Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 13, 2014

ဘင်လာဒင်၏နောက်ဆုံးညများ ( ၃ )

                          Photo Description: ဘင်ကြီး နောက်ဆုံးနေသွားတဲ့ အိမ်ဝင်း


ဘင်လာဒင်အိမ်မှ သိမ်းယူသွားသော ကွန်ပျူတာ ငါးလုံး၊ ဒီဗီဒီနှင့် စီဒီအချပ်များ၊ ယူအက်စ်ဘီ သိုမှီးကိရိယာ Thumb Drives အချောင်းတစ်ရာကျော်၊ ကွန်ပျူတာ ဟာဒ်ဒစ် ငါးလုံး၊ လက်ကိုင်ဖုန်း အများအပြားထဲတွင် မည်သည့်အတွက် အဘော့တာဘတ်မြို့တွင် ပုန်းရှောင်နေရသည် ဆိုသည့်အဖြေကို ရှာတွေ့နိုင်ကောင်း တွေ့နိုင်သည်။ ထိုဒီဗီဒီအချို့တွင် အမေရိကန် ညစ်ညမ်းအခွေများကို တွေ့ရသည်ဟု သတင်းရပ်ကွက်က ဆိုသည်။ လက်ကိုင်ဖုန်းများထဲမှ အဆက်အသွယ် တယ်လီဖုန်း နံပါတ်များကို ရရှိထားပြီ ဖြစ်သည်။ ထိုအဆက်အသွယ် နံပါတ်များ အနက်မှ အမေရိကန်ရှိ နံပါတ်များ သီးခြားဖယ်ထုတ် ခြေရာခံလျက် ရှိသည်။ အမေရိကန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရှိနေပါက ထိုနံပါတ်များနှင့် ဆက်စပ်နေနိုင်သည်။

သိမ်းဆည်းရမိသော ကွန်ပျူတာ မှတ်တမ်းမှတ်ရာများသည် အာရဗီဘာသာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ အာရဗီ ဘာသာ တတ်ကျွမ်းသူများနှင့် ကွန်ပျူတာ ကျွမ်းကျင်သူ ရာပေါင်းများစွာသည် ယခုအခါ မှတ်တမ်းမှတ်ရာများကို နေ့မအား ညမအား စိစစ်ဖော်ထုတ်လျက် ရှိသည်။ အဆိုပါ အဖွဲ့တွင် ပါဝင်နေသည့် အမည်မဖော်လိုသော အရာရှိ တစ်ဦးက ''မှတ်စု၊ အပြန်အလှန် ပေးစာ၊ အီးလ်မေးလ်တွေကို စိစစ်နေတယ်။ အီးမေးလ်လိပ်စာရှင်ဟာ ဘယ်သူလဲ၊ ဘင်လာဒင်နဲ့ ဘယ်လိုပတ်သက်သလဲ စတာတွေကို ဖော်ထုတ်နေတယ်''ဟု ပြောသည်။

ဘင်လာဒင်သည် ပုန်းအောင်းနေရသော်လည်း အမေရိကန်အား တိုက်ခိုက်ရေး အစီအစဉ်များကို ရေးဆွဲလျက် ရှိကြောင်း တွေ့ရသည်။ ခရစ်စမတ်နှင့် နှစ်သစ်ကူး အချိန်များတွင် ရထားလမ်း ဖျက်ဆီးထားရန်၊ ရထားများကို လမ်းချော်စေရန် လုပ်ကြံမှုများ၊ ရေနံတင် သင်္ဘောကြီးများကို တိုက်ခိုက်ခြင်း စသည့် အကြံအစည်များကို ဘင်လာဒင်၏ မှတ်စု စာအုပ်တွင် တွေ့ရသည်ဟု ဆိုသည်။

ဘင်လာဒင် သေဆုံးသွားပြီဖြစ်ကြောင်း အယ်လ်ကိုင်ဒါ အင်တာနက် စာမျက်နှာတွင် ထုတ်ဖော်ဝန်ခံသည်ဟု ဆိုသည်။ အဆိုပါ ကြေညာချက်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ကြရန်၊ အမေရိကန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် အစိုးရများအား ဆန္ဒပြဖိအားပေးရန် လှုံ့ဆော်ထားသည်။ ဘင်လာဒင် သေဆုံးသွားသည့်အတွက် အယ်လ်ကိုင်ဒါ၏ ဂျီဟာဒ် စစ်ပွဲသည် အဆုံးသတ်သွားမည် မဟုတ်ကြောင်း ဖော်ပြသည်။

