Sunday, December 14, 2014
အခြေခံပညာ လေးတန်းကို သုံးကြိမ် သုံးလီကျော့၍ သင်ခဲ့သော ဟိုင်းကြီးကျွန်း တစ်နေရာက ကျွဲကျောင်း၊ ထမင်းချက် လယ်သူရင်းငှားလေး တစ်ယောက် ရန်ကုန်မြို့ပေါ်၌ သန်းကြွယ်သူဌေး ဖြစ်လာမည်ဟု မည်သူ ဟောကိန်းထုတ်ဝံ့မည်နည်း။ ပုံပြင်တော့ မဟုတ်ခဲ့ပါ။
အရင်းအနှီးဟူ၍ ငွေ၊ ပညာ စိုးစိမျှ မရှိသည့် လက်ဗလာဘဝဖြင့် စိတ်ဓာတ်ခွန်အားကို အရင်းတည်ကာ သန်းကြွယ်သူဌေး ဖြစ်လာအောင် ကြိုးစား ရပ်တည်ခဲ့သူက ရန်ကုန်မြို့တော် ခရီးသွားပြည်သူများ၏ မလှမ်းမကမ်းတွင် ရှိနေသည်။ ထိုသူက ရန်ကုန်မြို့တော်၌ ၄၈ အဲကွန်းဘတ်စ်များကို စွန့်စား၍ ပြေးဆွဲခဲ့သူ။ မြန်မာ့ပထမဆုံး အမျိုးသမီး ယာဉ်နောက်လိုက် အလုပ်ဖြင့် အမျိုးသမီးထုကို လက်တွဲခေါ်ဝံ့သူ။ ရန်ကုန်မြို့တော်တွင်း၌ ပြေးဆွဲနေသည့် ၄၈ အဲကွန်းဘတ်စ်နှင့် ၁၂၄ အထူးယာဉ်လိုင်းများ၏ အုံနာ ကိုတရုတ်လေးခေါ် ဦးသန့်ဇင်ဝင်းပင်။
အင်းစိန်ဘူတာက ဒူးယားသည်လေး
ကိုတရုတ်လေး၏ ကလေးဘဝ အစက မချောမွေ့ခဲ့။ ကိုတရုတ်လေးသည် အင်းစိန်ဇာတိ။ ငယ်စဉ်က အင်းစိန်မြို့နယ် အ.မ.က (၁၂) တွင် သူငယ်တန်းမှ လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ကျောင်းနေဖက် သူငယ်ချင်းများ မိဘရင်ခွင်၌ ချွဲနွဲ့နေချိန် ကိုတရုတ်လေးက ကျောင်းတစ်ဖက်နှင့် ဝမ်းစာရှာနေရပြီ ဖြစ်သည်။
“ကျွန်တော် အသက် ခုနစ်နှစ်လောက် ကတည်းက အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။ အင်းစိန် ဘူတာကြီးက ကျွန်တော် ဆေးလိပ် ရောင်းခဲ့တဲ့ နေရာပေါ့။ ကျွန်တော် မှတ်မိပါသေးတယ်။ အဲဒီတုန်းက ဖန်ပုလင်းတွေကို တစ်ပိုင်းဖြတ်ပြီး ဒူးယားနဲ့ ခပေါင်း စီးကရက်တွေ ထည့်ပြီးရောင်းခဲ့တာ။ အဲဒီတုန်းကတော့ ဒူးယားတို့၊ ခပေါင်းတို့က ခေတ်စားတယ်လေ။ ဆေးလိပ်တင် မကပါဘူး၊ အင်းစိန် ရပ်ကွက်ထဲတွေလည်း ရာသီပေါ် ကုန်စိမ်းတွေ လည်ပြီးရောင်းခဲ့ရတာပဲ” ဟု ကိုတရုတ်လေး တစ်ယောက် ငယ်ဘဝကို ပြန်၍ နှိုးဆွလိုက်သည်။
ကိုတရုတ်လေးတွင် ညီအစ်ကိုမောင်နှမ ခုနစ်ဦး ရှိသည်။ ကိုတရုတ်လေးသည် ဒုတိယမြောက် သားဖြစ်ရာ ငယ်စဉ်ကပင် အစ်ကိုကြီး ဖြစ်သူနှင့်တွဲကာ မိသားစုဝမ်းရေးအတွက် ရုန်းကန်ခဲ့ရသည်။ မိဘနှစ်ပါးသည် ကျန်းမာရေး မကောင်းသည့်အပြင် စီးပွားရေးပါ မပြေလည်ကြသူများမို့ ကိုတရုတ်လေးတို့ ညီအစ်ကိုနှစ်ဦးက ငယ်ရွယ်စဉ်ကပင် မိဘများ၏ ဝန်ကို ကူထမ်းခဲ့ရသည်။
