၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ကျွန်တော် ထောင်ကလွတ်ခဲ့တာ
၃နှစ်ပြည့်ပါပြီ။ နိုင်ငံရေး အကျဉ်းသားလို့ နာမည်တပ်ခံရတဲ့ ကျွန်တော်တို့
အားလုံးမှာ ပြစ်မှုပြစ်ဒဏ် ကြွေးကျန် ရှိနေဆဲပါ။ ဆိုပါတော့ ကျွန်တော်ဆိုရင်
ထောင်ဒဏ် ၃၁နှစ်နဲ့ ၈လ အကြွေးကျန် ရှိနေပါတယ်။ တကယ်လို့ ဘာပြဿနာပဲ ပေါ်ပေါ်
(မတော်တဆ ဒေါသအလျှောက် ရန်ဖြစ်မိလို့ လူတစ်ယောက်ကို ရိုက်မိခဲ့ရင်တောင်)
အဲ့ဒီကြွေးကျန် ၃၁နှစ်နဲ့ ၈လ ထောင်ထဲမှာ သွားနေရမှာပါ။ တကယ်တော့
ခြေချုပ်ထက် ဆိုးတဲ့ “ပါးစပ်ချုပ် ၊ မျက်စိချုပ်၊ ဦးနှောက်ချုပ် ”နဲ့
နေနေရတာပါ။ ဒီလို အခြေအနေထဲကနေပဲ တတ်နိုင်သလောက် ကျွန်တော်တို့
အလုပ်လုပ်နေပါတယ်။ အဆဲခံနေပါတယ်။ ပြစ်တင်ရှုံ့ချ ခံနေရပါတယ်။
ဒီစာစုကို ရေးရခြင်းကလဲ ၁၉၈၈ ခုနှစ်ကစလို့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့
နိုင်ငံရေးနဲ့ နိုင်ငံရေးသမား အကြောင်းတွေကို မှတ်တမ်းတင်ချင်လို့ပါ။ တစ်ခါ
၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ် အကြားမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလဲ
ကျွန်တော့် စိတ်ထဲရှိတဲ့ အတိုင်း အရင်းအတိုင်း ဖောက်သည် ချချင်တာပါ။
ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ သင်ခန်းစာ ရနိုင်စေဖို့ပါပဲ ။
ဆိုပါတော့ ၂၀၀၇ ခုနှစ် သံဃာ့ အရေးတော်ပုံ (၀ါ) ရွှေဝါရောင် တော်လှန်ရေး
ကာလတုန်းက ကျွန်တော် ပါဝင်ခဲ့ဖူးပါတယ်။ ဒီအတွက်လဲ ဖမ်းခံရ
ထောင်ထဲပို့ခံခဲ့ရပါတယ်။ ဒီတုန်းက ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့
ရွှေတိဂုံ အရှေ့ဘက်က ကြေးသွန်းဘုရားဝင်းထဲမှာ စီစဉ်ခဲ့ရတာပါ။ အဲ့ဒီမှာ
နိုင်ငံရေး ပညာရှင်ကြီး တစ်ဦး ပါဝင်ခဲ့ပါတယ်။ သူက BBC ၊ RFAစတဲ့
ရေဒီယိုတွေကနေပြီး နိုင်ငံရေး သုံးသပ်ချက်တွေကို အာပေါင်အာရင်း သန်သန်
ပြောခဲ့သူပါ။ ဘုန်းကြီးတွေကို ဆွမ်းကပ်တော့ သူက စတင်စီစဉ်သူအဖြစ်
ပါခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒ်ီနေ့ညဘက် ရေဒီယို အင်တာဗျူး တစ်ခုမှာ
အနုပညာရှင်တွေ ဦးဆောင်ပြီး ဆွမ်းကပ်တယ်လို့ ပါလာခဲ့ပါရော ဒါကိုသူက
တအားစိတ်ဆိုးပြီး ကျွန်တော့်ဆီကို ဖုန်းဆက်လို့ ပြစ်တင်
ကြိမ်းမောင်းပါတော့တယ်။ ကျွန်တော်ပြောတာ မဟုတ်ပေမဲ့ ကျွန်တော်က တာဝန်ယူ
တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ ဒီဗီဘီကို ဖုန်းဆက်ပြီး “အဲ့ဒီနိုင်ငံရေး
သုခမိန်ကြီး စီစဉ်တာပါ”လို့ ပြန်ပြော ပေးခဲ့ရဖူးပါတယ်။
ဒါပေမဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ၂၅ရက်နေ့ ကျွန်တော် အဖမ်းခံရပြီး အင်းစိန်ထောင်
