Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

ခေတ်သစ် ဆင်ဖြူများရှင် မင်းတရားကြီး

ခေတ်သစ် ဆင်ဖြူများရှင် မင်းတရားကြီး

မြန်မာတို့သည် အလွန်အယူသီးလွန်းသူများ ဖြစ်ကြသည်။ မြန်မာမှန်လျှင် ဗေဒင်၊ နတ်၊ ယတြာ၊ ဂမ္ဘီရပညာများကို ယုံကြည်သူများဟု ပြောစမှတ်ပင် ဖြစ်ခဲ့ရသည်။ ဗေဒင်ဆရာများကို မြန်မာဘုရားစေတီများ အပြင်ဘက်တွင်ဖြစ်စေ၊ ဘုရားပွဲများတွင်ဖြစ်စေ ဟောခန်းလေးများနှင့် တွေ့ရတတ်သည်။ မြန်မာအုပ်ချုပ်သူများပင်လျှင် ခေတ်အဆက်ဆက် ဗေဒင်ဆရာ၊ နတ်ဆရာ၊ ရှေ့ဖြစ်ဟော ဆရာတို့၏ အကြံဉာဏ်များဖြင့် တိုင်းပြည်အုပ်ချုပ်ခဲ့ကြသည်။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော အဂ္ဂိရတ်ဆရာများ၊ သိုက်ဆရာများ၊ အထက်လမ်း၊ အောက်လမ်း ဆရာဆိုသူတွေကလည်း ရှိသေးသည်။ လူတစ်ယောက်၏ ဘဝကို ထိုသူများ၏ လက်အတွင်းသို့ ရဲရဲတင်းတင်း ပုံအပ်ကြသူများလည်း ရှိခဲ့သည်။ အတိတ်ကောက်၊ နိမိတ်ကောက်တွေကိုလည်း ယုံကြည်ကြသေးသောကြောင့် နတ်ဆရာတွေ ကြီးကြီးပိုင်းအထိ နေရာရနေကြသည်။ အိုင်တီဆိုင်ရာ ပွဲများတွင်ပင် ငှက်ပျောပွဲ အုန်းပွဲများဖြင့် ပူဇော်ပြီးမှ အခမ်းအနား ဖွင့်တတ်ကြသည်။

ရေနစ်၍ လူသေလျှင်ပင် “လူစားသည်” ဟု ပြောတတ်ကြသည်။ နတ်တင်၊ နတ်မြှောက်ခြင်းများ အပြင် သူရဲကျွေး၊ ခေါစာပစ်ကာ ပရလောကကိုလည်း အယူသီး စွဲလမ်းတတ်ကြသည်။ တစ်ခုခု အောင်မြင်ချင်လျှင် ယတြာချေတတ်ကြသည်မှာလည်း အစဉ်အလာ ဖြစ်နေသည်။ လုပ်ငန်းမှန်သမျှ အခါတော်ပေးနေကြသည်က ဗေဒင်ဆရာတွေ ဖြစ်နေသည်။

တောနယ်တွင် နေထိုင်သူများသည် များသောအားဖြင့် အယူသီး၊ အစွဲအလမ်းကြီးသူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များထက် အခါတော်ပေးများ၊ ဗေဒင်ဆရာ၊ နတ်ဆရာတို့၏ အကြံဉာဏ်အတိုင်း လုပ်ဆောင်နေကြသည်မှာ အစဉ်အလာကဲ့သို့ ဖြစ်သည်။ လက်ထပ်ခြင်း၊ လုပ်ငန်းထူထောင်ခြင်း၊ လုပ်ငန်းအမည်ပေး၊ ကလေးအမည်ပေး အားလုံးလည်း ကိုယ်တိုင်မလုပ်။ ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးလိုက်ကြသည်က များသည်။ လုပ်ငန်းတစ်ခုခု ပျက်သုဉ်းခြင်း၊ ကျန်းမာရေး ညံ့ဖျင်းခြင်း၊ အကြံအစည် မအောင်မြင်ခြင်းများ ရှိလာလျှင်လည်း ငှက်လွှတ်ခြင်း၊ ရေအိုင်ထဲ လှေကားချခြင်း၊ လမ်းခင်းခြင်းများကို ပြုလုပ်တတ်ကြသေးသည်။