စီးပွားရေး အဆင်မပြေသည့်ကြားက ကျောင်းပညာ ကြိုးစားသင်ခဲ့သော်လည်း ကိုတရုတ်လေး တစ်ယောက် ပညာရေးတွင်လည်း ကံခေခဲ့သည်။ အင်းစိန် အ.မ.က (၁၂) တွင် လေးတန်းတက်သည့်နှစ်၌ မိသားစု စီးပွားရေး အခြေအနေကြောင့် ဖခင်၏ ဇာတိဖြစ်သည့် ဟိုင်းကြီးကျွန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုနှစ်က အင်းစိန်မှ ကျောင်းပြောင်းလက်မှတ် မယူခဲ့နိုင်၍ ကျောင်းနားခဲ့ရသည်။
ထိုမှတစ်ဖန် တစ်နှစ်ခန့် အကြာတွင် ဟိုင်းကြီးကျွန်းမှ အင်းစိန်သို့ ပြန်လည် ပြောင်းရွှေ့ လာရပြန်သည်။ ထိုနှစ်တွင် ကျောင်းပြန်တက်ခွင့် ရခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းကြီး ဖြစ်ပေါ်လာ၍ မိသားစုလိုက် ဟိုင်းကြီးကျွန်းသို့ ပြန်ပြေးခဲ့ရသည်။ ဤသို့ဖြင့် ဟိုင်းကြီးကျွန်း၌ သုံးကြိမ်မြောက် လေးတန်းကို တက်ရပြန်ပြီ။
ကျွဲကျောင်း၊ ထမင်းချက်
မိသားစု စီးပွားရေးကြောင့် ရန်ကုန်နှင့် ဟိုင်းကြီးကျွန်းကို လူးလား ခေါက်တုံ့ ပြောင်းရွှေ့နေခြင်းကပင် ကိုတရုတ်လေး၏ ပညာရေးလမ်းစကို ဝေးသည်ထက် ဝေးစေခဲ့သည်။ “သူငယ်တန်းကနေ လေးတန်းအထိ သုံးကြိမ်သုံးခါတက်ပြီး နောက်ပိုင်းကျ အတန်းထဲမှာ ကျွန်တော်လည်း လူကြီး ဖြစ်နေပြီ။ လေးတန်းက လေးတန်းပဲဆိုတော့ ကျွန်တော် ကျောင်းတက်ရမှာလည်း ရှက်တာကတစ်ပိုင်း၊ မိဘတွေရဲ့ စားဝတ်နေရေးကလည်း အဆင်မပြေတော့ ကျွန်တော် အပြင်အလုပ်လုပ်ဖို့ အကြောင်းဖန်လာတော့ ကျောင်းထွက်ခဲ့ရတယ်” ဟု ကိုတရုတ်လေးက ဆိုလာသည်။
ဟိုင်းကြီးကျွန်း၌ ကျောင်းတက်နေစဉ်ကပင် နွေကျောင်း ပိတ်ရက်များတွင် ကျွဲကျောင်း၊ ထမင်းချက် အလုပ်နှင့် နေလှန်း ဆားလုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရသည်။ ကျောင်းထွက်ပြီးနောက် ပိုင်းတွင် ကိုတရုတ်လေးတစ်ယောက် လယ်သူရင်းငှားဘဝကို လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“အဲဒီတုန်းကတော့ ကျွန်တော်က လယ်ထဲမှာ ကျွဲကျောင်းထမင်းချက်။ ကျွန်တော်က ငယ်တဲ့ အခါကျတော့ ကျွဲကျောင်းရတယ်။ လယ်ထဲမှာ စာရင်းငှား ငါးယောက်၊ ခြောက်ယောက် ရှိမယ်ဆိုပါတော့ ထမင်းချက်ကျွေးရတယ်။ ကျွန်တော် အလုပ်ထဲကို စဝင်တဲ့ အချိန်တုန်းက ထမင်းမချက်တတ်လို့ လယ်ရှင်က ထမင်းချက်တော့ သင်ပေးခဲ့ရတာပေါ့။ ထမင်းချက်ရတယ်။ ကျွဲထွက်ကျောင်းရတယ်” ဟု ကျွဲကျောင်း၊ ထမင်းချက် လုပ်ငန်းတာဝန်များကို ကိုတရုတ်လေးက ရှင်းပြသည်။
