Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 13, 2014

ဘင်လာဒင်၏နောက်ဆုံးညများ (၄)

Photo Description: ဘင်ကြီး နောက်ဆုံးနေသွားတဲ့ အိမ်ဝင်း





ကိုယ်ပျောက်ရဟတ်ယာဉ်

ဝင်ရောက်စီးနင်းရာတွင် အသုံးပြုသော ရဟတ်ယာဉ်သည် စစ်ရေး လေ့လာသူများအဖို့ အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ဘင်လာဒင်၏ ခြံဝင်းအတွင်း ဆင်းသက်သော ရဟတ်ယာဉ် နှစ်စင်းအနက် တစ်စင်းသည် အဆင်းတွင် ချို့ယွင်းသွားခဲ့သည်။

ထိပ်တန်းလျှို့ဝှက် ရဟတ်ယာဉ် ဖြစ်သဖြင့် အလုံးအတိုင်း မထားရစ်နိုင်ဘဲ ဖောက်ခွဲဖျက်ဆီး လိုက်ရသည်။ ရဟတ်ယာဉ်အဆင်းတွင် လေးဘက် လေးတန်မှ မြင့်မားသော အုတ်နံရံများက လေကိုကာထားသဖြင့် ပန်ကာများက လိုအပ်သော လေထုကို စုပ်မယူနိုင်ဘဲ အမြီးပိုင်းက နံရံနှင့် ဆောင့်မိသွားဟန် တူသည်။ ရဟတ်ယာဉ်ကို အသံလုံစေရန် ပြုပြင်ထားသဖြင့် သာမန်အလေးချိန်ထက် ပိုနေသဖြင့် မထိန်းနိုင် ဖြစ်ရသည်ဟု ဆိုသည်။

တစ်စင်းက ခေါင်မိုးပေါ်တွင် အထူးတပ်ဖွဲ့ဝင်များကို ချပေးလျက် ကျန်တစ်စင်းက ခြံဝင်းအတွင်း ဆင်းသက်ကာ အပေါ် အောက်နှစ်ဘက် ညှပ်တိုက်ခိုက်မည့် မူလအစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး၊ တပ်ဖွဲ့ဝင်အားလုံး မြေညီထပ်မှ စတင် ရှင်းလင်းကြရသည်။

ရဟတ်ယာဉ်သည် ရိုးရိုးလေယာဉ်များနှင့် မတူဘဲ မောင်းနှင်ထိန်း သိမ်းရာတွင် ခက်ခဲသည်။ ရဟတ်ယာဉ်တစ်စင်း လေထဲတွင် ရှိနေစဉ် အထက်၊ အောက်၊ ဝဲယာ စသည့် လားရာများအကြား ရွေ့လျားတိမ်းစောင်းမှု မရှိစေဘဲ ထိန်းကြောင်း မောင်းနှင်ရသည်။ ရဟတ်ယာဉ်များသည် အနိမ့်ပျံ လေယာဉ်ဖြစ်ပြီး အဆောက်အအုံ၊ သစ်ပင်၊ ဓာတ်တိုင် စသည်တို့ကို ရှောင်ကွင်း မောင်းနှင်ရသဖြင့် ပိုမိုခက်ခဲသည်။

ရန်သူ၏ နောက်တန်းသို့ ခြေရာဖျောက် ဝင်လျှိုဝင်သွားနိုင်သည့် ရေဒါက မမြင်နိုင်သော အသံလုံကိုယ်ပျောက် ရဟတ်ယာဉ်ကို နိုင်ငံကြီးများက တီထွင်ရန် ကြိုးစားနေသည်မှာ ဆယ်စုနှစ် ပေါင်းကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သော ရဟတ်ယာဉ်မျိုး တည်ရှိနေသည်ကို ယခုအခါတွင်မှ သိကြရသည်။

ကျန်ရစ်နေသည့် အမြီးပိုင်း ပန်ကာသည် သမားရိုးကျ ရဟတ်ယာဉ် များရှိ ပန်ကာတည်ဆောက်ပုံမျိုး မဟုတ်ဘဲ အသံလုံစေရန် သတ္ထု အဝိုင်းပြားဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။ ပင်ဆဲလ်ဗေးနီးယား တက္ကသိုလ်၊ လေကြောင်း အင်ဂျင်နီယာ ပါမောက္ခ ဖါဟင် ဂန္ဒီ-Farham Gandhi က''ရဟတ်ယာဉ်ကို အသံလုံးဝ မထွက်အောင်တော့ လုပ်လို့မရဘူး။ အခုလက်ရှိ အနေအထားလောက် အသံမထွက်အောင်တော့ လုပ်လို့ရနိုင်တယ်''ဟု ပြောသည်။

အသံငြိမ်စေရန် ပန်ကာဒလက်၏ လည်ပတ်နှုန်းကို လျှော့ချရပြီး၊ ဒလက်ပုံစံကို ပြုပြင်ပြောင်းလဲ ပေးရသည်။

ကာလီဖိုးနီးယား တက္ကသိုလ် လေကြောင်းအင်ဂျင်နီယာ ပါမောက္ခ ဂျက်ဖ် အဲလ်ဒရက်ခ်ျ Jeff Eldredge က ''ရဟတ်ယာဉ် တစ်စင်းက အသံထွက်ပုံ ထွက်နည်းဟာ သိပ်ကို ရှုပ်ထွေးတယ်။ အဲဒီအသံကို ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းများစွာကို အသုံးပြုရ လိမ့်မယ်''ဟု ဆိုသည်။

ရဟတ်ယာဉ် အစိတ်အပိုင်းများကို ပါကစ္စတန် စစ်တပ်က သယ်ထုတ်သွားသည်။ ထိုအစိတ်အပိုင်းများကို အခြားနိုင်ငံများ လက်သို့လွှဲပေးနိုင်သည်။ ပါကစ္စတန်နှင့် အထူးတလည် ရင်းနှီးသော တရုတ်လက်သို့ ရောက်သွားမည်ကို အမေရိကန်က စိုးရိမ်လျက်ရှိသည်။

ဘင်လာဒင်၏စံအိမ်
ဘင်လာဒင် ငါးနှစ်ကျော်ကြာမျှ အဘော့တာဘတ်တွင် ပုန်းအောင်းနေနိုင်ရန် ကူညီခဲ့သူ အာရှတ်ခန်သည် ဘင်လာဒင်က စိတ်အချဆုံး လျှို့ဝှက် ဆက်သား ဖြစ်သည်။ သူ့ကြောင့်ပင်လျှင် ဘင်လာဒင်ကို အမေရိကန်တို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဘော့တာဘတ်မြို့တွင် အာရှတ်သည် အများနှင့် ရောရောနှော နှောမနေ။ သူသည် လူကောင်ထွားထွား ပထန်လူမျိုး ဖြစ်သည်။ သူက မြေကွက်ဝယ်ပြီး သုံးထပ်တိုက် ဆောက်သည်။ ထိုတိုက်ထဲတွင် ဘင်လာဒင်ကို ဝှက်ထားသည်။

အာရှတ်၏ မိသားစုသည် ဘင်လာဒင်နှင့် အတူနေသည်။ နောက်မိသားစု တစ်စု ရှိသေးသည်။ သူ၏ ညီအစ်ကိုတော်ဟု အိမ်နီးချင်းများက သိထားသည့် တာရစ်၏ မိသားစု ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဘင်လာဒင်၊ အာရှတ်၊ တာရစ် ၊ ဘင်လာဒင် ၏သားတို့အပြင် အာရှတ်၏ ဇနီးတို့ သေဆုံးကြရသည်။