ရောက်သွားတဲ့ အခါမှာ အဲ့ဒီ သုခမိန်ကြီးနဲ့ ထောင်ဘူးဝမှာ တည့်တည့်
တိုးပါလေရော။ အဲ့ဒီမှာသူက “ဘုန်းကြီးဆွမ်းကပ်တဲ့ အစီအစဉ်ကို သူဦးဆောင်တာ
မဟုတ်ဘူး ”လို့ ပြောပေးပါဆိုပြီး ကျွန်တော့ကို နားပူပါတော့တယ်။ ကျွန်တော်
ဘယ်လောက် မျက်နှာထားရ ခက်မယ်ဆိုတာ တွေးကြည့်ကြပါခင်ဗျာ။ ဒါပေမဲ့ သူ့အလိုကျ
ကျွန်တော် ပြောပေးခဲ့ရပါတယ်။ ထောင်ထဲမှာ ၁လလောက်နေပြီး ပြန်လွတ်သွား ကတည်းက
ဒီကနေ့အထိ သူဟာ နိုင်ငံရေးအကြောင်း မပြောတော့သလို နိုင်ငံရေး လောကကိုလည်း
ယောင်လို့တောင် လှည့်မကြည့်တော့ပါဘူး။
ဒီတော့ “ဘယ်သူဘာလုပ်ခဲ့တယ်၊ ဘယ်တုန်းက ဘယ်လို”ဆိုပြီး အပုပ်ချချင်ယုံ
သက်သက် ဒီဆောင်းပါးကို ရေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ “နိုင်ငံရေး
ပွဲကြမ်းခဲ့တဲ့ ကာလတုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက
အခုချိန်ခါမှာ လက်သီးလက်မောင်းတွေ တန်းပြ၊ Facebook စာမျက်နှာမှာ
ထောင်းလမောင်း ထအောင် ကြိမ်းမောင်း ခြိမ်းခြောက်ကြ၊ စာပေ ဟောပြောပွဲ
စင်မြင့်တွေ ပေါ်ကနေ ဟိုလိုလုပ်၊ ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင်
သောက်ခြောက်ဆိုပြီး ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့
တွယ်ကြ ဆိုတာတွေ ဆက်တိုက် ဆိုသလို ဖတ်ရ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့
ဆုံးဖြတ်ပြီး ချရေးလိုက် ရပါတော့တယ်။
တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေး မုန်တိုင်းကြီး
ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ် ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ
ဆုံခွင့်ရချင်ပါသေးတယ်” ကျွန်တော် ဆုတောင်းလေ့ မရှိပေမဲ့ အဲ့ဒီဆန္ဒလေးတော့
ရာနှုန်းပြည့် ရင်ထဲမှာ ရှိနေမှာပါ။ တကယ်လို့များ အဲ့ဒီလူတွေ ၂၀၁၀ခုနှစ်
မတိုင်ခင်တုန်းက ခုခါလို သတ္တိတွေ ရှိကြမယ်ဆိုရင် ပွဲသိမ်းခဲ့တာ ကြာပေါ့။
၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်ဟာ
စာပေနဲ့ အနုပညာရှင်များ ကော်မတီ အနေတဲ့ ပါဝင်ခဲ့တာပါ။ အဲ့ဒီမှာ
“ကျုပ်တို့ဘက်က နိုင်ပြီ”လို့ အပိုင်တွက်ပြီး ၀င်အောခဲ့ကြသူတွေ တပုံကြီးပါ။
ဒါပေမဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါမှာတော့
အဲ့ဒီလူတွေ ကြက်ပျောက် ၊ ငှက်ပျောက် ကိုယ်ရောင်ဖျောက်လို့ “ရှောင်လင်”
သိုင်းသမားတွေ ဖြစ်ကုန်ကြပါလေရော။
တော်တော်ဆိုးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ “ထောက်လှမ်းရေး ၆တပ်