မိုးရာသီတွင် ကျွဲကျောင်း၊ ထမင်းချက် လုပ်ခဲ့ရပြီး နွေရာသီ ရောက်ပြီဆိုလျှင် ကျွဲကျောင်း၊ တလင်းနယ်ရသည်။ ထိုစဉ်က ဟိုင်းကြီးကျွန်းဒေသ၏ လယ်သူရင်းငှား တစ်ဦးသည် တစ်ရာသီလျှင် စပါး ငါးတင်းနှင့် ငွေငါးရာကျပ် ရသည်။ မိုးနှင့်နွေ နှစ်ရာသီအတွက် ကိုတရုတ်လေး၏ လုပ်အားခသည် စပါးဆယ်တင်းနှင့် ငွေကျပ်တစ်ထောင်။
ဟိုင်းကြီးကျွန်းသည် ပင်လယ်ကို မေးတင်ထားသည့်ဒေသ။ ရေပတ်လည် ဝိုင်းနေသည့် နယ်မြေ။ ယင်းကြောင့် ကွန်ပစ်ငါးဖမ်း ရေလုပ်ငန်း အလုပ်ကိုလည်း ကိုတရုတ်လေးအတွက် မလွှဲရှောင်နိုင် လုပ်ခဲ့ရသည်။ ရွယ်တူ ကျောင်းသားများ ကျောင်းသွားနေချိန်တွင် ကိုတရုတ်လေးက ကွန်ပစ်၍ ငါးဖမ်းနေခဲ့ရသည်။
“ကျွန်တော်တို့ ငယ်စဉ်က ပင်လယ်ဘက်မှာ နေခဲ့ရတော့ ငါးဖမ်းတဲ့၊ ကွန်ပစ်တဲ့အချိန် ကျောင်းသားတွေက အစိုးရ တာပေါင်ကြီးပေါ်ကနေ ကျောင်းသွားတက်တာ မြင်ရတယ်။ ကျောင်းသားတွေ သွားနေပြီဆိုရင် အဲဒါကိုကြည့်ပြီး မျက်ရည်တောင် ကျခဲ့ရတယ်။ ကျောင်းတက်ချင်ရဲ့နဲ့ ကျောင်းမတက်နိုင်ခဲ့ဘူး။ အဲဒီအချိန် ကတည်းက ကျွန်တော် မာန်တင်းခဲ့တယ်” ဟု မျက်ရည်များ ဝေသီနေသည့် မျက်ဝန်းအစုံဖြင့် ကိုတရုတ်လေး ကျောင်းသားဘဝကို ပြန်လွမ်းနေသည်။
အသက် ၄၁ နှစ်အရွယ် တည်ငြိမ်အောင်မြင်သည့် လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေသည့်တိုင် ထိုစကားဆိုနေချိန်ခဏ မျက်ရည်များ ဝေ့ဝဲတက်လာသည့် ကိုတရုတ်လေး၏ မျက်လုံး အဓိပ္ပာယ်ကို ဖော်ကြည့်လျှင်ပင် မည်မျှအထိ ကျောင်းနေချင်ခဲ့သည်ကို ခန့်မှန်း၍ ကြည့်နိုင်သည်။
ကိုတရုတ်ကလေး ကဲ့သို့ ကျောင်းနေချင်ပါသော်လည်း မိသားစု စီးပွားရေး အခြေအနေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးသူငယ်များသည် မြန်မာနိုင်ငံတွင် မည်မျှရှိနေခဲ့ပြီနည်း။
ကမ္ဘာ့ကလေးငယ် ရှစ်ဦးတွင် တစ်ဦးနှုန်း အလုပ်လုပ်နေရသည်။ ထိုကလေးငယ်များတွင် ကိုတရုတ်လေးသည်လည်း အပါအဝင် ဖြစ်ခဲ့သည်။
ကိုတရုတ်လေး နေထိုင်ရာ မြန်မာနိုင်ငံတွင် မသင်မနေရ အခမဲ့ ပညာရေးစနစ် ကျင့်သုံးလျက် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးပေါင်း ကိုးသိန်းခန့် ရှိနေဆဲ။ နှစ်စဉ်လည်း ကျောင်းဝန်းကျင်ကို စွန့်ခွာနေရသည့် ကလေးပေါင်း ခြောက်သိန်းခန့် ရှိနေပြန်သည်။
ယာဉ်နောက်လိုက်ဘဝ အစ
ကျောင်းပညာရေးတွင် ကံခေခဲ့သူမို့ စီးပွားရေး ဘက်တွင်တော့ ခြေတစ်လှမ်း နောက်ကျကျန်ခဲ့၍မရ ဆိုသည့် အသိကို ရင်ဝယ်ပိုက်ကာ ဆယ်ကျော်သက်အရွယ် ကိုတရုတ်လေး တစ်ယောက် ရန်ကုန်မြို့တော်ဆီသို့ အရဲစွန့် ထွက်လာခဲ့သည်။
ဟိုင်းကြီးကျွန်း နယ်ဒေသလေးရှိ လယ်သူရင်းငှားဘဝကို ကျောခိုင်း၍ ရန်ကုန်မြို့တော်၏ ယာဉ်နောက်လိုက်ဘဝကို အစပျိုးခဲ့ရပြီ။ ကိုတရုတ်လေး ရန်ကုန်မြေသို့ ပြန်လည် ခြေချခဲ့သည့် ၁၉၉၀ ပြည့်နှစ်သည် ၈၈ ကျောင်းသား အရေးအခင်းကြီးပြီးစ အရာရာ ကျပ်တည်းကာ လူတစ်ယောက် ကျောတစ်နေရာစာ ချရေးခက်သည့်အချိန်။
“၁၉၉၀ ပြည့်နှစ်မှာ ရန်ကုန် စတက်လာပြီပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်တွေက ကြီးပွားချင်လို့ လုပ်ငန်းတစ်ခုခု လုပ်မယ်ဆိုပြီး တက်လာခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော် ရန်ကုန် တက်လာတဲ့အချိန်က ရန်ကုန်မှာ ကျောတစ်နေရာ စာကျဖို့ မလွယ်ဘူး။ ကျွန်တော့် ဆွေမျိုးသားချင်းတွေကလည်း ညီလေး ကျောတစ်နေရာစာ မလွယ်ဘူးလို့ ပြောကြတာပေါ့” ဟု ကိုတရုတ်လေး တစ်ယောက် ရန်ကုန်မြေ၏ ကြိုဆိုမှု အနေအထားကို ပြန်လည် ပြောပြလာသည်။
၁၉၉၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အထိ ဦးလေးဖြစ်သူ၏ ၃၆ BM ဘတ်စ်ကား ယာဉ်လိုင်းတွင် ယာဉ်နောက် လိုက်လုပ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အဆိုပါ ယာဉ်လိုင်း၌ပင် ယာဉ်စမောင်းခဲ့သည်။ ပင်ကိုဗီဇ အေးဆေး၍ အရှက်ကြီးသူမို့ ကိုတရုတ်လေးအတွက် ယာဉ်နောက်လိုက် အလုပ်က သဟဇာတ မဖြစ်ခဲ့ချေ။
“အမှန်တော့ ကျွန်တော် ဒီစပယ်ယာ ဆိုတဲ့အလုပ်ကို လုံးဝမလုပ်ချင်ဘူး။ ရှက်လည်း ရှက်တတ်တာကိုး။ ကျွန်တော် ငယ်စဉ်က ပုဆိုးကို ရှည်ရှည်ဝတ်တယ်။ အင်္ကျီကို လက်ရှည်ဝတ်တယ်။ အဲဒါ ရှက်လို့။ အင်္ကျီကြယ်သီး ဖြုတ်ရမှာကို ရှက်တယ်။ လူကြားထဲ အော်ရမှာကို ရှက်တယ်။ အဲဒီတော့ ဦးလေးက ပြောတာပေါ့၊ ငါ့တူ ဖြစ်ချင်တာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ရတယ်။ ကိုယ့်ဝမ်းရေးက အရေးကြီးတယ်။ မင်းအဲဒီလောက် ရှက်နေရင် ထမင်းငတ်မယ်ဆိုပြီး ဦးလေးက နေ့ဘက် မအော်ရဲရင် ညဘက်အော်ဆိုတော့ အော်ခဲ့ရတာပေါ့။ အမှန်ကတော့ လုံးဝမလုပ်ချင်ဆုံး အလုပ်ပဲ” ဟု ကိုတရုတ်လေးက ဖွင့်ဟလာသည်။