သူတို့ နေပုံထိုင်ပုံမှာ ထူးဆန်းနေသည်ကို အိမ်နီးချင်းများက သတိပြုမိကြသည်။ အုတ်တံတိုင်းကို ၁၈ ပေမြှင့်ထားပြီး၊ လုံခြုံရေး ကင်မရာများ အဘယ်ကြောင့် တပ်ဆင်ထားရသနည်းဟု အိမ်နီးချင်းများက မေးမြန်းသောအခါ၊ အာရှတ်က သူ့တွင် ဆွေမျိုးအတွင်း အချင်းများမှု ပြင်းပြင်းထန် ရှိနေသဖြင့် မိသားစု လုံခြုံရေးအတွက် လုပ်ထားရခြင်းဖြစ်ကြောင်း ဖြေသည်။ ပါကစ္စတန် ကျေးလက်တွင် မိသားစု အတွင်း အချင်းများသည့်အခါ လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်လေ့ရှိသည်။

အာရှတ်သည် ဘင်လာဒင်နှင့် ပြင်ပကမ္ဘာအကြား တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ လိုအပ်သော အစားအစာ၊ ဆေးဝါးနှင့် သတင်းအပို့အယူကို အာရှတ်ကပင် ဆောင်ရွက်ပေးနေခဲ့သည်။ အာရှတ်၏ စူဇူကီး အပေါ့စား ကုန်တင်ယာဉ်ပေါ်တွင် ဂျုံအိတ်၊ အသီးအနှံနှင့် ဟင်းချက်စရာများ တင်လျက် အိမ်တွင်းသို့မောင်းဝင်သွားသည်ကို မကြာခဏ တွေ့ရသည်။ နွားနို့ပို့သူက တစ်နေ့လျှင် နွားနို့ဆယ်လီတာ ပို့ပေးရသည်။ နှစ်ပတ်တစ်ကြိမ် ဆိတ်တစ်ကောင်ကို ကားပေါ်တင်ကာ ခြံဝင်း အတွင်း မောင်းဝင်သွားသည်ကို အနီးအနား ရှိလူများက သတိထားမိသည်။

သူတို့ အိမ်သားများသည် လူမှုရေး၊ ဘာသာရေး ပွဲလမ်းများကို လာလေ့မရှိ။ လမ်းတွေ့၍ 'ဆလမ်မာလေးကွန်း'ဟု နှုတ်ဆက်သည်ကိုပင် ခေါင်းညိတ်ပြရုံလောက်သာ တုံ့ပြန်လေ့ ရှိသည်။

အိမ်အနီးတွင် ကလေးများ ကရစ်ကက်ကစားနေစဉ် ဘောလုံးခြံဝင်းထဲသို့ ဝင်သွားလျင် ချက်ချင်း ပြန်ပေးလေ့မရှိ။ သုံးလေးရက်ကြာမှ ပြန်ရတတ်သည်။

အထူးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးသည် အသုံးပြုသည့် နည်းဗျူဟာ၊ လက်နက်ပစ္စည်း၊ သတင်းအချက်အလက် စုဆောင်းခြင်းတို့သည် အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် အဖြစ် တင်းကျပ်စွာ သိုသိပ်ထားသည်။ ထိုကဲ့သို့ မည်မျှကြာကြာ ထိန်းထားနိုင်မည် ဆိုသည်မှာ မေးစရာ ဖြစ်သည်။

သတင်းအချက်အလက်တို့ အလင်းအလျင်ဖြင့် ရွေ့လျားပျံ့နှံ့နေသည့် ယနေ့ခေတ်တွင် လျှို့ဝှက်ချက် ဆိုသည်မှာ မရှိနိုင်တော့။ အချိန်ပိုင်း အတွင်း၌သာ လျှို့ဝှက်ထားနိုင်သည်။ အနှေးနှင့်အမြန် ပေါက်ကြားကြသည်သာ ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်ချက် မပေါက်ကြားမီ လုပ်ငန်းအစီအစဉ်များ ပြီးမြောက်ရန် အမြန်ဆုံး ဆောင်ရွက်ကြရသည်။ ဤသည်မှာ ယနေ့ခေတ်၏ လုပ်နည်းလုပ်ဟန် ဖြစ်နေသည်။

အမေရိကန်ဘက်က လျှို့ဝှက် သိုသိပ်ထားသော်လည်း ပါကစ္စတန်ဘက်က သတင်းများ စိမ့်ထွက်လာ သည်။ အထူးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် အာရှတ်ခန် ညီအစ်ကို နှစ်ယောက်နှင့် ဘင်လာဒင်၏သားတို့ သွေးအိုင်ထဲတွင် သေဆုံးနေသည့် ပုံများကို ရိုက်တာ သတင်းဌာနက ရရှိလာသည်။ ထိုဓာတ်ပုံများမှာ ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဏ္ဏဝါသချိုင်းသို့
ဘင်လာဒင်၏ ရုပ်အလောင်းကို ဒီအင်အေ စစ်ဆေးမှု ပြုလုပ်သည်။ သေဆုံးသူသည် ဘင်လာဒင်ဖြစ်ကြောင်း သေချာသည့် အခါတွင်မှ သဂြုင်္ိဟ်သည်။ သေဆုံးပြီး ၁၂ နာရီ အကြာ ဂရင်းနစ်စံတော်ချိန် ဝ၆းဝဝ နာရီတွင် ဘင်လာဒင်၏ ရုပ်အလောင်းကို အမေရိကန် ညူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကားလ်ဗင် စင်ပေါ်၌ မွတ်ဆလင် ထုံးတမ်းနှင့် အညီ ပြင်ဆင်ရွတ်ဖတ်မှု ပြုလုပ်ပြီး မြောက်အာရေဗျ ပင်လယ်ပြင်တွင် ရေချသဂြုင်္ိဟ်လိုက်သည်။ ယင်းသို့ သဂြုင်္ိဟ်ခဲ့ခြင်းအပေါ် ဝေဖန်မှု အများအပြား ပေါ်ထွက်လာသည်။

အမေရိကန်က ရည်ရွယ်ချက် ရှိရှိဖြင့် ယင်းသို့ သဂြုင်္ိဟ်လိုက်ခြင်း ဖြစ်သည်။ ဘင်လာဒင်သည် အဘော့တာဘတ်မြို့တွင် ရှိနေသည်ကို အမေရိကန်တို့ သိကတည်းက ဖြစ်နိုင်ခြေ အမျိုးမျိုးအတွက် အိမ်ဖြူတော် အရာရှိ ကြီးများသည် ဘာသာရေး ပညာရှင်၊ ပါမောက္ခများနှင့် တိုင်ပင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်သည် တစ်ချိန်၌ ဘင်လာဒင် အာဇာနည် ဗိမာန်ဟု မပေါ်ပေါက်လာစေရန် တားဆီးလိုက်ခြင်း ဖြစ်သည်။ သို့သော် အာရေဗျ ပင်လယ်ပြင် တစ်ခုလုံးသည် ဘင်လာဒင်၏ ဂူဗိမာန် ဖြစ်လာလိမ့်မည်ဟု လန်ဒန်ထုတ် ဒေးလီးမေသတင်းစာက ရေးသည်။

ရေမြှုပ်သဂြုင်္ိလ်ခြင်းကို ထူးခြားသည့် အခြေအနေအရ ပြုလုပ်နိုင်ကြောင်း။ သို့သော် ယခုအခြေအနေသည် ထူးခြားသည့် အခြေအနေ မဟုတ်ကြောင်း ဒူဘိုင်းမှ ဘာသာရေး ခေါင်းဆောင် မိုဟာမက် အယ်လ် ကူဘေစီ Mohammed al-Qubaisi က ပြောသည်။
''မွတ်ဆလင် ထုံးတမ်းအရ သဂြုင်္ိဟ်ပေးမယ့် လူမရှိဘူး ဆိုရင်တော့ ရေချသဂြုင်္ိဟ်လို့ ရပါတယ်။ ဒါပေမယ့် ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ဘယ်သူမှ လက်မခံဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ဘက်သားတွေ၊ ဇနီး သားသမီးတွေက လက်ခံဖို့ အသင့်ရှိတာပဲ'' ဂျော်ဒန်တက္ကသိုလ်မှ အစ္စလာမ် ဥပဒေ ပါမောက္ခ မိုဟာမက် ကူးဒါးက ဆိုသည်။

ဘင်လာဒင်သည် မွတ်ဆလင် မဟုတ်။ ဘာသာမရွေး ထောင်ပေါင်း များစွာသော အပြစ်မဲ့သူများကို သတ်ဖြတ်နေသူသည် မွတ်ဆလင် မဟုတ်။ အစ္စလာမ်ဆိုသည့် အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးဟု ဆိုလိုသည်။ ထို့ကြောင့် ဘင်လာဒင်အား မွတ်ဆလင် ထုံးတမ်းနှင့်အညီ သဂြုင်္ိဟ်ရန် မလိုဟု မြောက်မြားစွာသော မွတ်ဆလင်များက ပြောကြပြန်သည်။

ကုန်သွယ်ရေး တိုက်ညီနောင် ပြိုကျပျက်စီးသည့် အထဲတွင် ပါသွားသော လူပေါင်း ၂၆ဝ၆ ဦးအား ယင်းတို့၏ ဘာသာရေး ဓလေ့ထုံးစံနှင့် အညီ မသဂြုင်္ိဟ်ခဲ့ရဟု ပြန်လှန်ချေပ ပြောဆိုသည် လည်းရှိသည်။

ဘာကြောင့်ကျဆုံးရသလဲ
လူအင်အား လက်နက်အင်အား မမျှသည့်အတွက် ဘင်လာဒင်သေဆုံး ရသည်။ မှားယွင်း အကြမ်းဖက်သည့် လုပ်ရပ်ကြောင့် ကျဆုံးရသည်။

ယနေ့ကမ္ဘာတွင် အယူအဆနှင့် တန်ဖိုးထားမှုတို့ ပြောင်းလဲကုန်သည်။ လူသတ်ခြင်းကို လက်မခံတော့။ သေမိန့်ကျထားသူများအား အစိုးရက ကြိုးစင်တင်သည်ကို မေးခွန်းထုတ် လာကြသည်။ နိုင်ငံအများအပြားသည် သေဒဏ်စီရင်ခြင်းကို ပယ်ဖျက်နေကြသည်။ အစိုးရသည်ပင်လျှင် စစ်မြေပြင် ရင်ဆိုင်တိုက်ပွဲမှလွဲ၍ အခြား နေရာများတွင် သတ်ဖြတ်သည်ကို လက်မခံကြတော့။ အယူအဆ၊ အတွေးအမြင်တွေ ပြောင်းကုန်ကြပြီ။

စစ်မြေပြင် မဟုတ်ဘဲ မြို့ပြတွင် အပြစ်မဲ့ လူအများအပြားကို သတ်ဖြတ်ခြင်းကို လက်သင့်မခံကြတော့။ ဤအချက်သည် ဘင်လာဒင် ကျဆုံးရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု ဆိုကြသည်။

ခုနစ်ရာစုတွင် ထွန်းပြောင် တောက်ပခဲ့သော မွတ်ဆလင် အင်ပါရာကို ပြန်လည်တည်ထောင်ရန် ဘင်လာဒင် စိတ်ကူးယဉ်အိပ်မက် မက်ခဲ့သည်။

ကုန်သွယ်ရေး တိုက်ညီနောင် တိုက်ခိုက်ဖျက်ဆီးခြင်း ခံရပြီးနောက် ဘင်လာဒင်အား သေမင်းတမန် အကြမ်းဖက် ခေါင်းဆောင်အဖြစ် ကမ္ဘာက အသိအမှတ် ပြုလာကြသည်။ နောက်လိုက်နောက်ပါ အများအပြား သူ့ထံသို့ ဝင်ရောက်လာသည့်အတွက် သူသည် အကြမ်းဖက် အင်အားစုကြီး တစ်ရပ် ဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။

ဘာရိန်းနိုင်ငံသား တစ်ဦးက အင်တာနက်ပေါ်တွင် ရေးသားရာ၌ ''အယ်လ်ကိုင်ဒါနဲ့ ကျွန်တော်တို့ သဘောမတူ နိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အမေရိကန်တွေ လုပ်သမျှ အာရပ်နိုင်ငံတွေက ခေါင်းတညိတ်ညိတ် လုပ်နေပေမယ့် ဘင်လာဒင်ကတော့ ခေါင်းခါပြနိုင်တဲ့လူ။ အမေရိကန် လုပ်နေတာတွေကို ပြတ်ပြတ်သားသား နိုးလို့ ပြောတဲ့လူ''

