Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 10, 2014

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ၊ ၁၇ ရက် - ဇော်သက်ထွေး


ထောက်လှမ်းရေး သတင်ေးပ ဖြစ်ခဲ့သည့် ဦးတင်ရွှေ (ခ) ဦးမျိုးချစ်အတွက် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆွယ်ပေးခဲ့ရသည့် လူ့ဘောင်သစ် ဌာနချုပ် ရဲဘော်များ

နိဒါန်း
ကမ္ဘာလောကကြီးတွင် အားကစားဂျာနယ် တစ်စောင်၏ အယ်ဒီတာချုပ် တစ်ယောက် အနေနှင့် နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်ရန် ကြံစည်မှုဖြင့် သေဒဏ်ကျခံခဲ့ရခြင်းသည် ထူးဆန်းသော သတင်း တစ်ပုဒ်ဟုဆိုသော် ရနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အားကစား သတင်းများကိုသာ ဖော်ပြလေ့ရှိသော ဂျာနယ် တစ်စောင်ကို တာဝန်ယူ ရေးသားနေသော်လည်း နိုင်ငံတော် သစ္စာဖောက်မှု ၁၂၂(၁)ဖြင့် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် တရားလိုအဖြစ် ဆောင်ရွက်လျက် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့သောကြောင့် ဖြစ်သည်။ ထိုပုဒ်မဖြင့် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ်ကျခံ ခဲ့ရသော်လည်း သေဒဏ်ချမှတ်ခြင်း၏ နောက်ကွယ်တွင် သြဇာအာဏာ ကြီးထွားနေသော ထောက်လှမ်းရေး အဖွဲ့၏ အကွက်ချ ကြံစည်မှုများ မရိုးသားဖွယ် တွေ့ရှိနေပါသည်။

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးတို့အား ဒီပဲယင်းမြို့နယ်ထဲတွင် အသက်အန္တရာယ် ထိခိုက်စေနိုင်သည်အထိ စီစဉ်တကျ လုပ်ကြံမှုအား ဖုံးလွှမ်းသွားစေရန် လည်းကောင်း၊ မီဒီယာ နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံရေးသမား လူထွက်များ ခေါင်းထောင် မလာစေရေး အတွက်လည်းကောင်း၊ ပြည်သူလူထု တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားသွားစေရန် အဖျက်အမှောင့် လုပ်ငန်းများ၊ ဗုံးခွဲမှုများကို ပြုလုပ်နေသူများမှာ  ဒီမိုကရေစီ အရေးကို တောင်းဆို ဆန္ဒပြနေကြသောသူများသာ ဖြစ်ကြောင်း ညွှန်းဆိုလိုသောကြောင့် ယခုအမှုအား ဖန်တီးလုပ်ကြံလိုက်ခြင်း ဖြစ်သည်ဟု ကျွန်တော့်ဘက်မှ အခိုင်အမာ ယူဆပါသည်။ ထိုယူဆချက် မှန်/မမှန်ကို ကျွန်တော်၏ ကိုယ်တွေ့ အဖြစ်အပျက်များအား လေ့လာစေ့ငုပြီး သုံးသပ်နိုင်စေရန် တင်ပြလိုက်ပါသည်။
ဇော်သက်ထွေး

၂၀၀၃ ခု ဇူလိုင်လ ၁၇ ရက်
“ဖြောင်း..ဖြောင်း..ဖြောင်း” ကြမ်းတမ်းသော လက်ဖ၀ါးဖြင့် ပါးကို ဘယ်ပြန်ညာပြန် အရိုက်ခံ လိုက်ရသည့် အတွက် ရှက်စိတ်ဖြင့် မွှန်ထူသွားခဲ့သည်။

ဖြစ်ပုံမှာ ကိုယ်ကိုယ်တိုင် ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေသော ဂျာနယ်ရုံးခန်းထဲတွင် လက်ထိပ် နောက်ပြန်ခတ်၊ ဒူးထောက် ထိုင်လျက် အနေအထားမှ ထောက်လှမ်းရေး ဗိုလ်မှူး တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပါသည်။

“ပြောစမ်း... ပြည်တွင်းထဲကို ဖောက်ခွဲရေးသမားတွေ ဘယ်လောက်ဝင်လာသလဲ။ မင်းတို့ ဘယ်နေရာတွေကို ဖောက်ခွဲမှာလဲ”

မျက်နှာတပြင်လုံး နာကျင်နေသည့်ကြားမှ သူ့မေးခွန်းတွေကြောင့် ရယ်ချင်သွားမိသည်။ မြန်မာ တစ်နိုင်ငံလုံးတွင် စောင်ရေ အများဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်သည့်  အားကစားဂျာနယ်ကို အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်နေသူကို ရန်ကုန်မြို့ အနှံ့အပြား၌ ဗုံးခွဲရန် စီစဉ်နေသည်ဆိုသည့် စွပ်စွဲချက်အတွက် မြန်မာနိုင်ငံ ထောက်လှမ်းရေး၏ ဆင်ခြင်တုံတရားနှင့် အသိဉာဏ်အပေါ် အများကြီး သနားမိသည်။

ထိုကျိုးကြောင်း မဆီလျော်သော မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိပေ။ ထိုစဉ်က ရုံးခန်း တည်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းပေါ်ရှိ ယုဇနတာဝါ၊ ၅လွှာတွင် ကမ္ဘာပျက်သောနေ့ တစ်နေ့အဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။ တပ်မတော် ထောက်လှမ်းရေးမှ ရုံးခန်းကို ၀င်ရောက် စီးနင်းပြီး ၇၀ ကျော် ၈၀ ခန့်ရှိသော ၀န်ထမ်းများမှာ ကြမ်းပြင်ပေါ်သို့ ဆင်းထိုင်ပြီး ခေါင်းများ ငုံ့ထားရသည်။ လူ ၃၀ခန့်ရှိသော ထောက်လှမ်းရေး တပ်ဖွဲ့များက ရုံးခန်း အတွင်းရှိ ဗီဒိုများ၊ ကွန်ပျူတာများ၊ စာရင်းဇယားများကို ရှာဖွေ မွှေနှောက်နေကြသည်။ ဒါရိုက်တာ အဖွဲ့ အခန်းထဲတွင် CEO အပါအ၀င် ဒါရိုက်တာ အားလုံး ရှိနေကြသည်။ ရုံးထဲတွင် ထောက်လှမ်းရေး အကူ (၂)မှ ဗိုလ်မှူး ရဲရင့်ဝင်း နှင့် ဗိုလ်မှူး လေးနိုင်တို့ ဦးဆောင်ပြီး ကျွန်တော့်ကို စစ်ဆေးနေကြခြင်း ဖြစ်သည်။

တစ်နှစ်ပြည့်မင်္ဂလာ
၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့သည် ကျွန်တော်တို့ ဇနီးမောင်နှံ၏ အိမ်ထောင်သက် တစ်နှစ်ပြည့်မြောက်သောနေ့ ဖြစ်သည်။ ထိုနေ့က မအားလပ်၍ ဇူလိုင် ၁၆ရက်နေ့ရောက်မှ ရုပ်ရှင်နှင့် စာပေနယ်မှ အပေါင်းအသင်း တချို့နှင့် နိုင်ငံရေး နယ်ပယ်မှ မိတ်ဆွေတချို့ကို ဖိတ်ခေါ်ပြီး ညစာ ကျွေးခဲ့သည်။ ထုံးစံအတိုင်း အကျွေးအမွေးအပြင် အသောက်အစားများပါ ပါခဲ့၍ နောက်တစ်နေ့ အိပ်ရာမှ ထသောအခါ ခေါင်းတစ်ခုလုံး မူးနောက်နေသည်။

သို့သော် ဂျာနယ်ဖောင်ပိတ် ရမည့်နေ့ မဟုတ်၍ အလောသုံးဆယ်နိုင်စရာ အကြောင်းမရှိ။ တာမွေ အ၀ိုင်းထိပ်ရှိ တိုက်ခန်းတွင် နေထိုင်ခြင်း ဖြစ်၍ ရုံးသို့ ၁၀ မိနစ် အတွင်း အရောက်သွားနိုင်သည်။ ထိုနေ့နံနက်က ကြိုးနှင့်ချိတ်ပေး သွားခဲ့သော သတင်းစာကို ဆွဲယူကာ အေးအေးဆေးဆေးဖတ်သည်။  ဇနီးဖြစ်သူ ကြော်ကျွေးသော ထမင်းကြော်ကို စားသည်။ ၉ နာရီ ထိုး၍ တိုက်အောက်ဘက်သို့  လှမ်းကြည့်လိုက်သောအခါ လာကြိုနေသော ရုံးကား တိုယိုတာ ကိုရိုလာ ၂က/------ကို မောင်းလာသည့် တပည့်ကျော် မင်းမင်းက အဆင်သင့် စောင့်နေလေပြီ။ ဇနီး ဖြစ်သူ ပြင်ဆင်ပြီးသည် အထိ ၁၅ မိနစ်ခန့် စောင့်နေရသေးသည်။ သူကလည်း သူ့ဂျာနယ်တိုက်သို့ သွားရမှာ ဖြစ်သည်။ ၉ နာရီခွဲတွင် ဇနီးဖြစ်သူ၏ Living Color မဂ္ဂဇင်း တည်ရှိရာ မြေနီကုန်း မပိုလမ်းသို့ မောင်းလာခဲ့သည်။ ရုံးရှေ့ ရောက်သောအခါ ဇနီး ဖြစ်သူက ဆင်းသွားသည်။ သူ့ကို လက်ထောင်ပြကာ “ညနေ ပုံမှန် အတိုင်းပဲနော်”ဟု ပြောတော့ ခေါင်းညိမ့်ပြပြီး ရုံးခန်းပေါ်သို့ တက်သွားသည်။ ထို့နောက် ဆရာ တပည့် နှစ်ယောက် ရုံးတည်ရှိရာ ရွှေဂုံတိုင်သို့ ရောက်လာခဲ့ကြသည်။

ဂျာနယ်ထွက်ရက် ဖြစ်နေ၍ အလုပ် သိပ်မရှုပ်ဘဲ ပုံမှန်အတိုင်း ရှိနေသည်။ CEoက Strait Times ဖတ်နေသည်။ ၁၂ နာရီခန့်လောက်တွင် ရုံးအောက်ထပ် ထမင်းဆိုင်သို့ ရောက်နေကြသော အယ်ဒီတာတွေက ထမင်းစားဖို့ လှမ်းခေါ်သည်။ တယ်လီဖုန်းလေး ကိုင်ရင်း ဓာတ်လှေကားနှင့် အေးအေးဆေးဆေး ဆင်းသွားသည်။ ဓာတ်လှေကားမှ အထွက်တွင် စတစ်အင်္ကျီ အဖြူကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော ဗလ တောင့်တောင့်နှင့် လူတစ်ယောက်ကို ဆုံမိသည်။ သူက ကျွန်တော့်ကို အကဲခတ်သလို တစ်ချက်ကြည့်ရင်း

“ဆရာဇော်သက်ထွေးလား”

ကျွန်တော် ခေါင်းညိတ်ပြ လိုက်သည်။ ဆက်လက်၍ သူက

“ကျွန်တော့်ကို လေတပ်က ဗိုလ်မှူး သက်ထွန်းဇော်က လမ်းညွှန်လိုက်လို့ပါ။ ဂျာနယ်ထုတ်ချင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ကို နည်းနည်း မေးစရာလေးတွေ ရှိလို့”

ကျွန်တော်က  “ရပါတယ်။ လာလေ ကျွန်တော့်ရုံးခန်းကို သွားကြရအောင်”ဟု ပြောပြီး ဓာတ်လှေကားထဲသို့ သူနှင့်အတူ ပြန်ဝင်လိုက်သည်။ ထူးထူးခြားခြား ဓာတ်လှေကားထဲတွင် အခြား မည်သူမှမပါ။ ဓာတ်လှေကားထဲ ရောက်ပြီး စက္ကန့် အနည်းငယ် အကြာတွင် သူက ရုတ်တရက် ကျွန်တော့် အင်္ကျီကို ဆောင့်ဆွဲပြီး ဓာတ်လှေကား နံရံနှင့် ဖိကပ်ထားလိုက်သည်။

“မင်းကို ဂျာနယ်အကြောင်း မေးဖို့မဟုတ်ဘူးကွ။ မင်းတို့ ဖောက်ခွဲရေးသမားတွေကို ဖမ်းဖို့လာတာ”

သူ့စကား ဆုံးဆုံးချင်း ဓာတ်လှေကားမှာ ၅လွှာသို့ရောက်ပြီး ပွင့်သွားသည်။ ဓာတ်လှေကားရှေ့ နှင့် ရုံးခန်း တစ်ဝိုက်တွင် စကား ပြောစက်များ ခါးတွင်ချိတ်ထားသော အရပ်ဝတ်နှင့် ထောက်လှမ်းရေး ၃၀ ခန့်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို တွေ့လိုက်ရသည့် အတွက် နေချင်စဖွယ် ဖြစ်နေသည့် ကျွန်တော်၏ ကမ္ဘာသည် ရုတ်ချည်း ငရဲတမျှ ပူလောင်ပွက်လောရိုက် သွားခဲ့ရသည်။
ရှေ့တစ်ပတ်ဆက်ရန်

ဇော်သက်ထွေး
http://www.tomorrow.com.mm/?q=articles/1225


No comments:

Post a Comment