Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

တောင်အာရှမှာ စားကျက်ရှာလာတဲ့ အယ်လ်ခိုင်ဒါနှင့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အန္တရာယ်

စိုးမိုး (IN'D) - Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။

ကမ္ဘာကြီးကို အကြမ်းဖက်တိုက်ခိုက်မှု နဲ့ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အယ်လ် ခိုင်ဒါအဖွဲ့အစည်း အရှိန်လျော့စ ပြုလာချိန်မှာ အစ္စ လာမ္မစ်နိုင်ငံတော် IS အကြမ်းဖက်လက်နက်ကိုင်တွေ က တစ်စခန်း ထလာပြန်ပါတယ်။ IS ဆိုတာ တကယ် တော့ ၂ဝဝ၃ ခုနှစ်ကမှ အယ်လ်ခိုင်ဒါက ဆီးရီးယား ကို ခွဲထွက်ခဲ့တဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ငယ် လေးတစ်ခုသာ ဖြစ်ခဲ့တာပါ။
အခုအချိန်မှာတော့ ဆီးရီးယားနဲ့ အီရတ် နယ်မြေ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အင်အားကြီးမားလို့ လာခဲ့ခြင်းဖြစ်ပါတယ်။

ရက်စက်ကြမ်း ကြုတ်မှုနဲ့ လူအင်အားစုစည်းမှု အားကောင်းလာတဲ့ IS အဖွဲ့အစည်းဟာ အခုဆို နိုင်ငံတကာကိုပါ ခြိမ်းခြောက် လာနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပြီဆိုတာ အမေ ရိကန်ဂျာနယ်လစ် ခေါင်းနှစ်လုံးကို သာဓကကြည့်ရင် လုံလောက်မယ် ထင်ပါတယ်။

IS အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင် အဘူအဘူဘာကာအယ်ဘဂ္ဂဒါဒီ က IS အဖွဲ့ ကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ခြင်းရဲ့ ဥသျှောင် အဖြစ် အမည်ခံ လာတဲ့အထိ ကြွေးကြော်အား ကောင်း လာချိန်မှာတော့ အယ်လ်ခိုင်ဒါရင်းမြစ် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကလည်း ပြန်လည် ထကြွလှုပ်ရှား လာတာကို တွေ့ရပါတယ်။ ကမ္ဘာအနှံ့ကို အင်အားပျံ့ နှံ့ခဲ့ပြီးဖြစ်တဲ့ အယ်လ်ခိုင်ဒါ အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့ဟာ ကွဲထွက်သွားတဲ့ အဖွဲ့ငယ်လေးတစ်ခုက အစ္စ လာမ္မစ်နိုင်ငံတော် ထူထောင်ရေးအတွက် ဥသျှောင်ပြုမှု ကို လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါကြောင့်လည်း အယ်လ် ခိုင်ဒါ လက်ရှိခေါင်းဆောင် ဇာဝါရီက အယ်လ်ခိုင်ဒါ အကြမ်းဖက်တပ်ဖွဲ့ခွဲသစ်တစ်ခုကို တောင်အာရှ အထူး သဖြင့် အိန္ဒိယမှာ ဖွဲ့စည်းဖို့ ကြံရွယ်လာခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အွန်လိုင်းပေါ်ရောက်ရှိ လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့သွား မယ်လို့ ပြောကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပါကစ္စတန်မှာ လက်ကမ်းစာစောင်ဝေပြီး လူအင်အား စုစည်းနေတဲ့ IS အဖွဲ့နဲ့အပြိုင် အင်အားတိုးချဲ့လာတဲ့ သဘောပါ။

အယ်လ်ခိုင်ဒါခေါင်းဆောင်ဇာဝါရီက တောင် အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူ့ရဲ့ အယ်လ်ခိုင်ဒါ လက်နက်ကိုင်အဖွဲ့ဟာ သြဇာပျံ့နှံ့ တည်ရှိရမယ်လို့ ဆိုပါတယ်။ နောက်ပြီး ယင်းနိုင်ငံဒေသ တွေမှာရှိတဲ့ မူဆလင်တွေအတွက် အယ်လ်ခိုင်ဒါဟာ သတင်းကောင်း တစ်ခုကို ဆောင်ကြဉ်းလာခြင်းဖြစ်တယ် လို့လည်း ကြိမ်းဝါးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း၊ ဥရောပ အနောက်နိုင်ငံ တွေသာမက အာရှကလူငယ်တွေကို ဆွဲဆောင်သိမ်းသွင်း အင်အားစုစည်းမှုမှာ IS က မယုံနိုင်အောင် အင်အား ကြီးထွားလာခဲ့ပါတယ်။ အခု အယ်လ်ခိုင်ဒါကလည်း အာရှတောင်ပိုင်းကှိှု နဲ့အပြိုင် အင်အားစုစည်း အာ ဏာဖြန့်ကြက်ဖို့ ကြိုးစားလာတာကို တွေ့မြင်ရပါတယ်။ အယ်လ်ခိုင်ဒါနဲ့ IS အဖွဲ့တို့ အာရှမှာ စားကျက်ရှာတာ က အံ့သြစရာတော့ မရှိပါဘူး။

တကယ်တော့ မူဆလင်အင်အားစုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများထက် ပြင်ပမှာ ပိုများ နေတာကြောင့်ပါ။ အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီ က တောင်အာရှမှာ ပစ်မှတ်ထားတဲ့ နိုင်ငံဒေသတွေကို ကြည့်လိုက်ရင် မူဆလင်လူမျိုးစုတွေ အဓိကတည်ရှိနေ တဲ့ နေရာဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် မူဆလင် လူမျိုး ၁၅ ရာခိုင်နှုန်းသာ ရှိတယ်ဆိုပေမယ့် လူဦးရေ အရ ၁၇၅ သန်းအထိရှိနေပြီး ကမ္ဘာမှာ တတိယမြောက် မူဆလင်လူဦးရေ အများဆုံးနိုင်ငံတစ်နိုင်ငံပါ။
အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီက အိန္ဒိယ နိုင်ငံက အက်ဆမ်၊ ဂူဂျာရက်ပြည်နယ်၊ အမမ်ဒါဘက် မြို့နဲ့ ကက်ရှ်မီးယား၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကှိှု နဲ့အပြိုင် အင်အားတိုးချဲ့ နယ်မြေဖြန့်ကျက်ဖို့ ရွေးချယ် ရခြင်းကလည်း အကြောင်းရှိပါတယ်။ ဒါကတော့ အိန္ဒိယ က ယင်းဒေသတွေမှာ မူဆလင်တွေဟာ ဒေသခံလက် နက်ကိုင်သူပုန်များရဲ့ ဘာသာရေး၊ လူမျိုးရေးအရ နှိပ် စက်ညှဉ်းပန်းခံရမှုတွေ ရှိနေတဲ့အတွက် အချိန်သင့် အခါသင့် ဖြစ်နေတဲ့အတွက်ပါ။

အိန္ဒိယမှာသာမက မြန်မာနိုင်ငံမှာလည်း ဘင်္ဂါလီလူမျိုးစုက မူဆလင်တွေမှာ လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခတွေ ကြုံတွေ့နေရသလို ဘင်္ဂလားဒေ့ရှ်မှာ လည်း အိမ်နီးချင်းနိုင်ငံမှာ ဝင်ရောက်နေထိုင် ကြီးပြင်း ပြီး နိုင်ငံပျောက်ဆုံးနေတဲ့ မူဆလင်တွေလည်း ရှိလို့နေ ပါတယ်။ ဒါကြောင့် ဇာဝါရီရဲ့ ကြေညာချက်ကို အကြမ်း ဖက်တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက IS နဲ့အားပြိုင် ဖို့ အင်အားအပြိုင်အဆိုင် တိုးချဲ့ရန် ကြံရွယ်ခြင်းလို့ သုံး သပ်ကြခြင်း ဖြစ်ပါတယ်။
၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက မူဆလင်နိုင်ငံများ စည်းရုံးဖို့ကိုလည်း တိုက်တွန်းပြော ကြားခဲ့ပြီး IS အဖွဲ့ကိုလည်း ဝေဖန်သွားတာကို တွေ့ရ ပါတယ်။

ဇာဝါရီက ဂျီဟတ်လုပ်တဲ့နေရာမှာ IS ရဲ့ စည်း လွတ်ဘောင်လွတ် ရက်စက်ရမ်းကားမှုကို ဝေဖန်ခဲ့ပြီး ဂျီဟတ်လုပ်ရာမှာ တစ်ဖက်သားကို ငွေကြေး၊ ဂုဏ်သိက္ခာ အပထား စကားလုံးအမူအရာနဲ့တောင် စည်းလွတ်ဘောင် လွတ် မရမ်းကားသင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

အိန္ဒိယကို အဓိကထားပြီး မြန်မာနဲ့ဘင်္ဂလား ဒေ့ရှ် သုံးနိုင်ငံမှာ အင်အားတိုးချဲ့လှုပ်ရှားဖို့ ဇာဝါရီက ကြေညာလိုက်ခြင်းဟာ အိန္ဒိယဝန်ကြီးချုပ်သစ် နာရန် ဒရာမိုဒီကို ထိပ်တိုက်စိန်ခေါ်လိုက်ခြင်းလို့လည်း ဆိုနိုင် ပါတယ်။ မိုဒီဟာ ၂ဝဝ၂ ခုနှစ်တုန်းက ဂူဂျာရတ် ပြည် နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအချိန် က ဟိန္ဒူဘာသာဝင် အကြမ်းဖက် လက်နက်ကိုင်များ ကြောင့် မူဆလင် ရာနဲ့ချီ သေဆုံးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီဟာလည်း ယင်းအရေးမှာ နှုတ်ဆိတ် နေခဲ့တဲ့အတွက် များစွာ ဝေဖန်မှု ခံခဲ့ရပါတယ်။

မိုဒီရဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူတစ် ဦးကတော့ အယ်လ်ခိုင်ဒါရဲ့ ထုတ်ပြန်ချက်ဟာ စိုးရိမ် စရာဖြစ်ပေမယ့် မိမိတို့မှာ ဖက်ဒရယ်အဆင့် ခိုင်မာတဲ့ အစိုးရအဖွဲ့တွေ တည်ရှိနေတဲ့အတွက် ပူပန်နေစရာမ လိုဘူးလို့ အေအက်ဖ်ပီကို ဖြေကြားသွားတာကို တွေ့ရ ပါတယ်။

အကြမ်းဖက်ဆန့်ကျင်ရေး ကျွမ်းကျင်သူတွေ ကလည်း အယ်လ်ခိုင်ဒါက သက်ကြီးခေါင်းဆောင်တွေ ဟာ အရှေ့အလယ်ပိုင်းမှာ အောင်မြင်မှု ရရှိနေတဲ့ IS အဖွဲ့က ကမ္ဘာတစ်ဝန်းက လူငယ်တွေကို အင်အားစု စည်း သိမ်းသွင်းနိုင်ခဲ့တာကြောင့် အပြိုင်အဆိုင် ပြုလုပ် လာခြင်းသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး IS အဖွဲ့က ပါကစ္စတန်မှာ အင်အားတိုးချဲ့ဖို့ စည်းရုံးရေး ဆင်းနေတာကလည်း ဒေသတွင်း အတိုက်အခံ လက်နက် ကိုင်အင်အား အားနည်းတဲ့အတွက် ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘယ်လိုပဲယူဆယူဆ အယ်လ်ခိုင်ဒါနဲ့ IS အကြမ်းဖက် အဖွဲ့နှစ်ဖွဲ့စလုံးဟာ ကမ္ဘာကို တုန်လှုပ် ချောက်ချားစေတဲ့ အကြမ်းဖက် အဖွဲ့တွေဆိုတာ ငြင်း စရာမရှိပါဘူး။ ကွဲထွက်သွားတဲ့ အဖွဲ့နှစ်ဖွဲ့စလုံးဟာ လှုပ်ရှားမှု အသွင်မတူကြပေမယ့် အစ္စလာမ္မစ်နိုင်ငံ တော် တည်ထောင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကတော့ ဘုံတူနေပါတယ်။ ပြိုင်ဆိုင်မှုက တိုးတက်မှုကို ဖြစ်စေ တဲ့အတွက် အကြမ်းဖက်နှစ်ဖွဲ့စလုံးဟာ မကြာခင် အင် အားပိုကြီးထွားလာနိုင်တာက ဧကန်မလွဲပါ။

၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေး အမြွှာစင်တာ ကို အယ်လ်ခိုင်ဒါက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိ ကန်ဦးဆောင်တဲ့ အနောက်မဟာမိတ်နိုင်ငံတွေက အစ္စ လာမ္မစ် အကြမ်းဖက်အဖွဲ့တွေကို အင်တိုက်အားတိုက် ချေမှုန်းသုတ်သင်ခဲ့ပေမယ့် အမြစ်ပြတ် မချေမှုန်းနိုင် တဲ့အပြငှ်ု အကြမ်းဖက်အဖွဲ့တောင် ထပ်တိုးပေါ် ပေါက်လာတာကို တွေ့ရပါတယ်။ နဂိုရှိရင်း အယ်လ် ခိုင်ဒါ အစ္စလာမ္မစ် အစွန်းရောက်လက်နက်ကိုင်တွေနဲ့ ရုတ်ခြည်း အင်အားကြီးထွားလာတှဲှု့ အဖွဲ့သာ ဘုံ တူ ရည်ရွယ်ချက်ကြောင့် ပြန်လည်ပေါင်းစည်းခဲ့ရင် တော့ ကမ္ဘာကြီးအတွက် အနိဋ္ဌာရုံတွေကို ဆိုးဆိုးရွား ရွား ထပ်မံပုံဖော်ဖန်တီးလာနိုင်တာကို အထူးတင်ပြနေ စရာလိုမယ် မထင်ပါဘူး။

အယ်လ်ခိုင်ဒါကတော့ တောင်အာရှကို ပစ် မှတ်သစ်အဖြစ် ဦးတည်ရွေ့လျားလာပါပြီ။ နိုင်ငံတကာ နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပေါ့ပေါ့ဆဆ ရင်ဆိုင်ဖြေ ရှင်းဖို့ မလွယ်လောက်ဘူးလို့ ထင်မြင်ယူဆမိပါကြောင်း တင်ပြဆွေးနွေးလိုက်ပါတယ်။ ။

#TheFlowerNews

No comments:

Post a Comment