သို့သော် ထို နိုးသည် ဝါဒတစ်ရပ် မဟုတ်။ ဘုန်းမီးနေလ တောက်ပနေသည့် မွတ်ဆလင် အင်ပါရာ ထူထောင်ရန် ဆိုသည့် ရည်မှန်းချက်တော့ ရှိသည်။ ယင်းသို့ဆိုလျှင် သူယှဉ်ပြိုင် တိုက်ခိုက်နေသော အမေရိကန်၏ ရည်မှန်းချက်ကို ကြည့်ဖို့လိုသည်။ အမေရိကန်၏ လွတ်လပ်ရေး ကြေညာစာတမ်းတွင် မည်သည့် နိုင်ငံကြီး၊ အင်ပါရာကြီး ဖြစ်လာရန် မျှော်မှန်းပါသည်ဟု ဖော်ပြမထား။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အမေရိကန် ပြည်သူ ပြည်သား များသည် လုံခြုံဘေးကင်းစွာ၊ လွတ်လပ်စွာ ပျော်ရွှင်စွာ နေထိုင်ကြနိုင်စေရန် ဟုသာပါရှိသည်။ ထိုလွတ်လပ်မှုကို စည်းကမ်းဘောင် ကလနား သတ်ထားသည်။ စည်းချပေးထားသည်။ သို့သော် ထိုစည်းကမ်းများသည် အခြားနိုင်ငံအများနှင့် စာလျှင် အတော်ပင် ဘောင်ကျယ်သည်။ လွတ်လပ်သည်။ ငွေကြေး တတ်နိုင် သည်မို့ စနစ်ကျသည်။ ခေတ်နှင့် အညီ ပြေးနိုင်သော စည်းကမ်းများ ဖြစ်သည်။

အရှေ့အလယ်ပိုင်း ဒေသသည် ရေနံကြောင့် အမေရိကန်အဖို့ လွန်စွာမှ အရေးကြီးသည်။ အရှေ့အလယ်ပိုင်း သားများ၏ ထင်မြင်ချက်၊ အယူအဆ တို့ကို အမြဲသိနေရန်လိုအပ်သည်။ ထို့ကြောင့် အမေရိကန် သုတေသန အဖွဲ့အစည်းများစွာ အမြဲလိုလိုစစ်တမ်း ကောက်ယူလျက်ရှိသည်။ ကောက်ယူခဲ့သော စစ်တမ်းများအရ ၂ဝဝ၃ ခုနှစ်မှစ၍ အမေရိကန်အပေါ် လိုလိုလားလား မရှိကြသည်ကို တွေ့ရသည်။ ဆီးရီးယား၊ လက်ဘနွန်၊ အီဂျစ်၊ ပါလစ္စတိုင်း နယ်မြေရှိ လူအများစုသည် အမေရိကန် အမှူးပြုသည့် အနောက်နိုင်ငံများအပေါ် မကြိုက်ကြဟု သိရသည်။