လုပ်ငန်းတစ်ခုခုတွင် လုပ်ကိုင်နေသူတစ်ဦးဦး ကွယ်လွန်လျှင် မိသားစုက အလုပ်ရှင်ထံ ခွင့်ပန်ပြီး အမိန့်ပြန်တမ်း လာဖတ်ခိုင်းခြင်းများ ပြုလုပ်တတ်သည်။ ထိုသို့ အမိန့်ပြန်တမ်း မဖတ်လျှင် သို့မဟုတ် သေသူနှင့်အတူ မထည့်ပေးလိုက်လျှင် သေသူသည် စိတ်အစွဲအလမ်းဖြင့် အလုပ်ခွင်သို့ နေ့တိုင်းသွားကာ နှောင့်ယှက်လိမ့်မည်ဟု ယူဆတတ်ကြသည်။

ပြည်သူတွေ အယူသီးသကဲ့သို့ တိုင်းပြည်အုပ်ချုပ်သည့် စစ်ဗိုလ်ချုပ်တွေလည်း အယူသီး အစွဲအလမ်းကြီးခဲ့ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၉ ဂဏန်းကို အစွဲအလမ်းကြီးသူ ဖြစ်သည်။ သူ့လက်ထက်တွင် အလွန်ခက်ခဲစွာ တွက်ချက်ရသည့် ၄၅ ကျပ်တန်၊ ၉၀ တန်များကို ထုတ်ခဲ့ခြင်းကြောင့် တိုင်းပြည် ဒုက္ခရောက်ခဲ့ရသည်။ ထို့ပြင် သူ့ကို ဆက်ခံသည့် စစ်ခေါင်းဆောင်များကလည်း နောက်ထပ် အာဏာသိမ်းသည့်နေ့မှာ စက်တင်ဘာ ၁၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးသည့်ရက်မှာ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်ဖြစ်သည်။ ၁၈ ရက်ရော၊ ၂၇ ရက်ပါ ၉ နှင့် စားလျှင် ပြတ်သောကိန်းများ ဖြစ်သည်။

ယခင် Burma ဆိုသည့် အခေါ်အဝေါ်ကိုလည်း Myanmar ဟူ၍ ပြောင်းခဲ့ခြင်းမှာ ဗေဒင်ကိန်းခန်းများအရ ပုရောဟိတ်ဆရာများ အကြံပေးချက်ကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များက Burma ဆိုသည်မှာ ကံမကောင်းဟု ယူဆခဲ့ကြသည်။ ထို့ပြင် ဗေဒင်ဆရာနှင့် နတ်ဆရာများ အကြံပေးချက်အရ ၂၀၀၅ ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် နာဂစ်မုန်တိုင်း ဖြစ်ပွားစဉ်က အစိုးရဌာနများ အပျက်အစီးက လွတ်သွားရသည့်အတွက် စစ်ဗိုလ်ချုပ်များသည် ဗေဒင်နတ်ဆရာများအပေါ် ပိုပြီးယုံကြည်မှု တိုးလာကာ သူတို့ပြောသမျှ လိုက်လုပ်ကြသည်က များသည်။

