ထိုနေရာသည် တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံ ကျဆုံးခဲ့သည့်နေရာဖြစ်သည်။ ထိုနေရာသည် ယုံကြည်ချက်ကြာင့် တိုက်ပွဲဝင်၍ အကျဉ်းကျလာသူများ၏ ပခုံးများပေါ် စစ်ဖိနပ်ဖြင့် နင်းတက်၍ လူတံတားပြုလုပ်လမ်းလျှောက်ခဲ့သည့်နေရာ ဖြစ်သည်။ ထိုနေရာသည် ဥပဒေအရ ရသင့်ရထိုက်သည့်အခွင့်အရေး တောင်းဆိုခဲ့သူများကို သွေးပွက်ပွက်အန်သည်အထိ ရိုက်နှက်နှိပ်စက်ခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာသည် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့ရပြီး ရှင်သန်သူတို့အတွက်လည်း အချိန်ပေါင်းများစွာ မြေမြှုပ်ခံခဲ့ရသော သင်္ချိုင်းတစ်ခုဖြစ်သည်။
ထိုနေရာကို အသက်ရှင်လျက်ဖြင့် ပြန်လည်လွတ်မြောက်လာသူများက တညီတညာတည်း ပေးထားသည့် နာမည်တစ်ခုရှိသည်။ ‘‘သာယာဝတီထောင်မှ ငရဲခန်းများ’’ဟူ၍ ဖြစ်သည်။
သာယာဝတီထောင်သည် ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးတိုက်ပွဲများဖြင့် ထင်ရှားသည့်ထောင်ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာတွင် အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသား ပထမဆုံးအသုတ်ကို ထောင်သွင်းအလုပ်ချရန် ထောင်အာဏာပိုင်တို့ ကြိုးပမ်းနှိပ်စက်ခဲ့သည်။ ထိုနှိပ်စက်ညှဉ်းပန်းမှုမှာ‘‘သာယာဝတီထောင်၏ ဒုတိယငရဲခန်းများ’’ဟုပင် တင်စားရလောက်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ၉၅ ဦးတို့၏ ထောင်တွင်းခံစားချက်စာစုများက သက်သေဖြစ်သည်။
သာယာဝတီထောင်၏ ပထမငရဲခန်းများကို လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၄၈ မတ်တွင် ဗကပအင်အားစုများအား ဖမ်းဆီးထောင်ချပြီး ညှဉ်းပန်းနှိပ်စက်မှုများကို ကိုယ်တိုင်ခံစားခဲ့ရသည့် စာရေးဆရာကျော်မြသန်းက ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပလိုသည့် နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားခေါင်းဆောင်များနှင့် အာဇာနည်နေ့ကို အကျဉ်းချုံးကျင်းပရန် အမိန့်ထုတ်ခဲ့သည့် အာဏာပိုင်တို့ကြား အချင်းများပြီးနောက် ထောက်လှမ်းရေးက နိုင်ငံရေးသမားအများစုဖမ်းဆီးသည့် လူဖမ်းပွဲကြီးစတင်ခဲ့သည်။
ထိုစဉ်က စစ်ခုံရုံးပင်မပေါ်သေး။ ကနဦးနိုင်ကျဉ်းအများစုကို အထူးတရားရုံးများဖွင့်၍ ထောင်ဒဏ်များချမှတ်လိုက်သည်။ တစ်နိုင်ငံလုံးက ရဟန်းရှင်လူပြည်သူ နိုင်ငံရေးအင်အားစုများကို ဖမ်းဆီးထားရ၍ အင်းစိန်ထောင်တွင် လူအရမ်းများလွန်းနေသည်။ ထို့ကြောင့် ၁၉၈၉ နိုဝင်ဘာတွင် နာမည်ကျော် သာယာဝတီထောင်သို့ နိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးကို ထောင်ပြောင်းခဲ့သည်။ ထိုထောင်ပြောင်းရွှေ့မှုမှာ ၈၈ အာဏာသိမ်းစစ်အစိုးရလက်ထက်တွင် ပထမဆုံးပြောင်းရွှေ့မှုဖြစ်သည်။
ဒုတိယမြောက်ငရဲခန်း စတင်သည့်နေ့မှာ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ဖြစ်သည်။
အာဏာပိုင်များက ထောင်ပြောင်းလာသော ရန်ကုန်မှ နိုင်ကျဉ်းများကို ထောင်တွင်းအလုပ်စေခိုင်းခြင်း မပြုမီကပင် အင်းစိန်မှ ထောင်ပြောင်းခံရသူ သုံးရောင်ခြယ်အဖွဲ့မှ ကိုမင်းအောင်က ဒေသခံနိုင်ကျဉ်းအချို့ ပင်ပန်းသည့် အလုပ်များ စေခိုင်းခံရသည်ကို တွေ့ရ၍ မကျေနပ်။ ထိုစဉ် ထောင်အာဏာပိုင်တို့က ကိုမင်းအောင် အပါအ၀င် နိုင်ကျဉ်းများကို ထောင်တွင်းအလုပ်ချမည်ဖြစ်ကြောင်း အသိပေးလာသည်။ ကိုမင်းအောင်က ပြတ်ပြတ်သားသားပင် နိုင်ကျဉ်းများမှာ ရာဇ၀တ်သားများမဟုတ် ထောင်လက်စွဲဥပဒေအရ အလုပ် မလုပ်နိုင်ကြောင်း ငြင်းဆန်လိုက်သည်။
ထိုစဉ်က အလုပ်ဆန့်ကျင်ပွဲကို စတင်ဦးဆောင်သူများမှာ နိုင်ကျဉ်းများဖြစ်သည့် ကိုကျော်ဇော်ဦး၊ ကိုမင်းအောင်၊ ကိုတင်ယု၊ ရန်မျိုးအောင်(ယုန်လေး)၊ ကိုဇော်မောင်(ပန်းချီရေဆေး ဇော်မောင်-ယခုကွယ်လွန်)၊စောဒါဝိတ်တို့ဖြစ်သည်။ အလုပ်ငြင်းဆန်သည့် အကြောင်းပြချက်ဖြင့် အာဏာပိုင်တို့က ၎င်းတို့ခြောက်ဦးကို ဆရာစံကိုထားသည့် ၃၊ ၄တိုက်(ယခင်လပ်ပါးတိုက်ဟု ခေါ်သည်။ အရေပြားရောဂါသည်နှင့် စိတ်ဝေဒနာရှင်များကိုထားသည့်တိုက်) သို့ ခေါ်ဆောင်သွားသည်။
ည ၇နာရီတွင် ထောင်တစ်ခုလုံးကို မီးဖြတ်ပစ်လိုက်သည်။ ထို့နောက် ကိုမင်းအောင်တို့ကို သုံးယောက်စီခွဲ၍ တိုက်ထဲသို့ထည့်သည်။ ရိုးရိုးထည့်ခြင်းမဟုတ်။ နံပါတ်တုတ်၊ ၀ါးဆစ်တုတ်၊ ကြိမ်ကို ရော်ဘာအမည်းများ အုပ်ထားသည့် ဂန်းပိုက်တို့ဖြင့် ထောင်ဝါဒါ အယောက်ငါးဆယ်ခန့်က ရိုက်နှက်ကန်ကျောက်သည်။ ထိုစဉ်က ရိုက်ချင်သလောက်သာရိုက်၊ သေမသွားဖို့သာမှာထားသည့် ထောင်အာဏာပိုင်တို့မှာ ၀ါဒါတွေ အရိုက်ကြမ်းလွန်းပြီး နိုင်ကျဉ်းတို့ ကျဆုံးသွားမည်စိုး၍ ၀င်ထိန်းကြရသည်ဟု အလုပ်ဆန့်ကျင်တိုက်ပွဲစ၀င်သည့် ခြောက်ဦးအနက်မှ ကိုမင်းအောင်ကပြောကြားသည်။
‘‘ကျွန်တော်တို့ ခြောက်ယောက်မှာ နောက်သုံးယောက်ဆို တိုက်ကိုမိကျောင်းသွားသွားပြီး ၀င်ခိုင်းတယ်။ မိကျောင်းသွားဆိုတာက ဂ၀ံကျောက်တွေခင်းထားတဲ့ တိုက်ရှေ့လမ်းပေါ်မျာ ၀မ်းလျားမှောက်ပြီး တံတောင်နဲ့ တွားသွားခိုင်းတာ။ မိကျောင်းသွားသွားနေတဲ့အချိန်မှာ အပေါ်ကနေ တုတ်နဲ့ရိုက်၊ စစ်ဖိနပ်နဲ့ ကန်သေးတယ်။ ပြီးမှ အခန်းထဲထည့်တာ။ လက်နဲ့တံတောင်မှာ သွေးတွေချည်းပဲ။ အခန်းထဲရောက်ရင်လည်း နာလွန်းလို့နားမနေရဘူး။ တိုက်အ၀ကိုကျောပေးပြီး ထောင်ပုံစံထိုင်နေရတယ်။ ငရဲခန်းဆိုတာ အဲဒါပေါ့။ လှည့်ကြည့်ဖို့နေနေသာသာ လှုပ်ရင်ကိုရိုက်တာ။ ကျွန်တော်တို့ကိုကျတော့ အစဆွဲတဲ့ကောင်တွေဆိုပြီး ထပ်ရိုက်။ တစ်နေကုန်ရိုက်တာ။ မနက် ၄ နာရီကနေ ည ၉ နာရီအထိ ထမင်းစားချိန်ကလွဲလို့ ကိုးရက်တိတိ အဲဒီလိုပုံစံထိုင်ပြီး အရိုက်ခံခဲ့ရတယ်’’ဟု ၎င်းကပြောသည်။
ကိုမင်းအောင်တို့ အလုပ်ဆန့်ကျင်တိုက်ပွဲဝင်နေသည်ကို ကြားသည့် နယ်ခံနိုင်ကျဉ်းတို့ကလည်း ဒီဇင်ဘာ ၂၄ ရက် နံနက်တွင် အလုပ်မလုပ်နိုင်တော့ကြောင်း ထောင်အာဏာပိုင်တို့ကို အသိပေးလိုက်သည်။ ထိုအခါ နယ်ခံနိုင်ကျဉ်းအယောက် ၃၀ ခန့်ကို သာယာဝတီထောင်၏ နာမည်ကျော် ၃၊ ၄ တိုက်သို့ ကိုမင်းအောင်တို့နည်းတူ ညှဉ်းပန်းနှိပ်စက်ပြီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်။
နယ်ခံနိုင်ကျဉ်းတို့ကို အကျယ်ငါးပေ၊ အရှည်ပေရှစ်ဆယ်ရှိ ဂ၀ံလမ်းပေါ် မိကျောင်းသွားသွားခိုင်းပြီး မသေနိုင်သည့်နေရာများဖြစ်သော ကျောကုန်း၊ ဦးခေါင်း၊ ခြေလက်နေရာအနှံ့တို့ကို ထောင်ဝါဒါတို့က ရိုက်နှက်ကြသည်။ နာကျင်လွန်းသောကြောင့် မိကျောင်းသွားမသွားနိုင်ဘဲ သွေးရူးသွေးတန်းထပြေးကြရရှာသည့် နိုင်ကျဉ်းများကို အဆောင်တိုင်လုံးကြီးများနောက်ကွယ်တွင် ကြိုတင်ပုန်းအောင်းနေသည့် ထောင်ဝါဒါများက ထွက်ရိုက်ကြပြန်သည်။ နိုင်ကျဉ်းများအတွက် လွတ်လမ်းမရှိ။ အရိုက်ခံရသူများတွင် လူလတ်ပိုင်းနည်းပြီး အသက်(၁၄)နှစ်မှ (၁၈)နှစ်အရွယ် ကျောင်းသားလူငယ်အများစုဖြစ်သည်။
တိုက်ထဲအရောက်တွင် ထုံးစံအတိုင်း ပုံစံထိုင်ရပြန်သည်။ ထောင်ပုံစံဆိုသည်မှာ ခြေဖျားထောက်၊ ခြေသလုံးနှင့်ပေါင်ကို မထိအောင်ကြွထား၍ ဆောင့်ကြောင့်ထိုင်ရပြီး ခေါင်းပေါ်လက်တင်ထားရသည့်ပုံစံဖြစ်သည်။ အရိုးကွဲအောင် ရိုက်နှက်ခံထားရသည့်သူအဖို့ ထိုထောင်ပုံစံကို ငါးမိနစ်ပြည့်အောင်တောင် မလှုပ်မယှက်မထိုင်နိုင်ကြ။ လှုပ်မိပါက ၀ါဒါများ၏ သံတိုင်ကြားက လက်ထိုးထည့်ရိုက်နှက်ခြင်းကိုခံရဖို့ တိုက်အ၀ကို နောက်ပြန်ဆုတ်ပေး၍ သံတိုင်နားသို့ ကပ်လာပေးရသည်။ အဆိုးဆုံးက ခြေသလုံးသားများ ကြွက်တက်ခြင်းဖြစ်သည်။ ကြွက်တက်သည့်လူကို ခေါ်ထုတ်ပြီး ခြေသလုံးကို နံပါတ်တုတ်ဖြင့် အချက်ငါးဆယ်လောက် ရိုက်ပစ်သည်။ သာယာဝတီဆောင်း၏ အအေးဒဏ်က ကဲရသည့်အထဲ၊ ရိုက်ခံရသည့် သွေးစိမ်းရှင်ရှင်ဒဏ်ရာတို့က နှိပ်စက်ရသည့်အထဲ ထောင်ဝါဒါများက ရေနှင့်ပက်၍ ညှဉ်းပန်းသည်။ အရိုက်ခံရသည့် ကိုးရက်လုံးလုံး ဆီး၊ ၀မ်းသွားဖို့ မိလ္လာမချခဲ့။
အချို့ဆို အရိုက်ခံရချိန်တွင် မစင်တွေပါ ထွက်ကျကုန်သော်လည်း မစင်ကျသည့်အပြစ်နှင့် ထပ်အရိုက်ခံရမည်ဆိုး၍ အသံမထွက်ဝံ့။ သန့်ရှင်းဆေးကြောဖို့ ဝေလာဝေး။ ထိုအခါ တစ်ရက်က နှစ်ရက်ဆိုလျှင်ပင် မစင်တွေမှ ပေါက်ဖွားသည့် လောက်တွေက တိုက်အတွင်း တဖွေးဖွေးဖြစ်လာပြီ။
‘‘ဒီဇင်ဘာ ၂၃ ရက်နေ့က ထူးခြားတယ်။ ထောင်တွင်းဘေးပတ်ပတ်လည်မှာ လော်စပီကာတွေ တပ်ထားတယ်။ သီချင်းတွေ ဖွင့်တယ်။ ထောင်ပတ်ပတ်လည်မှာ စစ်တပ်က ချီတက်တယ်။ သာယာဝတီက ဈေးတိုက်ထဲမှာ ကျွန်တော်အပါအ၀င် ထောင်ပြောင်း ၁၉ ယောက်ကို ဈေးတိုက်ထဲမှာထားတယ်။ ညနေပိုင်းမှ အလုပ်ဆန့်ကျင်တဲ့သူတွေကို ရက်ရက်စက်စက်ရိုက်နေတယ်ဆိုပြီး သတင်းပေးသလိုလိုနဲ့ အလုပ်တိုက်ပွဲထဲ ဆက်မလိုက်အောင် ၀ါဒါတွေက တားတာပေါ့။ ၂၄ ရက်နေ့ မနက်မှာပဲ ကျွန်တော်တို့ကို အလုပ်လက်ခံဖို့ စည်းရုံး၊ ခြိမ်းခြောက်တယ်။ လက်ခံသူကို မူရင်းဈေးတိုက်ပြန်ပို့ပြီး လက်မခံသူကို လက်မှတ်ရေးထိုးစေပြီး သာယာဝတီငရဲခန်းနှစ်ထပ်တိုက် ၃၊၄ကို ရက်ရက်စက်စက် ရိုက်နှက်ခေါ်ဆောင်သွားတာပါ။ ကျွန်တော်က လက်မခံတဲ့သူဆိုတော့ ၃၊၄တိုက်ကို ရောက်တယ်’’ဟု ထိုစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ပထမစည်းရုံးရေးအဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့သည့် ဦးတင်သန်းဦးကပြောကြားသည်။
ဦးတင်သန်းဦးတို့ နိုင်ကျဉ်းတစ်စုမှာ တိုက်ပွဲဝင် ၉၅ ဦးအနက် ကနဦးတိုက်ပွဲဝင်ခြောက်ဦး၊ နယ်ခံကျောင်းသား ၃၀ ဦး၊ ပြီးနောက် တိုက်ပွဲသို့ ဆက်လက်ပါဝင်လာခဲ့သူများဖြစ်သည်။ အလုပ်ဆန့်ကျင်တိုက်ပွဲကို ဖြိုခွဲချိန်တွင် အဓိကတာဝန်ရှိသူများက သာယာဝတီထောင်မှူးကြီးဦးမြင့်သန်း(ယခုအငြိမ်းစား)နှင့် ထောင်ပိုင်ဦးတင်မောင်လွင်(တိရစ္ဆာန်ဆေးကုဆရာဝန်)တို့ဖြစ်သည်။
ထိုစဉ်က သာယာဝတီထောင်ထဲတွင် နိုင်ကျဉ်းအယောက်သုံးရာခန့်ရှိသော်လည်း ကိုမင်းအောင်နှင့် နယ်ခံနိုင်ကျဉ်းတို့ အလုပ်ဆန့်ကျင်တိုက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၉၅ ဦးသာ ပါဝင်ခဲ့သည်။ နိုင်ကျဉ်းများ၏ နာကျင်စွာအော်ဟစ်သံများ အပြင်မထွက်အောင် ထောင်ဘူးတံခါးမှာ လော်စပီကာတွေဖြင့် သီချင်းတွေ ကျယ်လောင်စွာဖွင့်သည်။ ၀က်တွေအော်ဟစ်သံများထွက်အောင် ထောင်တွင်းမွေးထားသည့် ၀က်အကောင်ခြောက်ရာလောက်ကို ရိုက်နှက်သည်။ ရိုက်နှက်သံတွေ၊ အော်ဟစ်ညည်းညူသံတွေက သီချင်းသံနှင့် ၀က်အော်သံတွေကြား ပျောက်ကွယ်သွားသည်။
သို့သော် နိုင်ကျဉ်းကရင်အမျိုးသားတစ်ဦးဖြစ်သူ ကိုစောဝင်းစိုး ရုံးထုတ်စဉ် ပြင်ပမိတ်ဆွေတွေထံမှတစ်ဆင့် ထောင်တွင်းအလုပ်ဆန့်ကျင်တိုက်ပွဲကို ဖြိုခွင်းလိုက်သည့် ထောင်အာဏာပိုင်တို့လုပ်ရပ်မှာ ထောင်အပြင်ထိရောက်၍ နောက်ရက်များတွင် BBC သတင်းဌာနက ထုတ်လွှင့်သွားခဲ့သည်။
‘‘ကျွန်တော်တို့က အလုပ်မလုပ်ချင်လို့၊ ရေသာခိုချင်လို့ မလုပ်တာမဟုတ်ဘူး။ အစဉ်အလာနဲ့ ဥပဒေအရ ဆန့်ကျင်ရတာ။ ၁၈၉၄ အကျဉ်းထောင်လက်စွဲဥပဒေမှာ အကျဉ်းသားသုံးမျိုးရှိတယ်။ နိုင်ငံတော်အကျဉ်းသား၊ ပြစ်မှုအကျဉ်းသား၊ တရားမအကျဉ်းသား။အဲဒီ အကျဉ်းသားတွေကို ဘယ်လိုအုပ်ချုပ်၊ ကျွေးမွေး၊ အလုပ်ချလို့ ရ၊ မရ အကုန်ပါတယ်။ ကျွန်တော်တို့ အရမ်းခံစားရတာအဲဒါပဲ။ ကိုလိုနီခေတ်ကတောင် နိုင်ငံရေးအကျဉ်းသားတွေကို အဆင့်တွေခွဲပြီးထားခဲ့တယ်။ အခု မြန်မာကို မြန်မာက အုပ်ချုပ်တဲ့ခေတ်မှာ နိုင်ကျဉ်းတွေကို ဥပဒေမဲ့အလုပ်စေခိုင်းပြီး ဦးချိုးပစ်တယ်။ ဒါကြောင့် မမှန်ကန်ဘူးဆိုရင် ခေါင်းငုံ့မခံဘူး။ လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာ’’ဟု ဦးတင်သန်းဦးကပြောသည်။
လွတ်လပ်ရေးမရမီကတည်းက သာယာဝတီထောင်သည် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် နယ်ချဲ့ကိုလိုနီအစိုးရ၏ မတရားသည့်အမိန့်ကို ဖီဆန်ဆန့်ကျင်ခဲ့သူ ဆရာစံကဲ့သို့ အမျိုးသားခေါင်းဆောင်ကြီးကို အရှင်လတ်လတ်ကြိုးပေးသတ်ခဲ့သည့် ထောင်ဖြစ်သည်။ တောင်သူလယ်သမားအရေးတော်ပုံတပ်သားများကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ရိုးရိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းထောင်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီကို မတရားအသင်းကြေညာပြီးနောက် ပါတီဝင်အဖြစ် အဖမ်းခံခဲ့ရသည့် စာရေးဆရာကျော်မြသန်း သာယာဝတီထောင်ရောက်ချိန်တွင် အာဏာပိုင်တို့ ညှဉ်းပန်းနှိပ်စက်မှုကား ရက်စက်လွန်းလှကြောင်း ၎င်း၏စာပေဗိမာန်စာမူဆုရ ‘‘သာယာဝတီထောင်မှ ငရဲခန်းများ’’စာအုပ်တွင် ဖော်ထုတ်ရေးသားခဲ့သည်။ စာအုပ်တစ်နေရာတွင် သက်ကြီးရွယ်အိုများကို ညှဉ်းပန်းနှိပ်စက်ရာ၌ အသက်(၆၀)ကျော်သူများကို ရွေးထုတ်ပြီး ဘုရားရှိခိုးသည့်ပုံစံအတိုင်း လက်အုပ်ချီ၍ အမိန့်ပေးသည့်အခါ ညီညာစွာဖြင့် သြကာသကို သံပြိုင်ရွတ်၍ ယိမ်းကသလို ကခိုင်းခဲ့သည်ဟု ၎င်းကမှတ်တမ်းတင်ထားသည်။
၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ကား သာယာဝတီထောင်ဟေ့ဆိုလျှင် နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ရာ ထောင်အဖြစ် မြန်မာပြည်သူများ သိရှိနေပြီဖြစ်သည်။
န၀တစစ်အစိုးရလက်ထက် ပထမဆုံးသော ထောင်တွင်းအလုပ်ဆန့်ကျင်တိုက်ပွဲတစ်ဖြစ်လဲ နိုင်ငံရေးအကျဉ်းသားတို့၏ အကျဉ်းသားအခွင့်အရေးတိုက်ပွဲမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့သည်။ သေလောက်အောင် ညှဉ်းပန်းနှိပ်စက်သော်လည်း အသေခံ၍ နိုင်ကျဉ်းတို့၏ အခွင့်အရေးကို အောင်မြင်စွာ တိုက်ယူနိုင်ခဲ့သည်။ ကနဦး အလုပ်ဆန့်ကျင်ပွဲ စတင်ခဲ့သူခြောက်ဦးထဲမှ ပန်းချီရေဆေးဇော်မောင်တစ်ယောက်မှာတော့ ၂၀၁၃ ခုနှစ်တွင် မကွေး၌ ကွယ်လွန်ခဲ့ပြီဖြစ်သည်။
‘‘ကိုးရက်ပြည့်တော့ လျှော့ပေးလိုက်တယ်။ ကျဆုံးကုန်မှာစိုးလို့။ တိုက်ထဲမှာပဲထားတယ်။ နောက်ပိုင်း တိုက်ဖွင့်ပေးတယ်။ အလုပ်တော့ နည်းနည်းပါးပါး မြက်နုလောက်ပဲရှိတော့တယ်။ စာရေးဆရာ မြသန်းတင့်တို့တုန်းကလည်း သာယာဝတီငရဲခန်းဆိုတာ ဖြစ်တာပဲ။ အဲဒီလိုပုံစံကိုသိထားတော့ ဒီတိုင်းကြုံရမယ်ဆိုတာသိတယ်။ ဒါပေမဲ့ ခေတ်အခြေအနေချင်းကကွာတော့ ကိုယ်ခံရတာ ပိုပြင်းထန်ခဲ့တယ်’’ဟု ကိုမင်းအောင်ကဆိုသည်။
ထိုတိုက်ပွဲဝင် ၉၅ ဦးအနက် ယနေ့တွင် ၁၀ ဦးမှာ ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ကျန်ရဲဘော်များက တိုက်ပွဲ(၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ် ထောင်တွင်းတိုက်ပွဲခံစားချက်တို့ကို ယခုလကုန်တွင် ‘‘သာယာဝတီထောင်မှ ဒုတိယမြောက်ငရဲခန်း’’အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။
ယနေ့ ဒီမိုကရေစီအစိုးရဟု ကြွေးကြော်နေသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ထောင်တွင်းရိုက်နှက်ညှဉ်းပန်းမှုများ မရှိတော့ပါ။ ICRC အပါအ၀င် နိုင်ငံတကာလူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းအချို့ ထောင်များတွင်းသို့ ၀င်ရောက်လေ့လာခွင့်ရလာပြီဖြစ်သည်။
သို့သော် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေးရှုပြီး တိုင်းပြည်ရှေ့ဆက်သွားမည့်လမ်းကြောင်းကို ငဲ့ကွက်ခြင်း၊ ထောင်တွင်းခါးသီးဖွယ် အတွေ့အကြုံများကို ရှေ့တန်းတင်၍ ဂုဏ်ယူနေသည်ဟု ဝေဖန်မှုများကို မခံနိုင်ခြင်းတို့ကြောင့် ထောင်တွင်းအဖြစ်အပျက်များကို ပြန်လည်ထုတ်ပြောလေ့မရှိသော်လည်း စနစ်ဆိုး၏ သားကောင်ဖြစ်ခဲ့သော ထောင်အာဏာပိုင်တို့၏ တရားလက်လွတ်လုပ်ရပ်များကို ခေတ်စနစ်နှင့်အညီ ဖော်ထုတ်ရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးကပြောသည်။
‘‘ဒီတိုက်ပွဲဝင်စာအုပ်မှာပါတဲ့ ထောင်ပိုင်လေးဦးတင်မောင်လွင်ဆိုတာ အင်မတန်နာမည်ကြီးပါတယ်။ ကျွန်တော်နဲ့ ၂၀၁၂ မလွတ်ခင်လေးမှာ လွိုင်ကော်ထောင်မှာ ပြန်ဆုံခဲ့ပါတယ်။ အရင်ခေတ်ကြမ်းတမ်းမှုမျိုးမရှိတော့ဘူး။ ဒါပေမဲ့ စိတ်ဓာတ်တွေပြောင်းသွားပြီလားဆိုတော့ အဲဒီလိုတော့မဟုတ်ဘူး။ လွိုင်ကော်ထောင်ကို ကယန်းလူငယ်တွေ နိုးဗုတ်ကမ်ပိန်းနဲ့ ထောင်ကျလာတယ်။ သူတို့ကို မတရားအလုပ်ခိုင်းလို့ ကျွန်တော်က မလုပ်ဖို့ပြန်ပြောဖို့ပြောတယ်။ ကိုတင်မောင်လွင်က ခေတ်စနစ်နဲ့အညိ ဖိနှိပ်တတ်သေးတယ်။ ကလေးတွေ ထောင်ပြောင်းခံရတယ်။ ကျွန်တော် ထောင်ဝင်စာ သုံးလပိတ်ခံရတယ်။ ဒါပေမဲ့ အရင်လို ရိုက်လို့တော့မရတော့ဘူး။ ပြောချင်တာက များများရေး၊ များများဖော်ထုတ်မှသာ ဒီအကြောင်းတွေ လူတွေသိကြမှာပါ’’ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အများစုမှာ ၁၉၉၈ ခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်းအချို့ ၀င်ရောက်ခွင့်ပြုခဲ့ပြီးနောက် ယခင်က ထမင်းမ၀တ၀စားနေခဲ့ရာမှ အကျဉ်းသားများထမင်းကို စိတ်ကြိုက်အ၀စားခွင့်ရခဲ့ကြသည်။ ရိုက်နှက်ညှဉ်းပန်းမှု၊ မတရားအလုပ်စေခိုင်းမှုတို့ ဆက်ရှိနေသေးသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ထိုအကြမ်းဖက်မှုများလည်း မရှိတော့။ သို့သော် ယနေ့အချိန်ထိ နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသားအများစု ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်လုံလောက်စွာ မရရှိသေးပါ။ ထောင်တွင်း စာပေသင်ကြားမှုများပင် ရှိနေသော်လည်း ခေတ်အဆက်ဆက် အကျဉ်းသားအခွင့်အရေးကို လျစ်လျှုရှုခံရခြင်းများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ယနေ့ သာယာဝတီထောင်သည်လည်း တတိယငရဲခန်း မပေါ်ပေါက်စေလိုကြောင်း ဒုတိယမြောက်ငရဲခန်းက ပြန်လည်လွတ်မြောက်လာသည့် ယခုစာအုပ်ရေးသားသူတို့က မီးမောင်းထိုးပြလိုက်ပြီဖြစ်သည်။
7daydaily
No comments:
Post a Comment