မလုပ်ချင်ဆုံး အလုပ်ကို ဘဝအရေးမို့ ကြိတ်မှိတ် လုပ်နေရသည့်တိုင် ကျောတစ်နေရာစာ အတွက်က မပြေလည်သေး။ ညဘက် ကျောတစ်နေရာစာအတွက် ကိုတရုတ်လေးသည် တောင်ဥက္ကလာရှိ အဒေါ်ဖြစ်သူ၏ အိမ်တွင် မှီခိုနေခဲ့ရသည်။ အစစအရာရာ ခက်ခဲကျပ်တည်းချိန်မို့ အဒေါ့် အိမ်ကလည်း အလိုမရှိခဲ့။ မလိုလားခဲ့ပေ။
အဒေါ်၏ ခင်ပွန်းသည် အမြဲတစေ သောက်စားမူးယစ် နေတတ်ပြီး ရန်ရှာတတ်သည်။ ထို့ကြောင့် ရန်ကုန်ညများက ကိုတရုတ်လေးအတွက် ခါးသီးခဲ့သည်။ ညဘက်များတွင် ကိုတရုတ်လေးသည် တောင်ဥက္ကလာ နန္ဒဝန်ဈေးနှင့် စာတိုက်ကြီး ဝန်းကျင်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အနာဂတ် ကြီးပွားရေးလမ်းစကို ရှာနေတတ်သည်။
“ကျွန်တော် စရောက်တဲ့အချိန် တောင်ဥက္ကလာမှာရှိတဲ့ အဒေါ်အိမ်မှာ ကပ်နေရတယ်။ မှီခိုနေရတယ် ဆိုပေမယ့် အမှန်တိုင်း ပြောရရင် သူတို့ကတော့ စားဝတ်နေရေးအတွက် လူပိုတစ်ယောက် ဖြစ်နေတော့ မထားချင်ဘူး။ ည ၁၂၊ ၁ နာရီအထိ ကျွန်တော် ရက်ပေါင်း လပေါင်းများစွာ မအိပ်ခဲ့ရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး ရက်ပေါင်းများစွာ တောင်ဥက္ကလာ နန္ဒဝန်ဈေးနဲ့ စာတိုက်ကို ခေါက်တုံ့ခေါက် ပြန်လျှောက်ရင်း စဉ်းစားခဲ့တယ်။ အဒေါ်ရဲ့ ယောက်ျားက ညတိုင်းမူးတယ်၊ မူးတိုင်း ပြဿနာရှာတယ်။ သူအိပ်ပြီဆိုမှ ကျွန်တော်က ပြန်ပြန်ဝင်အိပ်တယ်” ဟု ကိုတရုတ်လေးက ရန်ကုန်ညများ၏ ခါးသီးမှုကို ပြန်လည် ရင်ဖွင့်သည်။
ကံ အကျိုးယုံကြည်သူ
ရန်ကုန်ညများက ခါးသီးခဲ့သော်လည်း စိတ်ဓာတ် မကျခဲ့ပါ။ ကံကံ၏ အကျိုးကို ယုံကြည်ကာ အလုပ်အပေါ်တွင် သစ္စာရှိရှိ ကြိုးစားခဲ့သည်။ ယင်းသည်ကပင် ကိုတရုတ်လေး၏ ဘဝပြောင်းလဲရာ လမ်းစဖြစ်လာခဲ့သည်။
“ဟိုတုန်းက ယာဉ်ပိုင်ရှင်တွေက ယာဉ်လုပ်သားနဲ့ မိသားစုတွေ လိုနေတာ။ အဲဒီလိုဆိုတော့ တရုတ်လေး ကြိုးစားကွာ၊ ယာဉ်နောက်လိုက်ကနေ ယာဉ်မောင်းဖြစ်အောင် ကြိုးစား၊ ယာဉ်မောင်းကနေ ယာဉ်ပိုင်ရှင်ဖြစ်အောင် ကြိုးစားကွာ။ ယာဉ်မောင်း၊ စပယ်ယာဆိုတာ ယာဉ်ပိုင်ရှင်ဖြစ်ဖို့ အရမ်းကို နီးစပ်တယ်။ အရမ်းကို အခွင့်အရေး ရှိတယ်။ အဲဒီလို လူကြီးတွေက ကျွန်တော်တို့ကို နေ့ပေါင်းများစွာ ဆုံးမခဲ့တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က လိုက်နာပြီး ကြိုးစားခဲ့တယ်” ဟု ကိုတရုတ်လေးက ဆိုသည်။
အေးဆေးပြီး အလုပ်ကြိုးစားသူ ကိုတရုတ်လေးကို လုပ်ငန်း အပ်ချင်သူများ ပေါ်လာခဲ့ပြီ။ ကိုတရုတ်လေး၏ လုပ်ငန်း အရင်းအနှီးက အများသူငါလို ငွေကြေး မဟုတ်ခဲ့။ လုပ်ငန်းအပေါ် ထားသည့် စိတ်ထားတစ်ခုသာ အရင်းပြု ကြီးပွားလာခြင်း ဖြစ်သည်။