နေပြည်တော်သို့ ပြောင်းရွှေ့စဉ်ကလည်း မင်းပြောင်းမင်းလွဲ ရှိသည်ဆိုသော အပြောအဆိုများ ပေါ်ထွက်လာခဲ့သောကြောင့် မင်းပြောင်းရအောင် ကြံဆောင်ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗေဒင်ဆရာက အခါပေးသည့်အတိုင်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီ ၃၇ မိနစ်တွင် ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုနေ့ ထိုရက် အတိအကျ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ကျည်လုံမှန်ကာကားကြီးဖြင့် မန္တလေးသို့ ပြောင်းပြီဆိုသည့် သဘောဖြင့် ခရီးထွက်ခဲ့ကြောင်း ၂၀၀၇ ခုနှစ် စက်တင်ဘာလထုတ် The Times မဂ္ဂဇင်းတွင် Ben Macintyre က ရေးသားထားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးကို စတင်ယူကတည်းက ဗေဒင်ဆရာ အခါပေးများ၏ အကြံအစည်အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ ကို အချိန်ကောင်း၊ အခါကောင်းအဖြစ် သတ်မှတ်ကာ လွှဲပြောင်းလက်ခံယူခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ်ကလည်း နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးနုသည် မြန်မာနိုင်ငံတော်တွင် စစ်မီးငြိမ်းစေခြင်းငှာ သဲပုံစေတီပေါင်း ၆၀,၀၀၀ ကို မြန်မာပြည်အနှံ့ လိုက်လံတည်ခဲ့ကြောင်း တွေ့ရသည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေဝင်းကလည်း ဗေဒင်ဆရာ၊ နတ်ဆရာများကို အလွန်ယုံကြည်ကိုးကွယ်ပြီး ထိုသူများ ခိုင်းသည့်အတိုင်း လိုက်လံလုပ်ဆောင်လေ့ ရှိကြောင်း တွေ့ရသည်။ ၁၉၇၀ ပြည့်နှစ်က မြန်မာနိုင်ငံကို လက်ဝဲလမ်းစဉ် မလိုက်ဘဲ လက်ယာလမ်းစဉ်ကို လိုက်မှ အောင်မြင်မည်ဟု ဗေဒင်ဆရာများကပင် အကြံပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ လက်ဝဲတိမ်းနေသောကြောင့် ပျက်ကိန်းရှိကြောင်း ဗေဒင်ဆရာများက ဟောကြားသောကြောင့် ဗိုလ်ချုပ်နေဝင်းသည် ယတြာချေခြင်းကို ဆောင်ရွက်ခဲ့ရသည်။ သူ့ယတြာချေပုံမှာ တံတားပေါ်တွင် နောက်ပြန် မသာလျှောက် လျှောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာတို့အယူမှာ နောက်ပြန်လျှောက်ခြင်းသည် သေဆုံးသူများနှင့် မျက်နှာချင်းဆိုင် လျှောက်ခြင်းဖြစ်ပြီး မလျှောက်ကောင်းသော ဓလေ့ဟု ယူဆသော်လည်း ဗေဒင်ဆရာများ အခါပေးချက်အတိုင်း ဗိုလ်ချုပ်နေဝင်းက နောက်ပြန်လျှောက်ကာ ယတြာချေခဲ့သည်။ ထို့ပြင် ဦးနေဝင်းဘဝ အသက် ၉၀ အရွယ်တွင် အသက်ရှည်စေခြင်း အလို့ငှာ လင်းပိုင်တစ်ကောင်၏ သွေးဖြင့် ရေချိုးခြင်းကို အခါပေးသည့်အတိုင်း ပြုလုပ်ခဲ့သေးသည်။

၁၉၈၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံကို မျိုးဆက်သစ် စစ်ခေါင်းဆောင်များက စတင်စိုးမိုးအုပ်ချုပ်ခဲ့သည်။ ထိုစစ်ဗိုလ်ချုပ်များသည်လည်း ဗေဒင်၊ ယတြာ ယုံကြည်မှု အစွဲအလွန်ကြီးကြောင်း တွေ့ရသည်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင် စစ်ခေါင်းဆောင်များထက်ပင် အယူသီး အစွဲအလမ်း ကြီးသေးသည်။ နေပြည်တော်ကို အသစ်တည်ပြီး ရန်ကုန်မှ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဗေဒင်ဆရာများ၏ အခါပေးမှုကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစွဲအလမ်းကြီးသော ဂဏန်းမှာ ၁၁ ဖြစ် သည်။ သို့ဖြစ်ရာ သူ့လက်ထက်တွင် သူ့အား အတိုက်အခံ ပြုလုပ်ပြီး ဆန့်ကျင်သူများကို ထောင်ဒဏ် ၆၅ နှစ် ချသည်အထိ ရက်စက်စွာ ဆောင်ရွက်ခဲ့သည်။ ၆ နှင့် ၅ ပေါင်းခြင်း ရလဒ်မှာ ၁၁ ဖြစ်သည်။ ထို့ပြင် ထူးဆန်းသည့် အဆောင်များကိုလည်း ဆောင်ထားတတ်ပြီး မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရမည် ဆိုလျှင် အကြံပေး၊ အခါပေးတို့ ပြောသည့်အတိုင်း အားလုံး လိုက်လုပ်တတ်သည်။

၁၁ ဂဏန်းကို အစွဲအလမ်းကြီးသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အလိုအတိုင်း နေပြည်တော်သို့ ရွှေ့ပြောင်းရာတွင်လည်း ဝန်ကြီးဌာနပေါင်း ၁၁ ခုကို အမှတ် (၁၁) တပ်မက ဦးဆောင်ကာ ထရပ်ကား အစီးပေါင်း ၁၁၀၀ ဖြင့် နေ့လယ် ၁၁ နာရီအခါကိုယူပြီး ထွက်ခဲ့သည်လည်း ရှိခဲ့ကြောင်း တွေ့ရသည်။

ဗေဒင်နှင့် အခါပေးများကို ယုံကြည်ပြီး သူတို့ ပြောသည့်အတိုင်း လိုက်လုပ်တတ်သည်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပေ။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီသည်လည်း တိတ်တိတ်ပုန်း ဗေဒင်ဆရာများမွေးပြီး အခါတော် ပေးခိုင်းခဲ့ကြောင်း တွေ့ရသည်။ အင်ဒိုနီးရှား သမ္မတဟောင်း ဆူကာနိုနှင့် ဆူဟာတိုသည်လည်း နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်မည်ဆိုတိုင်း ဗေဒင်ဆရာများနှင့် တိုင်ပင်လေ့ရှိသည်။ သီရိလင်္ကာသမ္မတ ရာဂျာပါ့က်ဆာကလည်း ဗေဒင်ကို ယုံကြည်ကြောင်း ကိုယ်တိုင် ထုတ်ဖော်ကြေညာခဲ့သည်။ အာရှခေါင်းဆောင် အတော်များများကိုယ်တိုင် ဂမ္ဘီရပညာရပ်များကို ယုံကြည်ကိုးကွယ်ပြီး တစ်နည်းမဟုတ် တစ်နည်းဖြင့် ပတ်သက်နေကြသည်။ စင်ကာပူနှင့် ဟောင်ကောင်တို့တွင်ပင် ကံကောင်းသည်ဟု ယူဆထားသော အခန်းနံပါတ်များကို လုပ်ငန်းလုပ်ဆောင်သူများ ဈေးကြီးကြီးပေးကာ ဝယ်ယူနေကြရသည်။

အာရှသာမဟုတ် အနောက်နိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်ကြသည့် အဒေါ့ဖ် ဟစ်တလာ၊ ဝင်စတန်ချာချီ၊ ဖရင်ကလင်ရုစ်ဗဲ့၊ ချားစ် ဒီဂေါ၊ ဖရန်ဆွာ မီးထရောင်းနှင့် ဘရက်ဇညက်တို့သည်ပင် ဗေဒင်ယုံသူများ ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ ၁၉၈၈ ခုနှစ်တွင် အမေရိကန်သမ္မတ ရော်နယ်ရီဂင်ကိုယ်တိုင် သူ့ဇနီးဖြစ်သူ၏ ဗေဒင်ဆရာ စီမံပေးထားသည့် အချိန်ဇယားအတိုင်း လှုပ်ရှားသွားလာတတ်ကြောင်း တွေ့ရသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုသည့် အမည်ကိုလည်း စစ်ခေါင်းဆောင်များသည် အတိတ်ဆောင် နိမိတ်တဘောင်ဖြင့် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က နဝတ သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်ဖြင့် တစ်နိုင်ငံလုံး သူတို့လက်အောက်တွင် ငြိမ်ဝပ်ပိပြားနေစေရမည် ဆိုကာ လက်နက်ဖြင့် စိုးမိုးအုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်မှ တိုင်းပြည်ကို ထိန်းသိမ်းလာနိုင်ပြီဟု ယူဆသောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) ဟု အမည်ပြောင်းကာ ခေါ်ဝေါ်သုံးစွဲစေခဲ့သည်။

နယက အစိုးရ လက်ထက်တွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဆင်ဖြူတော်ကို အရူးအမူးဖြစ် ခဲ့ရပြန်သည်။ မြန်မာမင်းများ လက်ထက်ကတည်းက မင်းကောင်းမင်းမြတ်များ လက်ထက်တွင် ရှားပါးသည့် ဆင်ဖြူတော်ပေါ်ထွန်းလေ့ရှိသည့် အယူကို လိုက်ပြီး ဆင်ဖြူတော်ရှာကာ မြို့ပေါ်သို့ခေါ်ပြီး မင်းခမ်းမင်းနားဖြင့်ထား၍ ပူဇော်ပသထားမှုများကိုလည်း တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသည် သူ့ကိုယ်သူ မင်းကောင်းမင်းမြတ် တစ်ပါးဟု ယူဆထားသူ ဖြစ်သောကြောင့် ဆင်ဖြူတော်ကို မရမကရှာပြီး နေပြည်တော်သို့ပါ ယူဆောင်ကိုးကွယ်ထားခဲ့သူ ဖြစ်သည်။

ဆင်ဖြူတော်ပေါ်လာလျှင် မြတ်သည်ဆိုသော အယူအဆမှာ မြန်မာတို့၌သာ ရှိသည် မဟုတ်ပေ။ အိမ်နီးချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း ထိုအယူအဆများ ရှိခဲ့သည်။ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ဆင်ဖြူတော် ပိုင်ဆိုင်ရေးအတွက် ရှေးဘုရင်ခေတ်ကတည်းက စစ်မက်ပြိုင်ဆိုင်မှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ဆင်ဖြူများရှင်ဘွဲ့ကို ခံရသူအား အိမ်နီးနားချင်း တိုင်းပြည်များက မနာလို ဖြစ်ခဲ့ကြရသည်။ ဆင်ဖြူပိုင်လျှင် ဘုန်းတန်ခိုးသြဇာကြီးပြီး နိုင်ငံတိုင်းကို လွှမ်းမိုးနိုင်စွမ်း ရှိသည် ဆိုသော အယူအဆကြောင့် စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း ဆင်ဖြူများရှင်ဘွဲ့ကို ခံယူနိုင်ရန် ဆင်ဖြူ၊ ဆင် မဖြူ့တဖြူ၊ ဆင်ဖြူယောင်ယောင်များကို မင်ခမ်းမင်းနားဖြင့်ထားကာ မင်းတရားကြီးဘွဲ့ခံ နေပြည်တော်တွင် နန်းစံတော်မူခဲ့ပေသည်။

Ref: Superstitious Burmese

အယ်ဒီတာတစ်ဦး
- See more at: http://thevoicemyanmar.com/index.php/article/item/4977-kts#sthash.2vkuH3Im.dpuf

No comments:

Post a Comment