Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 11, 2014

သွေးနဲ့ရင်းတဲ့ ၀မ်းရေး - နော်ရာမောင်

သူ့ရဲ့လက်ကို ခဲတံချွန်တဲ့ ဓါးနဲ့လှီးပစ်လိုက်တဲ့ အခါမှာ လူတွေအကုန်လုံး ရုတ်တရတ် လန့်ဖြန့်သွားခဲ့ ရပါတယ်။ သူကတော့ ခပ်တည်တည်ပါပဲ၊ သွေးတွေ ဖြာခနဲကျလာနေတဲ့ သူရဲ့ လက်ခလယ်ကို ဆေးမြစ်တစ်ခုက ဆေးနဲ့ သိပ်ပြီး သွေးတိတ်အောင် လုပ်လိုက်ပြီး ဒဏ်ရာနဲ့ လက်ကို ပါတ်တီးကို သေချာပတ်ရင်းက ပါးစပ်ကနေလည်း

“ဟော့ဒီလို သွေးတွေ ဖြာခနဲကျချိန်မှာ ဟောဒီအမြစ်ရဲ့ ဆေးလေးကို လိမ်းလိုက်တာနဲ့ ဒီလိုပဲ ချက်ချင်း သွေးတိတ်သွားပါတယ် ခင်ဗျာ”လို့ ပြောကြားကာ သူ့လက်ထဲက ဆေးမြစ် တစ်ချို့ကို ခရီးသည်တွေ မြင်သာအောင် ပြလိုက်ပါတယ်။

ဒါတော့ ရန်ကုန်-ဒလ ကူးပေးနေတဲ့ မြစ်ကူး သဘောင်္ပေါ်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေး တစ်ခုပါ၊ အမှတ်တမဲ့ပေမယ့် ဒီလိုပြကွက်နဲ့ ဈေးရောင်းနေရသူ အတွက် အလွန်စိတ်မကောင်း ဖြစ်သွားမိပါတယ်၊ ဘယ်သူမဆို ကိုယ့်အသားနာမှာကို ကြောက်ကြတဲ့သူတွေချည်းပါပဲ၊ ဒါပေမယ့် သူကတော့ သူများနှင့်မတူ သူ့လက်ကို သူကိုယ်တိုင် လှီးဖြတ်ရင်း သူ့သွေးကို အရင်းပြုလို့ ဈေးရောင်းစားနေတာ မြင်ရသူ အတွက် ရင်တုန်ပမ်းတုန် ဖြစ်စေပြီး စိတ်မကောင်း ဖြစ်စေပါတယ်၊

ဈေးရောင်းသူ၏ အသက်က ငါးဆယ်ကျော်ခန့် ရှိနေပြီး သူ့ညာဘက် လက်ထဲမှာတော့ ရှည်မြောမြော ဆေးမြစ် တစ်ချို့နဲ့အတူ ခဲတံချွန်ဓါး အသစ်တစ်လက်ကိုလည်း အဆင်သင့် ကိုင်ထားပါတယ်။ သူ့ရဲ့ နှုတ်ကတော့ နွယ်မြတ် သစ်ပင် ဆေးဖက်ဝင်တဲ့ အကြောင်းတွေ၊ ရုတ်တရက် သွေးတွေ ဖြာထွက်ကာ ထိခိုက်မှုမျိုး ဖြစ်တဲ့အချိန်တွေမှာ ဆေးမြစ်ကို အသုံးပြုလိုက်တာနဲ့ ချက်ချင်း သွေးတိတ် စေတာတွေ၊ ဘယ်လို လူမျိုးတွေက ဘယ်အတွက် ၀ယ်ယူသင့်ပုံတွေကို ကရားရေလွှတ် ရွတ်ပြနေပါတယ်၊

သူကို သေသေချာချာ ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့လက်ခလယ်မှာ ပါတ်ထားတဲ့ ပါတ်တီးထူထူမှာ သွေးတွေ စိုရွဲလို့ နေပါတယ်၊ သူဟာ သူ့ရဲ့ ဆေးမြစ်တွေကို ဒီလို မြစ်ကူးသဘောင်္ပေါ်ကို ရံဖန်ရံခါသာ လာရောက် ရောင်းချလေ့ရှိပြီး အခြားအချိန်တွေမှာ ဘယ်နေရာမှာ သွားရောက် ရောင်းချနေတယ် ဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး၊ သူဟာ သူ့အလုပ်ပြီးတာနဲ့ နောက်သဘောင်္တစ်စင်းမှာ သူ့ပြကွက်ကို ပြသဖို့ အတွက် ခပ်မြန်မြန် ပြင်ဆင်ရင်း ထွက်သွားပါတယ်၊

သူ့ရဲ့လုပ်ရပ်မှာ နစ်မြောနေတာမို့ သူဆေးမြစ်တွေကို ဘယ်လောက်ဖိုး ရောင်းလိုက်ရတယ် ဆိုတာနဲ့ ဘယ်ဈေးနှုန်းနဲ့ ရောင်းချတယ် ဆိုတာကို တစ်ကယ်ပဲ မသိရှိလိုက်ရပါဘူး၊ ဒါပေမယ့် သူ့ပစ္စည်းလေးတွေ သိမ်းဆည်းတဲ့ အခါမှာတော့ သူ့ရဲ့ဓါးနဲ့ လှီးထားတဲ့ လက်ခလယ်လေးကို မထိခိုက်အောင် အတော်လေး ဂရုစိုက်နေတာကို သတိပြုမိခဲ့တာမို့ ရင်ထဲမှာ ဆို့နင့်နေအောင် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်၊

ကျွန်မတို့ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါများပြီး စိုက်သမျှ သီးနှံဖြစ်ထွန်းတဲ့ မြေသြဇာ ကောင်းမွန်လွန်းတဲ့ နိုင်ငံပါ၊ ဒီလို နိုင်ငံမှာ နေထိုင်နေရတဲ့ ကျွန်မတို့ နိုင်ငံသားတွေဟာ အစားတစ်လုပ် အတွက်၊ မိသားစု ၀မ်းရေးအတွက် ကိုယ့်ရဲ့ သွေးကိုတောင် ဖောက်ထုတ်ပြသပြီး ဈေးရောင်းစား နေရတာကို မြင်ရတာ အင်မတန်မှ ရင်နာစရာ ကောင်းလှပါတယ်၊ နိုင်ငံတော် အကြီးအကဲတွေ အဆင့်ဆင့် ပြောဆိုနေကြတဲ့ အောက်ခြေ လူတန်းစားများ အဆင်ပြေစေဖို့ အတွက်၊ အခြေခံ လူတန်းစားများ ကောင်းစားရေး အတွက်ဆိုတဲ့ စကားတွေဟာ အခုလို ပုံရိပ်တွေရဲ့ အောက်မှာတော့ အင်မတန်မှကို ရယ်ချင်စရာ ကောင်းနေပါတယ်၊ စီမံကိန်းတွေ ဘယ်လောက်ပင် ဆောင်ရွက်နေပါစေ ဘာမှတိုးတတ် ပြောင်းလဲမလာတဲ့ လူမှုဘ၀မှာ ဒီလိုမျိုး ရင်းပြီး ငွေရှာနေရတာတွေကို နိုင်ငံ အကြီးအကဲများ သိတောင် သိပါလေစ။

မြန်မာနိုင်ငံမှာ ယခုလို ဆိုးရွားစွာ အသက်မွေးဝမ်းကြောင်း နေရသူတွေ ဘယ်လောက်တောင် များနေပြီဆိုတာ မသိနိုင်ပေမယ့် ဒီထက်မက ဆိုးရွားစွာ အသက်မွေး နေရသူတွေလည်း များစွာ ရှိနေလိမ့်မှာတော့ အသေချာပါပဲ၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အောက်ခြေအထိ ထိရောက်အောင် မဆောင်ရွက်နိုင် သရွှေ့တော့ ပြည်သူများစွာမှာ ဖြစ်တည်နေတဲ့ ဒီလို ဒဏ်ရာ ဒဏ်ချက်တွေဟာလည်း ဘယ်တော့မှ အနာကျက်မြန်မှာ မဟုတ်ပါဘူး၊

အခုချိန်မှာတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် ကိုယ်ကိုယ်တိုင် ဘာမှ မလုပ်နိုင်သလို ဘာမှလည်း လုပ်ခွင့်မရှိတဲ့ ဘ၀ ဖြစ်နေတာမို့ မြန်မာနိုင်ငံကို အရင်းပြုပြီး စီးပွားရေး သောင်းကျန်းကာ ပျော်ရွင်နေကြတဲ့ စီးပွားရေးသမားတွေ၊ ခရိုနီတွေကို မြင်တိုင်း မြင်တိုင်းမှာ မြန်မာနိုင်ငံသားချင်း အခွင့်ရေးတန်းတူ ရှိမနေတဲ့၊ အခွင့်အရေး တန်းတူ မရနိုင်တဲ့၊ လူ့အခွင့်ရေးကို ကိုယ်တိုင် ကျေကျေ နပ်နပ်ကြီး ချိုးဖောက်နေရတဲ့ သွေးတိတ်ဆေးရောင်းတဲ့ ဦးလေးရဲ့ ပုံရိပ်တွေကိုသာ မြင်ယောင်ပြီး ရင်နာစေပါတယ်။
တစ်နေ့ ထမင်းသုံးနပ်စာနဲ့ မနက်ဖြန်တိုင်းအတွက် ကျောတစ်ခင်းစာ၊ နေစရာ တစ်နေရာတောင် မသေချာသေးတဲ့ အခြေနေတွေနဲ့ မြန်မာနိုင်ငံမှာ အခြေခံ လူတန်းစားများရဲ့ ဘ၀ဟာလည်း ဘယ်အချိန် ဘယ်ကာလမှာမှ ပြောင်းလဲလာနိုင်မယ်ဆိုတာ မသေချာသလို သွေးတိတ်ဆေး ရောင်းတဲ့ ဦးလေးကြီးရဲ့ လက်မှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ ဘယ်လောက်တောင် ထပ်ပြီး များလာဦးမယ်ဆိုတာ မသိနိုင်တော့ပါဘူး။ ။

No comments:

Post a Comment