ဝင်းထဲမှာ ထုထောင်းခံရလို့ ကျွန်တော် မထနိုင်” ဖြစ်နေချိန်မှာ
ထောက်လှမ်းရေးတပ်က အရာရှိအရာခံ အကြပ်တပ်သားတွေကို ဒံပေါက်ထမင်း
လာရောက်လှူဒါန်းခဲ့တဲ့ တက်ကြွ လှုပ်ရှားသူ အနုပညာရှင်ကြီးကို ဒီတသက်
မေ့နိုင်ပါတော့မလား။ထုံးစံအတိုင်း မွှေးရနံ့ ကြိုင်လျှမ်းလှတဲ့
ဒံပေါက်ရနံ့ကို ရှုရှိုက်ရင်း ထမင်း၃ရက် မစားရတဲ့ ကိုယ့်ဗိုက်ကိုယ်
နှိပ်ရင်း လျှပ်စစ်ကျင်စက်နဲ့ တို့တာကို ဖောချင်းသောချင်း ခံခဲ့ရတာကို
မေ့နိုင်ပါတော့မလား။
ဒီလို ဒဏ်ရာ အနာတရတွေ ခါးစည်းခံခဲ့ရတဲ့ ကျွန်တော်တို့ကို အလွယ်တကူ
ခင်ဗျားတို့ ဆဲဆိုဖို့ ၊ ပြစ်တင်ချေချွတ်ဖို့ ကျွန်တော်တို့ ထောင်ထဲ ၁၁နှစ်
နေခဲ့ရပါတယ်။ တန်ပါရဲ့လား။
ဒီနေ့ ဒီအချိန်အခါထိ မဆလ အစိုးရ၊ န၀တ အစိုးရ ၊ နအဖ အစိုးရနဲ့ ဦးသိန်းစိန်
အစိုးရတို့ဆီကနေ ဘာအခွင့်အရေးမှ ရလဲမရ၊ ယူလဲမယူဘဲ ကိုယ်ယုံကြည်ရာ
ကိုယ်လျှောက်နေသူ တစ်ယောက် အတွက် ခင်ဗျားတို့ ဆဲဆို စွပ်ဆွဲနေတာတွေ
လုံလောက်ကြပြီလား။ ဒီနေ့အထိ မိသားစု အပြိုကွဲခံပြီး မင်းအစိုးရဆီက ငွေကျပ်
၁၀၀တောင် အချောင် မယူခဲ့တဲ့ လူတစ်ယောက်ကို ခင်ဗျားတို့ ပြောချင်ရာပြော
စွပ်စွဲချင်ရာ စွပ်စွဲလို့ ၀ကြပြီလား။ ခင်ဗျားတို့ စွပ်စွဲသလို
ကျွန်တော်တို့ အစိုးရနဲ့ တကယ် “ပင်း”ပြီဆိုရင် ဘယ်သူတွေ နစ်နာမယ်လို့
ခင်ဗျားတို့ ထင်ကြပါသလဲ။
ကျွန်တော်ဟာ ဘာကိစ္စကိုမှ တုန့်ပြန် မရှင်းတတ်ပါဘူး။ ကိုယ့်မူပေါ်မှာပဲ
ကိုယ်ရပ်ပြီး ယုံကြည်ရာ လမ်းပေါ် လျှောက်နေမှာပါ။ ကျွန်တော် အပါအ၀င်
တိုင်းပြည် အတွက်လို့ ခံယူပြီး ထောင်ထဲမှာ “ဘ၀တစ်ခုပေး ထိုးကျွေးခဲ့ရတဲ့
နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက်” ဒီစာစုကို ရေးသား လိုက်ရခြင်း
ဖြစ်ပါတယ်။
၂၀၁၁ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့မှာ ကျွန်တော် မြစ်ကြီးနားထောင်က
လွတ်ခဲ့ပါတယ်။ လွတ်လွတ်ချင်း ဆိုသလိုပဲ အင်တာဗျူး ၃ခုကို ဖြေခဲ့ရပေါ့။ RFA၊
DVBနဲ့ VOAပါ။ မြစ်ကြီးနားက ဦးနေ၀င်းရဲ့ တယ်လီဖုန်းကို ခေါ်ပြီး
ဗျူးတာပေါ့။ အဲ့ဒီအင်တာဗျူးထဲမှာပဲ “ကျွန်တော် ဦးသိန်းစိန် ဦးဆောင်တဲ့
အစိုးရ အပေါ်မှာ မယုံသေးပါဘူး စောင့်ကြည့်ရပါဦးမယ် ဘာလို့လဲဆိုတော့
နိုင်ငံရေး အကျဉ်းသားတွေကို အကုန်လွှတ် မပေးသေးလို့ပါ”ဆိုပြီး ဖြေခဲ့ပါတယ်။
ဒီမူပေါ်မှာ ခုထက်ထိ “ခိုင်ခိုင်မာမာ” ရပ်ပြီး အလုပ်လုပ် နေဆဲပါ။
“နိုင်ငံရေး အကျဉ်းသားတွေ မကုန်သမျှ မယုံ”ဆိုတာ ကျွန်တော့်ရဲ့ စည်းမျဉ်း
ဖြစ်ပါတယ်။
ဆက်ပါမည်
ဇာဂနာ
Tomorrow
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment