အွန်လိုင်းအစီအစဉ်တစ်ခုမှာ အိန္ဒိယနိုင်ငံက ကျောင်းသားတွေ �ကျောင်းသားတွေ
နိုင်ငံရေးလုပ်သင့်သလား� ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြတာကို
ကြည့်လိုက်ရပါတယ်။ ဒီဘိတ်လို့ခေါ်တဲ့ အဲဒီဆွေးနွေးပွဲအစီအစဉ်ကို ကြည့်ပြီး
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက ဒီဘိတ်ကို စာသင်ခန်းထဲမှာ
ဖော်ဆောင်ပေးခဲ့တဲ့ ပါမောက္ခကြီးတွေကို ပြန်ပြီး သတိရမိတယ်။
အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်က အရမ်းမြင့်မားပါတယ်။ လွတ်လပ်စွာ
ပညာသင်ကြားခွင့်ကို ရှေးနှစ်ပေါင်းများစွာ ကတည်းက
ဖော်ဆောင်ခဲ့တဲ့နိုင်ငံကြီးဖြစ်သလို တက္ကသိုလ်ကျောင်းသားများရဲ့ ဒီဘိတ်ကလည်း
အသက်ဝင်လှ တယ်။
သူတို့ ပြောဆိုနေတာက အင်္ဂလိပ်လိုပါ။ အင်္ဂလိပ်စကားကို အင်္ဂလိပ်တွေလို လက်တန်း
ပြောဆိုဆွေးနွေး နေကြတာကိုကြည့်ပြီး ကိုယ့်နိုင်ငံက
တက္ကသိုလ်ကျောင်းသားတွေဘဝကို အရမ်းစိတ်မကောင်းဖြစ်သွားမိတယ်။
ဒီဘိတ်ဆိုတာက စာကိုကျက်ပြီးပြောရသလိုမျိုးမဟုတ်ဘူးဆိုတာ အားလုံး
သိကြပါလိမ့်မယ်။ အကြောင်း အရာတစ်ခုကို တစ်ယောက်ချင်း အပြန်အလှန်
ပြောဆိုဆွေးနွေးနေကြတာကို ပါမောက္ခကြီးတွေနဲ့ ကျောင်းသား ကျောင်းသူတွေက
အထင်ကြီးလေးစားစွာ ဝိုင်းကြည့်နေကြတာကြည့်ပြီး မြန်မာနိုင်ငံက
အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲဆိုတာကိုတောင် စိတ်ပျက်သွားမိပါတယ်။
ကျောင်းသားတွေ နိုင်ငံရေး လုပ်သင့်တယ်ဆိုတဲ့ဘက်က လူငယ်တွေ နိုင်ငံရေးကို
စိတ်ဝင်စားတော့ ကိုယ့်အမြင် ကိုယ့်အတွေးကို ဒီမိုကရေစီနည်းကျကျ
ဖော်ထုတ်လို့ရပြီး လူရှေ့သူရှေ့မှာ ခုလို မကြောက်မရွံ့ထွက်ပြောနိုင်တာ
ပေါ့။
ဒီနေရာဟာ ကျောင်းသားတွေ အနာဂတ် ခေါင်းဆောင်နိုင်မှုအတွက် အလေ့အကျင့်တွေ
လုပ်ရမယ့် နေရာ။ ကိုယ်တိုင် အရည်အသွေးတည်ဆောက်နိုင်အောင်
ကြိုးစားနေရမှာဖြစ်သလို၊ အဲဒီအရည်အသွေးတွေကို ဖော်ထုတ် ပြနိုင်တဲ့
အခြေအနေရှိမှ အရည်အသွေးတွေ တက်လာမှာပေါ့လို့ ဆိုသွားတဲ့စကားဟာ
ကျွန်တော့်နားထဲမှာ စွဲကျန် ခဲ့တယ်။
နောက်တစ်ယောက်ကလည်း �ကြီးကျယ်မြင့်မြတ်တဲ့ စွမ်းအားတွေဆိုတာ
တာဝန်ယူတတ်မှုကနေလာတာ� ဆိုပြီးတော့ အစပျိုးလိုက်တယ်။ ကျောင်းသားတွေကို
တာဝန်ယူတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးဖို့က နိုင်ငံရေးနဲ့
ရင်းနှီးအောင်လုပ်ဖို့ အရေးကြီးတယ်။
ကျောင်းသားဆိုတာ ပြန်မပြော၊ နားထောင်လို့ ဖိနှိပ်ထားရမယ့် ခေတ်ဟာ
ကုန်သွားပြီ။ ကျောင်းသားတွေရဲ့ ရင်ထဲကစကားသံတွေကိုလည်း
ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ အချိန်ရောက်ပြီ။ စနစ်ကျတဲ့၊
တန်ဖိုးရှိတဲ့ပြောဆိုဆွေးနွေးနွေးမှုတွေဖြစ်ဖို့ဆိုတာ လွတ်လပ်ခွင့်ပေးဖို့၊
စဉ်းစား တွေးခေါ်နိုင်စွမ်းတွေကို မြှင့်တင်ပေးဖို့လိုတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ မအအောင် လုပ်ကြရမှာ။ နိုင်ငံရေး စိတ်မဝင်စားဘဲ
ငြိမ်နေမယ်ဆိုရင် အစိုးရ သို့မဟုတ် အာဏာပိုင်တွေ လိမ်သမျှ ခံနေကြရမှာပေါ့။
နိုင်ငံရေးကို သိမှ ကိုယ့်အစိုးရ ဘယ်လောက် အသုံးကျတယ်၊ မကျဘူးဆိုတာကို
ပိုင်းဖြတ်နိုင်စွမ်းရှိတော့မှာပေါ့။
ကျောင်းသား တွေကို နိုင်ငံရေးမသိအောင် လုပ်ထားရင် ငအတွေ၊ ငတုံးတွေဖြစ်အောင်
လုပ်ခိုင်းထားတာနဲ့ အတူတူပဲလို့ လည်း ကျောင်းသားတွေက ဆွေးနွေးသွားကြတယ်။
နိုင်ငံက ပညာတတ်တွေကို မွေးထုတ်ရာမှာ �သိုး� လို နုညံ့တဲ့သူတွေကို
မွေးထုတ်ပေးမှာလား၊ �ကျား� လို ထက်မြက်တဲ့သူတွေကို မွေးထုတ်ပေးမှာလား
စဉ်းစားဖို့လိုပြီလို့လည်း တစ်ယောက်ကထောက်ပြသွားတာ စဉ်းစားစရာပဲ။
ကျောင်းသားတွေ နိုင်ငံရေးမလုပ်သင့်ဘူးလို့ ဆွေးနွေးတဲ့ဘက်ကလည်း
ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်တယ် ဆိုတာ အပြုသဘောထက်၊
အပျက်သဘောဆောင်တယ်လို့ ဆွေးနွေးကြတယ်။ ယနေ့ခေတ်မှာ နိုင်ငံရေး လှုပ်ရှား
နေတဲ့ ပါတီအဖွဲ့အစည်းတွေက များသလို၊ နိုင်ငံရေးကို ဘယ်လို ရည်ရွယ်ချက်နဲ့
လုပ်နေကြသလဲဆိုတာ ကျောင်း သားတွေ မသိနိုင်ကြဘူး။
စေတနာမမှန်တဲ့ နိုင်ငံရေးလုပ်ဆောင်သူတွေနဲ့ ဆက်သွယ်ပေါင်းစည်းလိုက်မိရင်
အသုံးချခံတွေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျောင်းသားတွေ နိုင်ငံရေးကို
စိတ်မဝင်စားပဲ ကိုယ့်စာကိုယ်လုပ်တာ ကောင်းပါတယ်လို့
တစ်ယောက်ကဆွေးနွေးသွားတယ်။
တစ်ယောက်ကလည်း ဘယ်မိဘကမှ နိုင်ငံရေးလုပ်ဖို့ ကျောင်းလွှတ်မှာ မဟုတ်ပါဘူး။
ကိုယ့်သားသမီးကို ပညာတတ်တွေ ဖြစ်လာပြီး အနာဂတ်ကောင်းအောင် ကြိုးစား
ပညာသင်ယူဖို့သာ လွှတ်ကြမှာပါ။ မိသားစုဘဝ၊ ကိုယ့်အနာဂတ်လှဖို့ကတော့
နိုင်ငံရေးမှာ ဝေလေလေလုပ်နေရင် ဖြစ်မှာမဟုတ်ပါဘူးလို့လည်း ကောင်မလေး
တစ်ယောက်က ဆွေးနွေးသွားတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ နေရာမှာ ပညာရေးက အရေးကြီးတယ်ဆိုရင်
ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ပေးမလား၊ အားအားရှိ သပိတ်မှောက်၊
ဆန္ဒပြ၊ အစိုးရမကောင်းကြောင်းတက်အော်ပြီး ပညာရေးကို အနှောင့်အယှက်ပေးနေမလား
ပြန်စဉ်းစားသင့်ပြီထင်တယ်။ နိုင်ငံရဲ့အနာဂတ်ဟာ ပညာရေးဆိုရင်၊ အဲဒီပညာရေး
ကို အကောင်းဆုံး အကောင်အထည်ဖော်ပေးဖို့ဆိုတာ ကျောင်းသားကျောင်းသူတွေရဲ့
တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်တာနဲ့ ပညာသင်တာကို
တစ်ပိုင်းစီ ခွဲခြားသင့်တယ်လို့ထင်ပါတယ် လို့လည်း တစ်ဦးကဆွေးနွေးသွားတယ်။
ဘာပဲပြောပြော ကျွန်တော်နားလည်လိုက်တာက တက္ကသိုလ်မှာ လာတက်တဲ့
ကျောင်းသားတွေဟာ နိုင်ငံရေး လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ
တက္ကသိုလ်ကို လွတ်လပ်တဲ့ တက္ကသိုလ်ကြီးအဖြစ် ဖွင့်ပေးထားတာ
အကောင်းဆုံးလို့ထင်ပါတယ်။ နိုင်ရေး လုပ်ချင်သူတွေကလည်း နိုင်ငံရေးလုပ်၊
နိုင်ငံရေး မလုပ်ချင်တဲ့သူတွေက လည်း နိုင်ငံရေးမလုပ်ဘဲနေပိုင်ခွင့်ဟာ
တက္ကသိုလ်ရဲ့ အနှစ်သာရပဲ ဖြစ်နေသင့်တယ်။
တစ်ဦးနဲ့တစ်ဦး သဘောတူခြင်း၊ မတူခြင်းဆိုတာ လွတ်လပ်စွာ ဆွေးနွေးခြင်းကနေ
အဖြေရှာတာ ပိုကောင်းပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံပညာရေးစနစ်မှာက
�ပြန်မပြောနဲ့ နားထောင်� ဆိုပြီး လေ့ကျင့်ပေးခဲ့တာ နှစ်ပေါင်းကြာနေပါပြီ။
ဒါကြောင့်လည်း ထက်မြက်တဲ့၊ လူတောတိုးရဲတဲ့၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့
ရပ်တည် နိုင်ခဲ့သူတွေရှားတာပေါ့။
တက္ကသိုလ်ဝင်တန်းရောက်တဲ့အထိ အိမ်ကမိဘတွေက ကျောင်းကို ထမင်းလိုက်ခွံ့ပေး
နေတဲ့ ပညာရေးလောကနဲ့တော့ အိန္ဒိယနိုင်ငံ ကျွန်တော်မြင်တွေ့နေရတဲ့
ကျောင်းသားတွေကိုတောင် ဘယ်လို မီအောင်လုပ်ရမလဲဆိုတာ တွေးစရာပဲ။
တင်ညွန့်
ေ-မောက္ခပညာရေး
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment