့နည်းပါးလာအောင်၊ ပါးလျားလာ အောင် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒါနဟူသည် သူ့အတိုင်းအတာနှင့်သူ ကိလေသာကို ပယ်သတ်နေ ခြင်းဟုဆိုနိုင်ပါသည်။

ထို့ ကြောင့်လည်း ဗုဒ္ဓစံဋ္ဌ၊ ၈၈ တွင် - ''ဒါနပြုခြင်းသည် ကိလေသာတို့ကို မည်သည့် အတိုင်းအတာအထိ စွန့်လွှတ် နိုင်ပါပြီ''ဟု ကြေညာဖော်ပြခြင်း မည်၏''ဟု ဖွင့်ဆိုထားပါသည်။

ထို့ပြင် မြတ်စွာဘုရားက ဒါန ပတ္တိသုတ်တွင်
''ဒါနသည် ပီယ ဆေး၊ စည်းရုံးမှုအောင်မြင်ရေး လက်နက်၊ နိဗ္ဗာန်သွားရာ လှေ ကားတစ်စင်း၊ စိတ်ကြည်ဆေး''ဟူ၍ဟောတော်မူခဲ့ပါ၏။

ဂါမဏိသံယုတ်၊ ကု လသုတ်တွင်လည်း ''လွန်ခဲ့သော ၉၁ ကမ္ဘာအတွင်းက ဖြစ်ရပ်များကိုဆင်ခြင်တော်မူရာ အလှူရဲ၍ မွဲသူတစ်ဦး တစ်လေမျှမတွေ့ရ။ ချမ်းသာကြွယ်ဝနေသူမှန်သမျှ ဒါန ရှင်တွေသာ ဖြစ်ကြောင်း'' ဟောတော်မူခဲ့ပါသည်။

ဒါနမှုပြုခြင်းတူညီစေကာမူ ဒါနပြုရာတွင် ထားရှိသော နှလုံးသွင်းနှင့် စေတနာသုံးတန်ပြဋ္ဌာန်းပုံ စသည်တို့အပေါ်တည်မှီ၍ ဟိနဒါန၊ မဇ္ဈိမဒါန၊ ပဏိတ ဒါန သုံးမျိုး ကွဲပြားပါသည်။ 'ဟိနဒါန' ဟူသည် သာ သနာအတွက်၊ အများအကျိုးအတွက်ဟူသော စေတ နာကောင်းကိုအရင်းမခံမူလျက် မိမိ၏အကျော်အစော အလို့ငှာ စည်းစိမ်အလို့ငှာ သူတစ်ပါးကိုနှိမ်ပြီး မိမိကိုယ် ကိုချီးမြှောက်ခြင်းအလို့ငှာ လှူဒါန်းခြင်းမျိုးဖြစ်ပါ၏။ အ လှူဒါနပြုသည့်တိုင် ရည်ရွယ်ချက်မကောင်း၊ နှလုံးသွင်း လည်း မကောင်းသောကြောင့် ညံ့သောဒါနဖြစ်ပါ၏။

'မဇ္ဈိမဒါန'ဟူသည် အလှူ၏အကျိုးကို ခံ စားလိုသောကြောင့်လည်းကောင်း၊ လောကီစည်းစိမ် ချမ်းသာအမျိုးမျိုးကို လိုချင်မက်မောသော ကြောင့်လည်းကောင်း၊ မိမိတစ်ဦးတည်း သံ သရာမှ လွတ်မြောက်ချင်သော ကြောင့်လည်း ကောင်း၊ လှူဒါန်းခြင်းမျိုးဖြစ်ပါ၏။ ယင်း အလှူမျိုးသည် အလယ်အလတ်ဒါနဖြစ် ပါ၏။

'ပဏိတဒါန' ဟူသည် မိမိအ တွက် မည်သည့်အကျိုးကိုမျှ မျှော်လင့်ခြင်း မရှိမူလျက် သာသနာတော်အကျိုးအတွက်၊ အ များအကျိုးအတွက် မဂ်ဖိုလ်ချမ်းသာကိုသာ တောင့် တ၍ လှူဒါန်းခြင်း၊ သံသရာမှ လွတ်မြောက်ရေးတွင် လည်း မိမိအတွက်သာမက သတ္တဝါအားလုံးအတွက် ရည်မျှော်၍ လှူခြင်းဖြစ်ပါသည်။ ယင်းအလှူသည် 'မြတ်သောဒါန'ဖြစ်ပါ၏။
အလှူဒါနပြုသည့်အခါ စေတနာဖြူစင်သန့် ရှင်းဖို့လိုပါသည်။ အငြိအတွယ်ကင်းရှင်းဖို့လိုပါသည်။ ဘာသာသာသနာအကျိုးအတွက်၊ အများအကျိုးအတွက် သက်သက်ကိုသာ ရည်မျှော်၍ လွတ်လွတ်စွန့်လွှတ် လှူဒါန်းသင့်ပါသည်။ ဂုဏ်ပကာသနနှင့် အကျော်အစော အတွက်၊ နောင်ဘဝကောင်းစားရေးအတွက် ရည်ရွယ် သောဒါနမှုတွင် လောဘအစေးများ ငြိတွယ်မှေးယှက် နေပေသည်။

ထိုဒါနမျိုးသည် ပါရမီမြောက်သောဒါနမဖြစ် နိုင်သည်သာမက ဘဝသမ္ပတ္တိကိုမျှ လှလှပေးနိုင်စွမ်းမရှိ ကြောင်း ကျေးဇူးရှင်လယ်တီဆရာတော်ကြီးက ဤ သို့ ဆုံးမတော်မူခဲ့ပါ၏။

''ပကာသနစိတ်နှင့်ပြုသော ကုသိုလ်သည် ဘဝသမ္ပတ္တိကို လှလှပေးနိုင်သော ကုသိုလ်မဟုတ်။ ပါရမီ ကုသိုလ်ဖြစ်ဖို့ဝေးစွ၊ ကောင်းမှု၏အကျိုးကို လိုလားသော စိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အမြတ်အကျိုးကြီး ရာသော နည်းလမ်းကို ရွေးချယ်မှုတို့နှင့် ပြုသောကုသိုလ် သည် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကို ပေးနိုင်၏။ ပါရမီကုသိုလ်မျိုးမဟုတ်''
ဒါနပြုသူများသော်လည်း ပါရမီမြောက် အောင် ဒါနပြုတတ်သူရှားကြောင်း၊ အရှင်သြဒါကသီ ရိဘိဝံသ ဆရာတော်ကြီးက ဤသို့မိန့်တော်မူခဲ့ပါ၏။

''ဒါနပြုသူများသော်လည်း ပါရမီမြောက် အောင် ဒါနပြုတတ်သူကား လွန်စွာရှားပါးလှပါ သည်။ တချို့သူများသည် မိမိထံသို့ မိမိလှူဒါန်း သည့်သူထံမှ တစ်စုံတစ်ခုသော အထောက်အကူပြန် လာလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ပေးလှူ တတ်ကြ၏။ တချို့ကား ချစ်ခင်နှစ်သက်သံယော ဇဉ်ဖက်၍ ပေးလှူတတ်ကြ၏။ တချို့မှာမူ သူတစ်ပါး က မိမိကို အထင်ကြီးစေလိုသောသဘောဖြင့် ပေး လှူတတ်ကြ၏။ ဤသို့သော ပေးလှူခြင်းများသည် သူတော်ကောင်းတို့ ချီးမွမ်းအပ်သော ပေးလှူခြင်း မျိုး မဟုတ်ပါပေ''

အလှူရှင်သည် အလှူဒါနတစ်ခုပြုသော အခါ မလှူမီစေတနာ၊ လှူဆဲစေတနာ၊ လှူပြီးစေ တနာဟူသော စေတနာသုံးတန်ပြဋ္ဌာန်းရန် လိုပါ သည်။ မလှူမီ၊ လှူနေဆဲ၊ လှူပြီးနောက် ကာလ သုံးတန်စလုံး ကျေနပ်ကြည်နူး ပီတိဖုံးဖို့လိုပါသည်။

တချို့သူများသည် လှူလိုသောစေတနာ အရင်းခံ စေကာမူ ပကာသနအတွက် မိမိ၏ ရှိမှုပမာဏ ထက် ပိုလွန်များ ပြားသော ကုန်ကျ စရိတ်ကြောင့် လို ငွေကို ချေးငှားရ ၏။ အလှူပွဲလာ သူများ၏ ကူညီလှူ ဒါန်းငွေဖြင့် ဖြေ ကျေလိမ့်မည် မျှော် လင့်ထားသော် လည်း မျှော်လင့် သည့်အတိုင်း ဖြစ် မလာသောအခါ ''ပရစေတနာ''ဆိတ်သုဉ်းလေ တော့သည်။ ဤ သည်နှင့်စပ်လျဉ်း ၍ စွန်းလွန်းဆ ရာတော်ကြီးက ဤသို့ သတိပေး တော်မူခဲ့ပါ၏။

''ပရိသတ်များလာတာကိုကြည့်ပြီး တွက် ကိန်းတော့ကိုက်ပြီဆိုတဲ့စိတ်နဲ့ ဝမ်းမြောက်ဝမ်း သာ ပုတ်ကြီးမလိုက်၊ ကူပံ့စာရင်းကိုကြည့်လိုက် နဲ့ အလှူရှင်များ အလုပ်တွေများနေတာပေါ့။ အဲဒီ လို ထမင်းထည့်တဲ့ ပုတ်ကြီးကို မ,မကြည့်နေရင် ပုတ်မစေတနာလို့သာ မှတ်ကြပါ။

ကူပံ့ကြေးနည်းတဲ့လူတွေအပေါ် ကျေ နပ်စိတ်မရှိဘဲ မုန်းစိတ်တွေဖြစ်လာရင် မုန်းစစေ တနာလို့ မှတ်ရမယ်။ အဲဒီလို မုန်းစိတ်တွေ ပေါ် ပေမယ့် သူတို့ပါတာရမှာပါပဲလေလို့ သက်ပြင်းချ ရင် အဲဒီစေတနာက ပါရစေတနာလို့သာ မှတ်ပေ တော့''

တချို့သောယောဂီတို့ကမူ ''အလှူဒါန'' ၏ အကျိုးအာနိသင်နှင့် သာသနာတော်အတွက် အသုံးဝင်ပုံတို့ကို သဘောပေါက်ခြင်းမရှိဘဲ ''ဒါန ကုသိုလ်သည် သံသရာရှည်ဖို့ဖြစ်၏''ဟူ၍ ပြောဆို တတ်ကြပါသည်။ ဒါနမှုတွင် မွေ့လျော်သူတို့ကို ဒါနမှု၌ ဆုတ်နစ်အောင် ပြောဆိုခြင်းမှာ မသင့် လျော်ပေ။ အပြစ်လည်း ကြီးလေးလှပါ၏။ ဤသည် နှင့်စပ်လျဉ်း၍ ကျေးဇူးရှင် မိုးကုတ်ဆရာတော် ကြီးက ဤသို့ဆုံးမတော်မူခဲ့ပါသည်။

''သူတို့ နားမလည်လို့ပြောကြတာ။ အမှန် မှာ ဒါနက သံသရာမရှည်စေပါဘူး။ သူတို့တွေက ဒါနပြုပြီဆိုရင် ဤကောင်းမှုကြောင့် လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် အကြိမ်ကြိမ်စံစား စေပြီးမှ နိဗ္ဗာန်ဝင်ရပါလို၏ဟု ဆုတောင်းတတ်ကြ တာကို။ အဲဒီလိုဆိုတော့ သူတို့ဆန္ဒအတိုင်း လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတွေမှာ စုန်ဆန်သွားလာနေကြရ ရော။ ဒီတော့ ရှည်တာပေါ့။ အမှန်တော့ ခန္ဓာဝဋ် ဒုက္ခမှ ကျွတ်လွတ်လို၍လှူပါ၏လို့ဆိုရင် ဘယ်မှာ သံသရာရှည်လိမ့်မလဲ။ သူတို့ဟာက ဆုတောင်းလွဲ လို့ရှည်ကြတာ။ ဆုတောင်းမတတ်လို့ ရှည်ကြတာ။ ဒီတော့ နည်းမှန်လမ်းမှန် ဆုတောင်းပြီးလှူရင် ဒါန က သံသရာမရှည်စေပါဘူး''
တချို့သူတို့သည် ဒါနပြုမည့်သူ၏ သဒ္ဓါ တရားကို လျော့ပါးစေမည့်စကားမျိုး ပြောဆိုတတ် ကြသည်။

ခင်ပွန်းက လှူချင်သည်ကို ဇနီးဖြစ်သူ က ဟန့်တားခြင်းမျိုး၊ ဇနီးကလှူချင်သည်ကို ခင် ပွန်းဖြစ်သူက တားမြစ်ခြင်းမျိုး ပြုတတ်ပါသည်။ မြတ်စွာဘုရားက (တိကအင်္ဂုတ္ထိုရ်၊ ဒု-ပဏ္ဏာသက၊ ဗြဟ္မဏဝဂ်၊ ဝစ္ဆ သောတ္တသုတ် တွင်)၊ အလှူကို တားမြစ်ခြင်းနှင့် စပ်လျဉ်း၍ ဤ သို့ ဟောတော်မူ ခဲ့ပါ၏။

''ဝစ္ဆ... အလှူ ဒါနကို တားမြစ် သောသူသည် အ ချက်သုံးမျိုးကို အန္တရာယ်ပြုသည် မည်၏။

(၁) အလှူပေးသူ ဒကာ၏ ကောင်း မှု အန္တရာယ်ကို ပြုသည်မည်၏။

(၂) အလှူခံပုဂ္ဂိုလ် ၏ လာဘ်လာဘ အန္တရာယ်ကို ပြု သည်မည်၏။

(၃) မိမိကိုယ်ကိုယ်လည်းပျက်စီး သည်မည်၏''

သို့ဖြစ်၍ ဒါနကြောင့် သံသရာရှည်သည် ဟူသော စကားမျိုးကို မပြောမိရန် ရှောင်ကြဉ်ရ မည်ဖြစ်သကဲ့သို့ သူတစ်ပါး၏အလှူကို ဟန့်တား ပိတ်ပင်ခြင်းမျိုးကို လုံးဝမပြုမိဖို့ လိုပါသည်။

အလှူဒါနနှင့်ပတ်သက်၍ ''မရှိလို့မလှူ၊ မလှူလို့မရှိ''ဟူသောစကားကို ပြောဆိုလေ့ရှိရာ ထိုစကားမှာ ''ဝတ္ထုဒါန''ကိုသာ ရည်မျှော်၍ဆိုခြင်း ဖြစ်ပြီး ''စေတနာ''ကိုမူ လျစ်လျူရှုထားသောစကား ဖြစ်ပါ၏။ ငွေကြေးဥစ္စာ မချမ်းသာစေကာမူ နှလုံး သည်းပွက်မှ စေတနာကောင်းအရင်းခံဖြင့် တစ်နိုင် ဒါနကောင်းမှုများကို နေ့စဉ်ပြုနိုင်ပါ၏။

ဥပမာ အားဖြင့် ထမင်းရည်ကို သွန်ပစ်မည့်အစား ခွေးကျွေး ခြင်း၊ စာကလေး၊ ငှက်ကလေးများကို ဆန်ကွဲပက် ကျွေးခြင်း၊ အိမ်ရှေ့တွင် ရေချမ်းစင်တည်ခြင်းတို့ သည် ငွေကုန်ကြေးကျမများသော ဒါနမှုတွေဖြစ် ပါ၏။ ဒါနကောင်းမှုများဖြင့် ဘဝကောင်း၊ ဘဝမွန် တစ်ခုကို လှပစွာ ထုဆစ်ဖန်တီးနိုင်ကြပါစေ။

မင်းနန်(မော်ကျွန်း)
TheFlowerNews

No comments:

Post a Comment