မည်သည့်ကြောင့် မကြိုက်ကြသည်ကို နှိုက်နှိုက်ချွတ်ချွတ် စစ်တမ်းကောက်ယူသည့်အခါ တွေ့လာရသည်မှာ၊ အမှန်စင်စစ် အရှေ့အလယ် ပိုင်းသားများသည် အမေရိကန်တွင် သွားရောက်ပညာ သင်လိုသည်။ အလုပ်အကိုင် လုပ်လိုသည်။ အခြေချ နေထိုင်လိုကြသည်။ အမေရိကန်ကို မကြိုက်ကြခြင်း မဟုတ်။ အမေရိကန်၏ လွတ်လပ်သော လူနေမှုပုံစံကို သဘောကျကြသည်။ ကိုကာကိုလာ၊ ပက်စီကိုလာ၊ နက်စ်လေနို့၊ အကောင်းစား ခေါင်းလျှော်ရည်တို့ကို အဘော့တာဘတ်ရှိ ဘင်လာဒင်နေ အိမ်က နေ့စဉ်ဝယ်သည်ဟု ဘလွန်းဘာ့ဂ် သတင်းဌာနက ဖော်ပြသည်။ ဘင်လာဒင်၏ မိသားစုသည်ပင်လျှင် အမေရိကန်တွင် ထုတ်လုပ်သော ပစ္စည်း၊ အမေရိကန် နည်းစနစ်ဖြင့် ထုတ်သော ပစ္စည်းများကို နှစ်ခြိုက် သဘောကျသည်မှာ ထင်ရှားသည်။ အမေရိကန်က အစ္စရေးကို ထောက်ခံနေသည့် လုပ်ရပ်ကို မကြိုက်ကြခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် အိုဘားမား အစိုးရသည် အစ္စရေး ပေါ်လစီ အပြောင်းအလဲ လုပ်ရန်ပြင်ဆင်လာသည်ကို တွေ့ရသည်။

ဘင်လာဒင်နှင့် ပတ်သက်သော စစ်တမ်းကောက်ယူရာတွင်လည်း အယ်လ်ကိုင်ဒါက အကြမ်းဖက်ဗုံးခွဲမှု ကျူးလွန်သည့် အခါတိုင်း ဘင်လာဒင်အား ထောက်ခံမှု လျော့ကျသွားသည်ကို တွေ့ရသည်။ ၂ဝ၁၁ ခုနှစ်တွင် ပါကစ္စတန်၌ ဘင်လာဒင်အား ထောက်ခံမှု ၄၆ ရာနှုန်းမှ ၂ဝ ရာနှုန်း သို့လည်းကောင်း၊ ပါလစ္စတိုင်းတွင် ၇၂ ရာနှုန်းမှ ၃၄ ရာနှုန်းသို့လည်းကောင်း ကျဆင်းသွားသည်ကို တွေ့ရသည်။

ဘင်လာဒင်သည် အမေရိကန်၏ အစ္စရေးအပေါ် ထောက်ခံသော လုပ်ရပ်ကို တားဆီးပေးနိုင်မည်ဟု မွတ်ဆလင် ကမ္ဘာက မျှော်လင့်ခဲ့ဖူးသည်။ သို့သော် သူ့ဆီမှ ထွက်လာသည်မှာ အေကေ-၄၇ လွယ်ကာ မိန့်ခွန်းခြွေနေသည့် ဗီဒီယိုအခွေများနှင့် သွေးထွက်သံယိုမှုများသာ ဖြစ်နေခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများကို ဘင်လာဒင်သည် ဖြေရှင်းပေးနိုင်စွမ်းမရှိ။ မည်သည့် အရှေ့အလယ်ပိုင်းသားမျှ ဂူအတွင်း၌ မနေလိုကြ။ ဘင်လာဒင်သည်ပင် မနေလို။

အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်၊ မော်ရိုကိုတို့၏ အလုပ်လက်မဲ့နှုန်းသည် ကမ္ဘာ့ပျမ်းမျှထက် များစွာပိုနေသည်။ ထိုနိုင်ငံများရှိ ပညာရေး စနစ်သည် အလုပ်ခွင်သို့ အသင့် ဝင်ရောက်နိုင်သော ပညာရေးများ မဟုတ်ဘဲ ဘာသာရေး အလေးကဲနေသည်။ ထိုပြဿနာများအတွက် ဘင်လာဒင်တွင် အဖြေမရှိ။

အာရပ်-အစ္စရေး ပြဿနာကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်သာ ရှိသည်။ ဘင်လာဒင်က အကြမ်းဖက်သည့်နည်းဖြင့် ကြိုးစားကြည့်ခဲ့ခြင်းသာ ဖြစ်သည်။

နိဂုံးပိုင်း

Ref: Killing Bin Laden: How the U.S. Finally Got Its Man.

Tun Wai

No comments:

Post a Comment