Photo Description: ဘင်ကြီး နောက်ဆုံးနေသွားတဲ့ အိမ်ဝင်း
၂ဝ၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ့ ညသန်းခေါင်။ တနင်္လာနေ့သို့အကူး။ ထိုနေ့သည် အိုစမာဘင်လာဒင် လူ့ဘဝတွင် အသက်ရှင် နေထိုင်ခဲ့သော နောက်ဆုံးနေ့ ဖြစ်သည်။ အာဖဂန်နစ္စတန် စံတော်ချိန် ည ၁၂နာရီ ။ အာဖဂန်ရှိ ဂျလာလာဘတ် အမေရိကန် စစ်စခန်းမှ ဘလက်ဟော့ခ် MH-60 အမျိုးအစား ရဟတ်ယာဉ် နှစ်စင်း။ ချင်းနွတ် Chinook ရဟတ်ယာဉ် သုံးစင်းတို့ ပျံတက်လာကြသည်။
ဘလက်ဟော့ရဟတ်ယာဉ် နှစ်စင်းပေါ်တွင် ရေတပ် အထူးတပ်ဖွဲ့ဝင် Navy SEAL ၂၄ ဦး၊ စကားပြန်တစ်ဦးနှင့် စစ်ခွေးတစ်ကောင်တို့ လိုက်ပါလာသည်။ ရဟတ်ယာဉ်လေထဲသို့ ရောက်လာသည်အခါတွင်မှ ဦးတည်သွားရမည့် ပစ်မှတ် တည်နေရာ အညွှန်း GPS ကို လက်ခံရရှိသည်။ ရန်သူ့ရေဒါပေါ်တွင် မမြင်နိုင်စေရန် ပြုပြင်တည်ဆောက်ထားသည့် ကိုယ်ပျောက် ရဟတ်ယာဉ်များ ဖြစ်သော်လည်း ရေဒါလှိုင်းကို တတ်နိုင်သမျှ ကွင်းရှောင်သောအားဖြင့် ငါးစင်းစလုံး သစ်ပင်ထိပ်ဖျား အမြင့်ခန့်သာ ခိုင်ဘာ- Khyber တောင်ကြားအတိုင်း ပျံသန်းလာကြသည်။ ချင်းနွတ်ရဟတ်ယာဉ် သုံးစင်းသည် ခရီးသုံးချိုးနှစ်ချိုး အရောက်၌ မြေပြင်တွင် ဆင်းသက်ကာ တောင်ကြားတစ်ခုတွင် အရန်အဖြစ် ခိုနေခဲ့သည်။ ထိုစစ်ဆင်ရေးကို ဂျရောနီမိုဟု အမည်ပေးထားသည်။
လိုက်ပါလာသော စစ်ခွေး၏ အမည်မှာ ကိုင်ရို ဖြစ်သည်။ ဂျာမန် ရှက်ပတ် ခွေးမျိုးဖြစ်သည်။ သူ့အား ကျည်ကာအင်္ကျီ ဝတ်ပေးထားပြီး၊ ဒေါ်လာသုံးသောင်းတန် ညမြင်ဗီဒီယို ကင်မရာ Infrared Video Camera တစ်လုံးလည်း တပ်ပေးထားသည်။ ထို့ကြောင့် ညအမှောင်ထဲတွင် ခွေးမြင်နေသမျှကို ခွေးထိန်းကလည်း မြင်နိုင်သည်။ ဝင်ရောက်စီးနင်းသည့် အခါ ထွက်ပြေးသူ ရှိပါက ခွေးဖြင့် လိုက်ဖမ်းနိုင်ရန် ဖြစ်သည်။ လေ့ကျင့်ထားသော စစ်ခွေးတစ်ကောင်သည် ဒေါ်လာ ငါးသောင်း ခန့်တန်သည်ဟု ဆိုသည်။
ခရီးဆက်လာသော ဘလက်ဟော့ နှစ်စင်းသည် ပက်ရှဝါ မြို့၏ မီးရောင်များကို နောက်တွင် ချန်ထားခဲ့ပြီး ဆိတ်ငြိမ် နေသော အဘော့တာဘတ်မြို့ပေါ်သို့ ရောက်လာသည်။ ည ၁၂ နာရီ ၃ဝ မိနစ်တွင် ဖြစ်သည်။ မြို့သည် ဆိတ်ငြိမ်အိပ်မော ကျလျက်။
အဘော့တဘတ်မြို့သည် လူဦးရေ တစ်သိန်းနှစ်သောင်း ရှိသော တောင်စခန်း တပ်မြို့လေး ဖြစ်သည်။ စိမ်းစိုသော တောင်ကုန်းများ နွေရာသီတွင် အရာရှိကြီးများ လာရောက် အပန်းဖြေလေ့ရှိသည်။ ဝိုင်းရံထားသည့် သာယာလှပသော မြို့လေးဖြစ်သည်။ တိုက်ဖော်တိုက်ဘက် မိတ်ဆွေများနှင့် နီးနီးနားနားနေလိုသော အငြိမ်းစား တပ်မတော်အရာရှိများ နေထိုင်ရာမြို့လည်း ဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် မြို့ကို တည်ထောင်ခဲ့သူ ဗြိတိသျှ စစ်တပ်မှ ဗိုလ်မှူး ဂျိမ်းအဘိုး -Major James Abbo ကို အစွဲပြုလျက် မြို့အမည်ကို ပေးထားခြင်း ဖြစ်သည်။ ဂုဏ်သတင်းကြီးလှသည့် ပါကစ္စတန် စစ်တက္ကသိုလ် တည်ရှိရာနှင့် ပါကစ္စတန် အမှတ်-၂ တပ်မဟာ စခန်းချရာလည်း ဖြစ်သည်။
ရဟတ်ယာဉ်များ ပါကစ္စတန်ပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်လာသည့် အချိန်သည် ညဉ့်နက်သန်းခေါင်ကျော် ဖြစ်သဖြင့် မြို့သူမြို့သား အများစုမှာ အိပ်မောကျလျက်။ ရှေ့နေ၊ ဆရာဝန်နှင့် အငြိမ်းစားတပ်မတော် အရာရှိများလည်း အိပ်စက်နေကြပေမည်။ အဓိက ပစ်မှတ်ဖြစ်သော အိုစမာ ဘင်လာဒင် တစ်ယောက် အိပ်ရာဝင်ခါနီးဆဲဆဲ။
ထိုနေရာမှ ကမ္ဘာတစ်ဝက် ခရီးအကွာအဝေး၌ရှိ အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်း ဖြစ်သည်။ အိမ်ဖြူတော် အရေးပေါ်ခန်းမ - Situation Room တွင် ထိပ်တန်းအရာရှိကြီးများဖြင်
နံရံတွင် ကပ်လျက်သားရှိနေသည့် ခုံပုလေးပေါ်တွင် သမ္မတ အိုဘားမားက ထိုင်နေသည်။ သူ၏ မျက်လုံးအစုံသည်လည်း ဖန်သားမျက်နှာပြင်၌ပေါ်သာ ရှိနေသည်။
စိုးရိမ်သောက စိတ်ကြောင့် သူ့မျက်စိုးရိမ်သောက စိတ်ကြောင့် သူ့မျက်နှာက တင်းမာနေသယောင်။ အခြား နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်း အမေရိကန် တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်ခြင်းကို ခွင့်ပြုပေးနိုင်သည့် အဆုံးအစွန်သော အာဏာကို ကိုင်စွဲထားသူ ဖြစ်သည်။ သို့သော် ယခု ဖန်သားပြင်ပေါ်တွင် မြင်နေရသည့် ဖြစ်စဉ်များကိုမူ သူ၏ အာဏာဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိတော့။ ဘုရားတပြီး ထိုင်ကြည့် နေရုံမျှသာ။
ဘင်လာဒင်အား မည်သို့ အရေးယူ ဆောင်ရွက်သင့်သည်ကို သူတို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော သုံးရက်က ပြုလုပ်ခဲ့သည့် အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆွေးနွေးချက်များအရ အိုဘားမား အနေဖြင့် ဘင်လာဒင်နှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည်များကို ပိုမိုပီပီပြင်ပြင် သိခဲ့ရသည်။ အဘော့တာဘတ်မြို့ရှိ ခြံဝင်းကို ထောက်လှမ်းရေး ဂြိုလ်တုများဖြင့် စောင့်ကြည့်ပြီး ဘင်လာဒင်ထွက် အလာကိုစောင့်ရန်။ ဘီ-၂ ဗုံးကြဲ လေယာဉ်ဖြင့် ခြံဝင်းကို မြေလှန်ပစ်ရန်။ အထူးတပ်ဖွဲ့ စေလွှတ်ပြီး ဘင်လာဒင်ကို ဖမ်းဆီးရန်ဟူသည့် ရွေးချယ်ရမည့် နည်းလမ်းသုံးသွယ် ပေါ်ထွက်လာသည်။ အဖြေမရှိသော မေးခွန်းတွေကလည်း အများအပြား။
ဆိုမာလီယာနှင့် ဆူဒန်တို့တွင် အယ်လ်ကိုင်ဒါများကို ဒုံးဖြင့် တိုက်ခိုက်ခဲ့သည့် ယခင်အစဉ်အလာများ ရှိခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်ပြီး ပြီးချင်း ပစ်မှတ်တို့၏ ဒီအင်န်အေ အစအနများကို အပျက်အစီးများ ကြားမှ ရဟတ်ယာဉ်ဖြင့် ဝင်ကောက်ရသည့် အဖြစ်မျိုး ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုနည်းသည် အတော်ပင် စွန့်စားရသော အလုပ်ဖြစ်သည်။ တိုက်ခိုက်ခံလိုက်ရသဖြင့် နောက်ထပ် တိုက်ခိုက်လာမည်ကို ရန်သူက မြေပြင်မှ အသင့်ပြင် စောင့်ဆိုင်းနေခိုက် ဝင်ကောက်ရသည်ဖြစ်ရာ အတော်ပင် အန္တရာယ်များလှသည်။
ယခုကိစ္စ၌ ထောက်လှမ်းရေး သတင်းသည် မည်မျှတိကျမှု ရှိသနည်း။ ငါးဆယ်မှ ရှစ်ဆယ်ရာနှုန်းသာ။ မည်မျှ လွဲချော်မှားယွင်း နိုင်သနည်း။ ခွက်ခွက်လန် မှားကုန်၊ ယွင်းကုန်နိုင်သည်။ အထူးတပ်ဖွဲ့ဝင်များ ဓားစာခံအဖြစ် အဖမ်းခံရနိုင်သည်။ ဝန်ချတောင်းပန်ရသည့် အရှက်တကွဲ အခြေအနေမျိုးနှင့်လည်း ကြုံနိုင်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် တဟီရန်၌ ဓားစာခံအဖြစ် အဖမ်းခံထားရသော အမေရိကန် သံဝန်ထမ်းများကို ကယ်ဆယ်ရန် အမေရိကန် အထူးတပ်ဖွဲ့များ စေလွှတ်ခဲ့စဉ်က အလွဲလွဲ အချော်ချော်ဖြစ်ကာ အရှက်ကွဲ ခဲ့ရသည်။ ထို့ကြောင့် သမ္မတ ဂျင်မီကာတာသည် ဒုတိယ သက်တမ်းအတွက် ပြန်အရွေး မခံရတော့။ ထိုအဖြစ်အပျက်ကို အိမ်ဖြူတော် အကြံပေးအရာရှိများ မမေ့နိုင်ကြသေးပေ။ ဘင်လာဒင် ကိစ္စကို မဆုံးဖြတ်နိုင်ဘဲ ကြာရှည်မျောနေ၍လည်း မဖြစ်။ သတင်းပေါက်ကြားကာ အုတ်အော်သောင်းတင်း ဖြစ်ကုန်မည်။ ဝင်ရောက်စီးနင်းရေး အစီအစဉ်ကို သိရှိထားသူပေါင်း တစ်ရာကျော်နေပြီ ဖြစ်သည်။ ပါးစပ်ပေါက် တစ်ရာကျော်ကို ကြာကြာပိတ်ထား၍ မရနိုင်။ ဗုံးကြဲလျှင် အားလုံးအမှုန့် ဖြစ်သွားမည်။ ထိုအထဲတွင် ဘင်လာဒင် ပါ-မပါ မသိနိုင်။ ဒီအင်အေ စစ်ဆေးနိုင်သည် ဆိုသော်လည်း လူအများက ယုံကြမည် မဟုတ်။ မည်မည်ရရ သက်သေအထောက်အထား ကျန်မည်မဟုတ်။ ဒီအင်အေ သက်သေဆိုသည်မှာလည်း မြင်သာထင်သာ မရှိလှသဖြင့် အများက လွယ်လွယ်ကူကူ လက်ခံလိမ့်မည်မဟုတ်။ အထူးတပ်ဖွဲ့ဖြင့် ကျူးကျော်စီးနင်းတိုက် ခိုက်မည်ဆိုလျှင် နဂိုတည်းက လှုပ်လီလှုပ်လဲ့ ဖြစ်နေသော ပါကစ္စတန်-အမေရိကန် ဆက်ဆံရေးသည် စုန်း စုန်းမြုပ်သွားနိုင်သည်။
အထူးတပ်ဖွဲ့ဝင်များ၏ ဖိုင်ဘာ ခမောက်တွင် တပ်ဆင်ထားသော ရုပ်မြင်ကင်မရာက ဂြိုလ်တုသို့ လွှင့်တင်ပေးနေသည်။ ဂြိုလ်တုမှတစ်ဆင့် ရောက်လာသော ရုပ်မြင်ဖန်သားပေါ်တွင် မြင်နေရသည့် မြင်ကွင်းမှာ အသည်းထိတ်စရာ။ အမေရိကန်၏ ဂုဏ်သိက္ခာနှင့် သံတမန်ဆက် ဆံရေးကို လောင်းကြေးထပ်ထားရသော စွန့်စားမှု ဖြစ်သည်။
ရဟတ်ယာဉ်တစ်စင်း ချို့ယွင်းသွားသည်။ ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာသော အထူးတပ်ဖွဲ့ဝင်များသည် နှစ်ဖွဲ့ခွဲလိုက်သည်။ သူတို့သည် ပုံစံတူ အဆောက်အအုံ တစ်ခုတွင် လပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးသူများ ဖြစ်သည်။ မည်သည့်နေရာတွင် မည်သူက တာဝန်ယူရမည်။ အတွင်းသို့ မည်သို့ဝင်ရောက်ရမည် စသည်များကို ချိန်ကိုက်လေ့ကျင့် ထားသူများ ဖြစ်သည်။ တစ်ဖွဲ့က အိမ်နံရံကို ဖောက်ခွဲလိုက်သည်။ ကျန်တစ်ဖွဲ့က ဝင်းခြံထဲရှိ အိမ်ငယ်လေးများဆီသို့ ချဉ်းကပ်သွားသည်။ သေနတ်သံများ ကြားနေရသည်။ တစ်ထပ်ချင်းကို ရှင်းလင်းပြီး အပေါ်သို့တက်လာသည်။ ပစ်မှတ်ရှိရာ တတိယအထပ်သို့ ရောက်လာသည်။ သေနတ်သံ သုံးလေးချက် ထွက်လာပြီး ညသည် ပကတိ ပြန်လည်တိတ်ဆိတ်သွား သည်။
အယ်လ်ကိုင်ဒါ အကြမ်းဖက် ကွန်ရက်၏ အဓိပတိ။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ ဥာဏ်ကြီးရှင်။ တိုက်ကြီး လေးတိုက်တွင် လူထောင်ပေါင်းများစွာကို သေ တွင်းပို့ခဲ့သူ။ အိုစမာဘင်လာဒင်သည် သွေးအိုင်ထဲတွင် သေဆုံးနေသည်။
ဘင်လာဒင်သည် ထိုအချိန်က တတိယထပ်တွင် ရှိနေခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင်နှင့် ရင်ဆိုင်တွေ့သည့်အခါ ဘင်လာဒင်က လက်နက်ကိုင် ဆောင်ထားခြင်းမရှိ။ နောက်ဆုံး လက်ထပ်ထားသည့် ဇနီး အသက် ၂၄ နှစ်ရှိ အယ်လ်ဆာဒါးက ခင်ပွန်းသည်ကို အကာအကွယ်ပေးရန် တပ်ဖွဲ့ဝင်များထံ ပြေးဝင်လာသဖြင့် ခြေသလုံးကို ပစ်လိုက်သည်။ ဘင်လာဒင်သည် ဝဲမျက်လုံး အထက်နှင့် ရင်ဘတ်တွင် တစ်ချက်စီဖြင့် အသက်ပျောက်သွားသည်။ သေဆုံးချိန်တွင် သူသည် အသက် ၅၄ နှစ် ရှိပြီ။ ခြံဝင်းအတွင်း နေထိုင်လျက်ရှိသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးလည်း သေဆုံးသည်။ ယင်းတို့အနက်တစ်ဦးမှာ ဘင်လာဒင်၏သားဟု ဆိုသည်။ သေဆုံးသည့် အမျိုးသား သုံးဦးအနက် တစ်ဦးသာလျှင် လက်နက်ကိုင်ဆောင် ထားသည်ဟု ဆိုသည်။
အိမ်အတွင်း အခြေအနေများ ငြိမ်သက်သွားသောအခါ ဘင်လာဒင်၏ ရုပ်အလောင်းကို ကြမ်းပြင်ပေါ်တွင် ဆန့်ဆန့်ချထားပြီး အရပ်ခြောက်ပေရှိ အထူးတပ်ဖွဲ့ဝင် တစ်ဦးအား အလောင်းဘေးတွင် လှဲအိပ် ခိုင်းလိုက်သည်။ ဘင်လာဒင်သည် အရပ် ခြောက်ပေရှိ တပ်ဖွဲ့ဝင်ထက် အနည်းငယ် ပိုမြင့်နေကြောင်း တွေ့ရ သည်။
ထိုသို့ အရပ်တိုင်းနေကြပုံကို ရုပ်မြင်ဖန်သားပေါ်တွင် ကြည့်နေသည့် သမ္မတအိုဘားမားက အကြံပေး အရာရှိများ ဘက်သို့ လှည့်ကာ ''ဒေါ်လာ သန်းခြောက်ဆယ်တန် ရဟတ်ယာဉ်တောင် အဆုံးရှုံးခံပြီး လုပ်ရတာ။ ခင်ဗျားတို့က ပေကြိုးလေး တစ်ချောင်းတောင် မဝယ်နိုင်ကြ တော့ဘူးလား''ဟု ပြောသည်။
ဆက်လက်ဖော်ပြပါမည်။
Ref: Killing Bin Laden: How the U.S. Finally Got Its Man.
No comments:
Post a Comment