Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 11, 2014

သိစေချင်တာတွေ - ၃

ဓါတ်ပုံ - MOI Webportal Myanmar

ပညာရေး ၀န်ကြီး ဌာနက အမျိုးသမီး ဆောင်တွေဖြစ်တဲ့ မာလာဆောင်နဲ့ သီရိဆောင်တွေကို ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို စည်ကားစွာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ GTU News Facebook Page မှာလည်း တင်လာတာကို တွေ့ပါတယ်။ အဲဒီကိစ္စရပ် တွေပေါ်မှာ မူတည်ပြီး ယခုဆောင်းပါးကို ရေးသွားပါမယ်။

စာရေးသူအနေနဲ့ ဒီစာတမ်းမှာ ပြောချင်တာ အချက် သုံးချက်ရှိပါတယ်။

ပထမအချက်ကတော့ အဆောင်ကိစ္စရပ်တွေပါ။ ယခု အချိန်မှာဆိုရင် ပညာရေးဝန်ကြီးဌာနအပါအ၀င် တက္ကသိုလ်အသီးသီးကို စီမံခန့်ခွဲခွင့်ရှိတဲ့ ၀န်ကြီးဌာနတွေအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေကို အဆောင်ပေးနိုင်ဖို့ စီစဉ်နေတာတွေကို တွေ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်လို ကျောင်းဟောင်းတွေသာမက နောက်မှဖွင့်လှစ်တဲ့ တက္ကသိုလ်တွေလည်း စီမံချက်တွေချမှတ်ပြီးတော့ အဆောင်တွေ နေထိုင်ခွင့်ပြုနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပေးလည်းပေးနေတာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကတည်းကပါ။ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်က တက္ကသိုလ်တွေကတော့ COE အမည်ခံ အချို့ကလွဲလို့ ပေးနိုင်အောင် လုပ်ဆောင်နေတာတွေ လုံးဝမတွေ့ရသေးပါဘူး။ COE ကျောင်းတွေဖြစ်တဲ့ YTU, MTU, UCSY, UCSM ပဲအဆောင်ပေးနိုင်သေးတာပါ။ MAEU နဲ့ UT(YCC) မှာ ကျောင်းသားကျောင်းသူတွေ အဆောင်မပေးနိုင်သေးပါဘူး။ ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းသားကျောင်းသူဆောင်များ တည်ဆောက်ရေးလုပ်ငန်းတွေ တင်ဒါ ခေါ်ထားတာတွေ တွေ့ရပေမယ့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်တွေမှာ ဘာကျောင်းသား ကျောင်းသူဆောင်မှ တင်ဒါခေါ်တာ မတွေ့ရသေးပါဘူး။ ဘယ်နှစ်မှာ ဘယ်ကျောင်းတွေကို အဆောင်ပေးနိုင်မယ်ဆိုတဲ့ Plan and Strategy မရှိသေးပါဘူး။ ပိုပြီးဆိုးတာက ယခုပညာသင်နှစ်ဖြစ်တဲ့ ၂၀၁၄-၂၀၁၅ ကျောင်းသား လက်ခံပုံစနစ်အရဆိုရင် နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ အလွန်ကို ဝေးလံနေရာတွေမှာ ကျောင်းသွားတက်ဖို့ ခွဲဝေချထားခြင်းခံရပါတယ်။ ရန်ကုန်က ကျောင်းသားတွေက မြိတ်၊ ကျိုင်းတုံ လိုနေရာမျိုးတွေက TU တွေမှာ  သင်တန်းတက်ရောက်ခွင့်ရနေတာတွေ များနေပါတယ်။ အဆိုပါ ကျောင်းသားများအတွက် တက္ကသိုလ် အနေနဲ့က အဆောင်စီစဉ်ပေးနိုင်ခြင်းမရှိတော့ တော်တော်လေး ဒုက္ခရောက်မယ့် အနေအထားပါ။ ဒီလိုစီစဉ်ခွဲဝေချထားခဲ့သူတွေ တာဝန်ယူပြီးတော့ ကျောင်းဆောင်ကိစ္စစီစဉ်ပေးသင့်တာပါ။

ကျောင်းဆောင်နဲ့ ပတ်သက်ပြီးတော့ နောက်တစ်ချက်က အကယ်၍သာ သမိုင်းဝင်းထဲက အဆောင် ခြောက်ဆောင်သာ YTU ပိုင်ဖြစ်နေသေးရင် WYTU, TU(သန်လျင်)နဲ့ TU(မှော်ဘီ)တို့က ကျောင်းသားတွေကို အထိုက်အလျောက် အဆောင်နေရာ စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်။ အခု သီရိဆောင်ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသူထားသလိုမျိုးပါ။ အခုကတော့ အဆောင်တွေကို စနစ်တကျစီမံခန့်ခွဲနိုင်မှုမရှိခဲ့တဲ့အကျိုးဆက်ပါ။ တာဝန်ရှိသူတွေ တာဝန်မသိကြလို့ ဖြစ်ရတာပါ။

ဒုတိယအချက်ကတော့ သင်ထောက်ကူ၊ Lab၊ နဲ့ စာကြည့်တိုက်ဆိုင်ရာ ကိစ္စရပ်တွေပါ။ ဒါတွေကလည်း ရေးသားသူတွေရှိလို့ မကြာခဏ ဖတ်ရှုကြားသိနေရပါတယ်။ သင်ထောက်ကူပစ္စည်းများနှင့် စာအုပ်စာတမ်းများ ၀ယ်ယူရေးကိစ္စ၊ Lab ပစ္စည်းများဝယ်ယူရေးကိစ္စနှင့် စာကြည့်တိုက်တွင် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ၀ယ်ယူရေးကိစ္စရပ်များကို ဆောင်ရွက်ပါက သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များပါဝင်သင့်ပါသည်။ သို့မဟုတ်ဘဲ ရရှိသောဘဏ္ဍာငွေအရ အချိုးကျဖြတ်တောက်ခြင်းများမှာ မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ဖြစ်လည်းဖြစ်နေပါသည်။ (ဥပမာ Lab လိုအပ်ချက်အရ ပစ္စည်း ၈ မျိုးတင်ရာ ၂ မျိုးကို ဖြတ်တောက်ခွင့်ပြုသဖြင့် ကျန် ၆ မျိုးမှာ မည်သည့်လုပ်ငန်းမျှ ဆောင်ရွက်၍ မရခြင်း) သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်ရည်ညွှန်းစာအုပ်များလည်း ထိုနည်းလည်းကောင်းဖြစ်နေပါသည်။

တတိယအချက်မှာ သမိုင်းမှတ်တမ်းပျောက်ကွယ်ခြင်းကိစ္စရပ်ဖြစ်ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ် နဲ့ ကွန်ပျူတာတက္ကသိုလ် တက္ကသိုလ်သုံးခုနဲ့ စက်မှုလက်မှုသိပ္ပံတွေကို မူလ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုကနေ ၁၉၉၆ အောက်တိုဘာမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်ကို ရွေ့လိုက်ပါတယ်။ အဲဒီင်္နောက်ပိုင်းမှာတော့ စက်မှုနဲ့နည်းပညာဆိုင်ရာ အတတ်ပညာရေးဟာ ဘယ်အခြေအနေကို ရောက်ရှိသွားတယ် ဆိုတာ ပြောပြနေစရာလိုမယ်မထင်ပါဘူး။ ၂၀၀၀ နဲ့ ၂၀၀၅ ၀န်းကျင်က တချို့သော ကုမ္ပဏီတွေက အလုပ်ခေါ်တဲ့ ကြော်ငြာမှာ ၁၉၉၆ ရှေ့ပိုင်း GTI လက်မှတ်ရများ ဖြစ်ရမည်ဆိုတာမျိုးအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရတော့တဲ့ မှတ်တမ်းမှတ်ရာတွေပါ။ GTI တွေကိုလည်း နံမည်ကျော် GTI နှစ်ခုဆိုရင် ဘယ်လိုတွေ လွှဲပြောင်း ပေးခဲ့သလဲမသိအောင်ဖြစ်ခဲ့ရလို့ အခုဆိုရင် အင်းစိန် GTI၊ မန္တလေး GTI တွေ ဘယ်လို အခြေအနေတွေ ဖြစ်နေတယ်ဆိုတာကို အားလုံးသိပါတယ်။ ထို့အတူ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကမြန်မာနိုင်ငံ၏ ကွန်ပျူတာပညာရေးကို အစပြုခဲ့ရာ UCC မှသည် ကွန်ပျူတာတက္ကသိုလ်အခြေတည်ရာနေရာဖြစ်ခဲ့သော နေရာမှာလည်း သင်တန်းကျောင်းတစ်ခုအဆင့်သာရှိတော့သည်ကိုတွေ့ရသည်။ အောင်ဆန်းရှိ စက်မှုလက်မှု အထက်တန်းကျောင်းမှာလည်း အမြင်မတင့်တယ်ဖြစ်နေသည်ကို တွေ့နေရသည်။ အဆိုပါ သမိုင်းဝင် နေရာများကိုလည်း ဆက်လက်တည်တံ့အောင်မည်သို့ ထိန်းသိမ်းသင့်သည်ကို တာဝန်ရှိလူကြီးမင်းများ စဉ်းစားသုံးသပ်ကြစေလိုပါသည်။ သမိုင်းမှတ်တမ်းမပျောက်ပျက်အောင် ဆောင်ရွက်သင့်သည်။

ဒီတော့ စာရေးသူ တာဝန်ရှိသူတွေကိုတိုက်တွန်းချင်တာက ကျောင်းသားကျောင်းသူအားလုံးကို တန်းတူထားပြီး နေရေးထိုင်ရေးအဆင်ပြေအောင် အဆောင်ပေးနိုင်အောင် တာဝန်သိသိကြိုးစားပေးကြပါ။ YTU, MTU  ကျောင်းသားမှ ကျောင်းသားမဟုတ်ပါ။ ကျန် TU ကျောင်းသားအားလုံး၊ CU ကျောင်းသားတွေအားလုံး ကျောင်းသားပါ ဆိုတာလေး သတိထားပေးကြပါ။ Lab သင်ထောက်ကူ စာအုပ်တွေကို နားလည်သူတွေ ပါအောင်ဆောင်ရွက်ကြပါ။ သမိုင်းမှတ်တမ်းဝင် နေရာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြပါလို့ တိုက်တွန်းပေးရုံကလွဲလို့…..။

စာရေးသူ - စပါယ်မ
BY THIT THOO LWIN

No comments:

Post a Comment