Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 6, 2014

အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း


မြန်မာနိုင်ငံအပေါ် စေတနာထားကြတဲ့ မိတ်ဆွေနိုင်ငံတွေဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်လွန်းနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

-------------------------------------------

စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိဆာကာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ “မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“အသွင်ကူးပြောင်းရေးကာလဆိုရင် ကျမတို့အပေါ်မှာ စေတနာထားတဲ့ မိတ်ဆွေနိုင်ငံတွေဟာ သိပ်ပြီးအကောင်းဘက်က မြင်ချင်ကြပါတယ်။
ဒါကြောင့် ကျမက စိန်ခေါ်လိုက်တယ်ဆိုတာ အဖြစ်ကို အဖြစ်အတိုင်းမြင်ပြီး အခြေအနေတွေကို တကယ်ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပါဆိုတာ ဒီလိုစိန်ခေါ်မှုကို ပြောချင်ပါတယ်။

ဒါပေမယ့် ဒီဟာက ကျမတို့ တဦးချင်း တဦးချင်းအတွက် စိန်ခေါ်မှုပါ။
ကျမတို့ မိတ်ဆွေနိုင်ငံအတွက် မဟုတ်ဘူး။ ကျမတို့ နိုင်ငံအတွက်၊ ကျမတို့နိုင်ငံအတွက်ဆိုတာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက်၊ ကျမတို့ ပြည်သူပြည်သားတွေဆိုတာ တဦးချင်း တဦးချင်းအတွက်ပဲ။”

တရားဥပဒေစိုးမိုးမှု မရှိဘဲ ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ပြောသွားပါတယ်။
“တရားဥပဒေ စိုးမိုးရေးရှိဖို့က အဓိက ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကနေပြီးတော့ ကျမတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် နံပတ် ၁ လိုအပ်ချက်က တရားဥပဒေစိုးမိုးရေးပါ။ နံပတ် ၂ ပြည်တွင်းငြိမ်းချမ်းရေးဆိုတော့ တချို့က ဒါကို ကန့်ကွက်ကြတယ်။
အထူးသဖြင့် တိုင်းရင်းသားတွေပါ။
ဘာဖြစ်လို့ နံပတ် ၂ က ပြည်တွင်းငြိမ်းချမ်းရေးလဲ၊ နံပတ် ၁ က ပြည်တွင်းငြိမ်းချမ်းရေး မဟုတ်ဘူးလားဆိုတော့ ဒါလည်း ကျမ လက်တွေ့ကျကျကြည့်တာပါ။ တကယ်ပြည်တွင်းငြိမ်းချမ်းရေးဟာ ရေရှည်ခံဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိပဲနဲ့ မရပါဘူး။
ဘယ်လိုပဲ သဘောတူညီချက်တွေ ယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊ ဘယ်လိုပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးထိုး တကယ်တော့ တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေဟာ ဘယ်လောက်အထိ တည်မြဲမှာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ”

ပြည်သူတွေ တဦးချင်းအနေနဲ့ အသွင်ကူးပြောင်းဖို့ လိုတယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသွားပါတယ်။
“အသွင်ကူးပြောင်းရေးမှာ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေဟာ မိမိတို့ တဦးချင်း တဦးချင်းဟာ ကိုယ့်ဘာသာကိုယ် အသွင်ကူးပြောင်းဖို့ စိတ်ဓာတ်ဖြစ်လာအောင်လို့ ကျမတို့ ပညာပေးတယ်ပဲဖြစ်ဖြစ် စည်းရုံးတယ်ပဲဖြစ်ဖြစ် ဆော်သြတယ်ပဲဖြစ်ဖြစ် အဲဒါလုပ်ဖို့ လိုမယ်ဆိုတာကို ကျမတို့ လက်ခံခဲ့တယ်။
ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲ လုပ်လုပ် ကျမတို့ ပြည်သူကို ချပြတယ်။
အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူတွေကို အထင်သေးတတ်ပါတယ်။
ပြည်သူတွေက နားမလည်လို့ ပြည်သူတွေဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့ နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိလို့ အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ အကြာကြီး အုပ်ချုပ်နိုင်တာ၊ ဒါကြောင့်မို့လို့ ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့ အဲဒီအမြင်တွေ ရှိတတ်ပါတယ်။

ကျမက ဒီဟာကို တုံ့ပြန်တဲ့နေရာမှာဆိုရင် ချက်နိုင်ငံက ကျမတို့အများကြီးလေးစားခဲ့တဲ့ ဗာစကာ ဟာဗယ်လ် Václav Havel ပြောခဲ့ဖူးတဲ့ The Power of the Powerless “အာဏာမရှိတဲ့ သူများရဲ့ အင်အား”ပေါ့။
အဲဒီလိုမျိုး ခဏခဏ သုံးခဲ့ပါတယ်။
ဒီအင်အားဟာ ရှိတယ်လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။”

ဒါတွေကတော့ ရန်ကုန်က အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နုတ် တင်ဆက်ပေးခဲ့တာပါ။

အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါအင်စတီကျုနှင့် ဂျာမနီနိုင်ငံအခြေစိုက် ပညာရေးအထူးပြု အဖွဲ့အစည်း တခုဖြစ်သည့် Konrad-Adennuer-Stiftung တို့ ပူးပေါင်း ကျင်းပနေတာဖြစ်ပြီး စက်တင်ဘာ ၅ နဲ့ ၆ ၂ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

DVB

BAYDA Institute သတင်းထုတ်ပြန်ချက် ( ၆၊ ၉ ၊ ၂၀၁၄ )

------------------------------------------------------------------
၅-၉-၂၀၁၄ နှင့် ၆-၉-၂-၁၄ရက်နေ့တွင် ရန်ကုန်မြို့၊ MiCasa Hotal တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီ (၁၁)ပါတီ၊ စုစုပေါင်း ၊နိုင်ငံရေးပါတီ (၁၂) ပါတီတို့တက်ရောက်ဆွေးနွေးသော
“ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလနှင့် စိန်ခေါ်မှုများ”
အလုပ်ရုံဆွေးနွေးပွဲကို ဗေဒါအင်စတီကျုမှ တာဝန်ခံကျင်းပပြုလုပ်ခဲ့ပြီး၊ ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးခဲ့ကြ သည်။
၁။ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းနှင့် စိန်ခေါ်မှုများ၊
၂။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စိန်ခေါ်မှုများ၊
၃။ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ အောက်ပါအတိုင်း သဘောတူမှတ်ချက်ပြုခဲ့ ကြသည်။
၁။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည့် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဥပဒေပြု အာဏာခွဲဝေသည့် ဇယားကို ပြင်ဆင်းခြင်းသည် လုပ်နည်းလုပ်ဟန်ကိစ္စသာဖြစ်ပြီး၊ ပြည်ထောင်စုဆိုင်ရာ၊ တိုင်းရင်းသားဆိုင်ရာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းခြင်းမဟုတ်သောကြောင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။နိုင်ငံရေးပြဿနားများ၊ တိုင်းရင်းသားပြဿနာများ ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆန်သော တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကာ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြိးပြုလုပ်ပြီး ပြည်ထောင်စုကို ပြည်ထောင်စု ယူနစ်ဘယ်နှစ်ခုဖြင့် တည်ဆောက်မည်ဟု ဦးစွာဆုံးဖြတ်ကာ ပြည်ထောင်စုနှင့် ပြည်နယ်ကြား အာဏာခွဲဝေမှု ကို ဆုံးဖြတ်ရမည်။ ထို့နောက်မှသာ ထိုဆုံးဖြတ်ထားသောအာဏာခွဲဝေမှုအပေါ်မူတည်၍ ပြည်ထောင်စုဥပဒေ ပြုစာရင်း၊ ပြည်ထောင်စုယူနစ်ဥပဒေပြုစာရင်း၊ ထပ်တူကျဥပဒေပြုစာရင်းကို ပညာရှင်များမှ ပြုစုသင့်သည်။
၂။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရမှ တစ်ဖက်သတ်ပြုလုပ်နေသောကြောင့် ငြိမ်းချမ်းရေးမအောင်မြင် နိုင်ပါ။ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုဌာန ( Myanmar Peace Centre - MPC ) သည် အစိုးရ လက်အောက်ခံအဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါဗဟိုဌာနမှ ငြိမ်းချမ်းရေးအကျိုးဆောင်များသည် သမ္မတ နှင့် အစိုးရ၏ အကျိုးဆောင်များဖြစ်ကြသည်။ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘက်မလိုက် သော ကြားနေအဖွဲ့ သို့မဟုတ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် လူပုဂ္ဂိုလ်ကို ကြားနေအဖွဲ့အဖြစ်ထားရှိသင့် ပါသည်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရ၏ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်သည်ဟု မြင်ကြသည်။

၃။ ရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းသင့်သည်။ ရွေးကောက်ပွဲကောင်မရှင်ဥပဒေနှင့် နည်းဥပဒေကို ပြင်ဆင့်သင့် သည်။ ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ ကို ဘက်လိုက်နေသည်။ တရားမျှတမှုမရှိ။
- ကြားဖြတ်ရွေးကောက်ပွဲသော်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲသော်လည်းကောင်း၊ မဲဆန္ဒနယ် သုံးနယ်အနည်းဆုံးပါဝင်ယှဉ်ပြိုင်မှု မရှိသော နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရမည်။ ဤအချက်ကို ပြင် ဆင်သင့်သည်။
- ပါတီတွေစုပြီး မမျှတသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ နှင့် နည်းဥပဒေများကို ပြင်ဆင်ရန်ဝိုင်း ၀န်းတောင်ဆိုသင့်သည်။
- ပီအာစနစ်ကို တက်ရောက်လာသည့် ပါတီတိုင်းက လုံးဝ လက်မခံပါ။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပါတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ကယန်းအမျိုးသားဒီမိုကရက်တစ်ပါတီ
၂။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
၃။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၎။ ရခိုင်အမျိုးသားပါတီ
၅။ “၀” အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီ
၆။ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်
၇။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးရေးပါတီ
၈။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
၉။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်
၁၀။ မွန်အမျိုးသားပါတီ
၁၁။ ကရင်ပြည်သူ့ပါတီ
၁၂။ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်

သတင်းထုတ်ပြန်ရေးဌာန (BAYDA Institute) ဖုန်း - ၀၉ ၃၁၀၅၈၇၄၇

No comments:

Post a Comment