“၁၉၉၆ လောက်မှာ လိုင်းကားကို ၃၆ ဘီအမ်မှာပဲ သုံးနှစ်လောက် မောင်းတယ်။ ယာဉ်မောင်းဘဝနဲ့ ၁၀ နှစ် ၁၁ နှစ် လောက်ထိ လုပ်ခဲ့တယ်။ ကျွန်တော် ယာဉ်မောင်းဘဝမှာ လုပ်ငန်းရှင် အများအပြားက ယာဉ်တွေ လာအပ်တာပေါ့။ ကျွန်တော်က မန်နေဂျာပုံစံ၊ ပိုင်ရှင်ပုံစံ ဒီကားတွေကို အုပ်ချုပ်ခဲ့တာပေါ့” ဟု ကိုတရုတ်လေးက ယာဉ်လိုင်းပိုင်ရှင် ဘဝအစကို ရှင်းပြလာသည်။
ကံ ကံ၏ အကျိုးကို ယုံကြည်သူ ဗုဒ္ဓဘာသာဝင် တစ်ဦးပီပီ စေတနာကောင်းမှ ကံကောင်းမည်ဟု ကိုတရုတ်လေး တထစ်ချ လက်ခံထားသည်။ ယင်းကြောင့်ပင်လျှင် ကိုတရုတ်လေး၏ အလုပ် အင်တာဗျူးသည်ပင် စိတ်ဝင်စားစရာ။ မြန်မာနိုင်ငံတွင် ဤသို့ အင်တာဗျူးမျိုး လုပ်ငန်းရှင် အများစု စဉ်းစားမိဟန်မတူ။
“ကျွန်တော်သည် ဗုဒ္ဓဘာသာ လူမျိုးတစ်ယောက်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကံ ကံ၏ အကျိုး ကံနှစ်မျိုး ရှိတယ်။ ဒါကြောင့် ကျွန်တော် ကံငါးပါးကို အထူးလုံခြုံအောင် စောင့်ထိန်းတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ယာဉ်လုပ်သားတွေကိုလည်း စောင့်ထိန်းခိုင်းတယ်။ အလုပ်အင်တာဗျူးမှာ ဘုရားရှိခိုး ခိုင်းတယ်။ ငါးပါးသီလ ဆောက်တည်ခိုင်းကြည့်တယ်။ အဲဒါမှ မသိဘူး၊ မရဘူးဆိုရင် လုံးဝအလုပ်မခန့်ဘူး။ ဒါဟာ လူတိုင်းအတွက် အခြေခံ စောင့်ထိန်းရမယ့် ကျင့်ဝတ်ပဲ” ဟု ကိုတရုတ်လေးက ၎င်း၏ အလုပ် အင်တာဗျူးစနစ်ကို ရှင်းပြလာသည်။
လက်ရှိ ကိုတရုတ်လေး၏ စီမံအုပ်ချုပ်မှု အောက်တွင် မြို့တွင်း ပြေးဆွဲသည့် ယာဉ်အစီးပေါင်း ၅၀ ကျော်ခန့် ရှိသည်။ ထိုအထဲတွင် ၎င်းပိုင်မော်တော်ယာဉ်က ခြောက်စီး ပါဝင်သည်။ ၁၂၄ အထူးယာဉ်လိုင်းတွင် ယာဉ်အစီး ၃၀၊ ၄၈ အထူးယာဉ်လိုင်းတွင် ၁၃ စီးနှင့် ၁၉၉ ယာဉ်လိုင်းတွင် ၅ စီး ပြေးဆွဲလျက် ရှိသည်။ ယာဉ်လုပ်သား နှစ်ရာကျော်၏ မိသားစု ထမင်းအိုးသည် သူ့ပခုံးပေါ်တွင် ရှိသည်။
အင်းစိန်မြို့နယ် ဗိုလ်ခြံမှတ်တိုင်နှင့် ရွှေပြည်သာမြို့နယ် ပုလဲလမ်း၊ သီရိမင်္ဂလာ လမ်းသွယ်တို့တွင် ကားဘော်ဒီရုံများ တည်ထောင် လုပ်ကိုင်လျက် ရှိသည်။
ယာဉ်လုပ်သား ယာဉ်ပိုင်ရှင်ဖြစ်ရေး
ကိုတရုတ်လေး တစ်ယောက် ဘဝတူ ယာဉ်လုပ်သားများကို ၎င်းကဲ့သို့ ယာဉ်လိုင်းပိုင်ရှင်များ ဖြစ်လာစေရန်လည်း အစဉ်တစိုက် တွန်းအားပေးလျက် ရှိသည်။ ကိုတရုတ်လေးသည် ၎င်း၏ ယာဉ်လုပ်သားများအတွက် လုပ်ငန်း တည်ထောင်ရန် စုဆောင်းထားရှိမှုနှင့် ပတ်သက်၍ ဤသို့ ရှင်းပြလာသည်။
“ကျွန်တော် အရင်တည်းက ကျွန်တော့် အလုပ်သမားတွေကို ကျွန်တော် စည်းရုံးတယ်။ ငါတို့သည် လုပ်ငန်းရှင် သို့မဟုတ် ရှယ်ယာရှင် ဖြစ်ရမယ်။ တစ်ဖက်မှာ စားဝတ်နေရေး ဖြေရှင်းနေသလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်နေရမယ်။ တစ်နှစ်ပြည့်တဲ့အချိန် သေချာပေါက် ငွေသိန်းနှစ်ရာကျော် ရလို့ရှိရင် ဟွန်ဒိုင်း ၂၀၀၅ တစ်စီးမှ ၂၇၀၊ ၂၈၀ လောက်ပဲ ရှိပါတယ်။ အဲဒီတော့ လိုတဲ့ငွေကို ငါစိုက်ပေးမယ်။ မပူနဲ့။ အဲဒီတော့ ငါတို့စုပြီး ကားထောင်ကြမယ်။ အဲဒီတော့ မင်းတို့ ကြိုးစားကြ အချိန်တန်ရင် မင်းတို့ လုပ်ငန်းရှင် ဖြစ်ကိုဖြစ်ရမယ်၊ မဖြစ်လို့ မရဘူးဆိုပြီး ကျွန်တော် စီစဉ်ပေးထားတယ်”
အနာဂတ် ခရီးသွားလုပ်ငန်း ပြင်ဆင်သူ
အနာဂတ် မြန်မာ့ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည်လည်း အခြားနိုင်ငံများနည်းတူ မလွဲမသွေ တိုးတက်လာမည်ဟု ကိုတရုတ်လေး ယုံကြည်ထားသည်။ ယင်းကြောင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ယာဉ်လုပ်သားများကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ယာဉ်မောင်း သင်တန်းများ တက်ရောက်စေပြီး ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးလျက် ရှိသည်။
“ယာဉ်နောက်လိုက်ဆိုတာ ဘယ်တိုင်းပြည်မှ မရှိဘူး။ အကယ်၍ ဈေးကွက် စီးပွားရေးစနစ်အရ ယာဉ်လိုင်းတွေကို အဆင့်မြှင့်လိုက်မယ်ဆိုရင် ယာဉ်နောက်လိုက်ဆိုတာ ပျောက်သွားမှာ။ အဲဒီအခါကျ ကျွန်တော့်လူတွေ အလုပ်လက်မဲ့ မဖြစ်ရအောင် ခုကတည်းက အမျိုးသား၊ အမျိုးသမီး အားလုံးကို ယာဉ်မောင်း သင်ပေးတယ်။ လိုင်စင် လုပ်ပေးနေပါတယ်။ အလုပ်သမား ချမ်းသာမှ အလုပ်ရှင် ချမ်းသာမယ့် ခေတ်ကို ရောက်လာပြီ။ သူတို့ ကြီးပွားတိုးတက်မှ ကျွန်တော်တို့လည်း ကြီးပွားမှာပါ” ဟု ကိုတရုတ်လေးက လုပ်ငန်းနှင့် အလုပ်သမားများအပေါ် ထားသည့် ၎င်း၏ ခံယူချက်ကို ရှင်းပြသည်။
အများနှင့် တစ်ယောက်
ကမ္ဘာ့အလုပ်လက်မဲ့ နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ အသက် ၁၅ နှစ်မှ ၂၄နှစ်ကြား လူငယ်လူရွယ် ၇၅ သန်းခန့် အလုပ်လက်မဲ့ ဖြစ်နေသည်။ ထိုအထဲတွင် ဖွံ့ဖြိုးမှု အားနည်းသည့် မြန်မာနိုင်ငံက ထိပ်ဆုံးက ရပ်တည်နေမည်မှာ မလွဲ။
