Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

နဂါး​ကျော့​ကွ​င်းေ​အာက်က အို​ဘယ့် အုတ်ကျ​စ်ကျော်ေ​အး

လောကဓံအလှည့်အပြောင်းရဲ့ အတက်အကျတိုင်းမှာ ဒဏ္ဍာရီထဲက ဖီးနစ်ငှက်တစ်ကောင်လို ပြန်လည်နိုးထ ရှင်သန်ခဲ့တဲ့မြို့လို့ စာရေးဆရာကြီး မြသန်းတင့် တင်စားခဲ့တဲ့ မန္တလေးမြို့ဟာ အခုတော့ ဒဏ်ရာဒဏ်ချက်တွေအောက်မှာ အလူးအလိမ့် ခံစားနေရပါပြီ။ နိုင်ငံရေးအရ ဘယ်တော့မှ နောက်မတွန့်ခဲ့တဲ့ အစဉ်အလာကြီးတဲ့ ဒီမြို့တော်ဟာ ပယောဂတွေနဲ့ ပတ်ကြမ်းတိုက်ခံနေရလို့ ကယောင်ကတမ်းတွေ ဖြစ်နေပြီလား။
ကုန်းဘောင်ဆက် မင်းတုန်းမင်း ၁၈၅၇မှာ ပန္နက်ချပြီး တည်ထောင်တော်မူခဲ့တဲ့ မြန်မာဆန်ဆန် ရပ်တည်ခဲ့တဲ့ မန္တလေးဟာ ရတနာပုံခေတ်ရဲ့ အထင်ကရ အဆောက်အအုံတွေ၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စုဝေးရာဌာနတစ်ခုလည်း ဖြစ်ပါတယ်။ ၁၈၈၅မှာ မြန်မာ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဘုန်းဘုန်းလဲကျဆုံးချိန်မှာတော့ မန္တလေးဟာ သူ့ကျွန်ဘဝရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ဖီနစ်ငှက်တစ်ကောင်လို ပြန်လည်နိုးထခဲ့တဲ့ ဒီမြို့ဟာ ဒုတိယကမ္ဘာစစ်ဒဏ်၊ စစ်အာဏာရှင် ဦးနေဝင်းလက်အောက် ၁၉၈၁နဲ့ ၁၉၈၄မှာ မြို့လုံးကျွတ် မီးသင့်ခဲ့လို့ ပြာပုံထဲရောက်ခဲ့ချိန်မှာတော့ မန္တလေးဟာ အားအင်ကုန်ခမ်း ချိနဲ့စပြုလာပါတော့တယ်။
ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်မှုတွေ ကုန်းကောက်စရာမရှိတော့လောက်အောင် မွဲပြာကျသွားခဲ့သလို မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နိုင်ငံတော်ရဲ့ နိဂုံးပိုင်းမှာ သွပ်တစ်ချပ်၊ ဘိလပ်မြေတစ်အိတ်တောင် ရဖို့ခက်ခဲချိန်မှာ လောကဓံတရားနဲ့ ဒုတ်ဒုတ်ထိတွေ့ပါတော့တယ်။
ခေတ်ပျက်ကြီးမှာ ပွဲလန့်တုန်း ဖျာခင်းခံလိုက်ရတဲ့ မန္တလေးဟာ မြန်မာစစ်တပ်ရဲ့ ချိုးနှိမ်မှုကို ကျောကော့အောင် ခံခဲ့ရသလို တစိမ်းတွေလက်ထဲ ဝကွက်အပ်သလို ထိုးထည့်ခံလိုက်ရတာမို့ နာကျင်စရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ လွမ်းမောစရာကောင်းလောက်အောင် ချွတ်ခြုံကျသွားခဲ့ပါတော့တယ်။
စစ်အစိုးရရဲ့သံလက်သီးတွေ ဖြေလျော့ချိန် ၂ဝ၁၁ကစလို့ သမ္မတဦးသိန်းစိန်ရဲ့ မိဘပြည်သူများခင်ဗျာဆိုတဲ့ ဂါထာအောက်မှာ မန္တလေးဟာ လူးလွန့်စပြုလာပါတယ်။ မျှော်လင့်ချက် ရောင်ခြည်တွေ သမ်းလာနေပေမယ့် တကယ်လက်တွေ့ရင်ဆိုင်လိုက်ရတာကတော့ မြေယာသိမ်းယူမှုတွေနဲ့ တရုတ်ကုမ္ပဏီတွေ အလုံးအရင်းနဲ့ မန္တလေးကို စီးနင်းလိုက်မှုပါပဲ။
မန္တလေးရဲ့မြင့်တက်လာတဲ့ နိုင်ငံရေးရေချိန်ကို အကြောလျှော့ဖို့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းကို ၂ဝ၁၄ ဇူလိုင်မှာ ဖန်တီးပြီး ကျုံးပတ်ပတ်လည်အနှံ ခြောက်ခြားမှုတွေဖြစ်အောင်ကို ခြောက်လှန့်ခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးဟာ ချောက်ကမ်းပါးထဲ ကျလုဆဲဆဲမှာပဲ အနှစ်နှစ်အလလက ချိုးခြေဖျက်စီးခံခဲ့ရတဲ့ စိတ်ဓာတ်နဲ့ မြို့သားတွေဟာ မီးတောက်ကြီးကို ဝိုင်းငြိမ်းသတ်ခဲ့ပါတယ်။ မန္တလေးဟာ တကယ့်ကို လက်တစ်လုံးအလိုအခြေအနေကို ရောက်ခဲ့ရပါတယ်။
မန္တလေးမြို့ကြီး တိုင်းတပါးသားတွေလက်ထဲရောက်အောင် တွန်းပို့ပေးတဲ့ စနစ်ဟာ အဓိကလက်သည်ပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးက စာပေပညာရှင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီစနစ်အောက်က လည်ပတ်နေတဲ့ တရားခံတွေကိုလည်း မြို့ခံတွေ ခွဲခွဲခြားခြား မြင်လာကြပါတယ်။ သမိုင်းအစဉ်အလာရှိတဲ့ ဖီးနစ်ငှက်လို ပြာပုံထဲကနေ ပြန်လည်နိုးထ ရှင်သန်မယ့် အုတ်ကျစ်ကျော်အေးဟာ အခုတော့ ဟန်ပြဒီမိုကရေစီအောက်မှာ မိန်းမောနေဆဲပါ။
http://kamayutmedia.com/indepth/lifestyle/2470

No comments:

Post a Comment