ထို့ကြောင့်သည်ပင် ကိုတရုတ်လေး တစ်ယောက် အများပိုင် ယာဉ်လိုင်းစနစ်ကို သွားချင်နေခြင်း ဖြစ်သည်။
လတ်တလော ကိုတရုတ်လေး တစ်ယောက် ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည့် အလုပ်က အများပိုင်ယာဉ်လိုင်း တည်ထောင်ရေး ကိစ္စပင်။ ဤသည်ကလည်း အလုပ်အကိုင်မဲ့ မြန်မာလူငယ်များကို အလုပ်အကိုင်များ ဖန်တီးပေးလို၍ ဖြစ်သည်။ အများပိုင် ယာဉ်လိုင်းစနစ် တည်ထောင်ဖြစ်ပါက တစ်ဖက်တစ်လမ်းက အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်မည်ဟုလည်း ကိုတရုတ်လေး ယုံကြည်ထားသည်။
တစ်နည်းဆိုရသော် ခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်ရေးကိုလည်း ရှေးရှုသည်ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်လိုင်းပိုင်ရှင် အများစုကတော့ လက်ရှိ အကျိုးစီးပွားကို ကာကွယ်လို၍ အများပိုင် ယာဉ်လိုင်း ထူထောင်ရေးကို ကန့်ကွက်လျက် ရှိကြသည်။
ရန်ကုန်မြို့တော်၏ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွင် မြို့တွင်း ပြေးဆွဲသည့် ယာဉ်အစီးပေါင်း ခြောက်ထောင်ကျော် ရှိသည့်အနက် ယာဉ်များ၏ ကြံ့ခိုင်ရေး အားနည်းချက်နှင့် နည်းဥပဒေ လုပ်ထုံးလုပ်နည်း အားနည်းချက် များကြောင့် တစ်ရက် ပြေးဆွဲနိုင်သည့် ယာဉ်အစီးရေက ၃,၅၀၀ ခန့်သာ ရှိသည်။
“ကျွန်တော့် ခံယူချက်က ရှင်းတယ်။ ခရီးသွားပြည်သူ စိတ်ချမ်းသာစွာ ပေးတဲ့ငွေပဲ ကျွန်တော် လိုချင်တယ်။ ခရီးသွား ပြည်သူအပေါ် စေတနာထားတဲ့သူ အောင်မြင်တာပဲ။ မအောင်မြင်ရတဲ့ အကြောင်းရင်းကလည်း လုပ်ငန်းအပေါ် ဝန်ဆောင်မှုတွေ ပျက်ကွက်နေလို့ မအောင်မြင်ကြတာပဲ” ဟု ကိုတရုတ်လေးက လက်ရှိ ရန်ကုန်မြို့တော်ရှိ ခရီးသွား ယာဉ်လိုင်းအချို့ ရပ်တည်ရန် ခက်ခဲနေခြင်း၏ အရင်းအမြစ်ကို ထောက်ပြသည်။
သို့သော် အများနှင့် တစ်ယောက်မို့ ကိုတရုတ်လေး၏ ရန်ကုန်မြို့တော် ခရီးသွားလုပ်ငန်း ပြောင်းလဲလိုမှုက ထင်သလောက် ခရီးပေါက်ရန် မလွယ်။ မည်သို့ပင်ဖြစ်စေ ကိုတရုတ်လေးကတော့ နောက်ဆုတ် လှည့်ပြန်မည်မထင်။
လေးသုံးလီ ကျော့ခဲ့သည့် ကိုတရုတ်လေးတစ်ယောက် ဘဝတူ ပညာမွဲ အလုပ်လက်မဲ့များကို ဟောကိန်း ထုတ်ချေပြီ။
“ပညာမတတ်လို့လည်း အားမငယ်ပါနဲ့၊ ငွေမရှိလို့လည်း စိတ်မပျက်ပါနဲ့။ ကိုယ့်အလုပ်ပေါ် စေတနာထား၊ တစ်နေ့ လုပ်ငန်းရှင် ဖြစ်ကိုဖြစ်မှာ မလွဲဘူးဗျ” ဟူ၍သာ။
မိုးခိုင်
The Voice Weekly
No comments:
Post a Comment