၂ဝဝ၁ ခုနှစ်တွင် ဘင်လာဒင်အား တိုရာဘိုရာ တောင်တန်းတွင် နောက်ဆုံးတွေ့မြင်လိုက်ရပြီး ပျောက်ကွယ်သွားသည်။ ထိုအချိန်မှစလျက် ခြေရာလည်းပျောက် ရေလည်းနောက် ကျန်ခဲ့သည်။ အစအနရှာမရ။ ထိုစဉ်မှစ၍ ဘင်လာဒင်သည် ဝါယာလက်နှင့် လက်ကိုင်ဖုန်း စသည့် အီလက် ထရွန်းနစ် ဆက်သွယ်ရေး ကိရိယာတို့ကို အသုံးမပြုတော့။ အနီးအနားတွင်လည်း မထားတော့။ အီလက်ထရွန်းနစ်နည်းဖြင့် သူ့အား ခြေရာမခံ နိုင်စေရန် ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများနှင့် ဆက်သွယ်ရာတွင် ဆက်သားကိုသာ အသုံးပြုတော့သည်။ ထိုဆက်သားကြောင့်ပင် အမေရိကန်တို့သည် ဘင်လာဒင်ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြသည်။ အဆင့်မြင့် စစ်ဆေးခြင်း နည်းစနစ်ဖြင့် ဘင်လာဒင်၏ စိတ်အချဆုံး ဆက်သားအမည်ကို အမေရိကန်တို့ ၂ဝဝ၇ ခုနှစ် စောစောပိုင်းတွင် သိလာရသည်။ ထိုသူ၏ အမည်မှာ အာရှတ်ခန်-Ashad Khan ဖြစ်သည်။ အယ်လ်ကိုင်ဒါ အသိုင်းအဝိုင်းတွင် သူ့ကို အယ်လ်ကူဝိတ်တီဗူ Al Kuwaiti ဟု သိကြသည်။ အယ်လ်ကိုင်ဒါ ဆက်သား ဟတ်ဆန် ဂူးလ်ကို နှိပ်စက်စစ်ဆေးရာမှ သိလာရခြင်း ဖြစ်သည်။ ဂွမ်တာနာမို အကျဉ်းစခန်းတွင် ညှဉ်းပန်းနှိပ်စက်မှုများ၊ လူမဆန်စွာ ရက်စက်မှုများကို သမ္မတဘုရှ် လက်ထက်ကတည်းက ကွန်ဂရက်တွင် ဝေဖန် ပြစ်တင်မှုများ ရှိခဲ့သည်။ အစိုးရပိုင်းကလည်း နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်သဖြင့် မလွှဲမရှောင်သာဘဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု စောဒက တက်သည်။ ယင်းသို့ စစ်ဆေးခြင်းကို အဆင့်မြင့် စစ်ဆေးခြင်း နည်းစနစ်-Enhanced Investigation Technique ဟု အမည်ပေးထားသည်။ အကျဉ်းသား တစ်ဦးကို ယင်းနည်းဖြင့် စစ်ဆေးမည်ဆိုပါက တရားရေး ဌာန၏ ခွင့်ပြုချက်ရှိဖို့ လိုအပ်သည်။ နှိပ်စက်ညှဉ်းပန်း စစ်ဆေး နိုင်ရန် အယ်လ်ကိုင်ဒါများအား ဂွမ်တာနာမိုနှင့် အမေရိကန် ပြင်ပနိုင်ငံခြား ကျဉ်းစခန်းများ (ကျူးဘား၊ ပိုလန်၊ ထိုင်း စသည်တို့တွင် ရှိသည်) တွင်ထားခြင်း ဖြစ်သည်။ ယင်းတို့အား အမေရိကန် ပြည်တွင်းတွင် ချုပ်နှောင်ထားမည် ဆိုပါက အမေရိကရှိ အခြားသော အကျဉ်းထောင်များမှ အကျဉ်းသားများ နည်းတူ အခွင့်အရေး ခံစားခွင့် ရရှိပြီး၊ နှိပ်စက်ညှဉ်းပန်း စစ်ဆေးခြင်းလည်း ပြုလုပ်ခွင့် မရှိပေ။

၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ။ ကာ့ဒ်စစ်တပ်သည် အီရတ် မြောက်ပိုင်းတွင် အယ်လ်ကိုင်ဒါ ဆက်သား ဟတ်ဆန်ဂူးလ် Has-san Ghul ကိုဖမ်းဆီးရမိသည်။
Has-san Ghul ကို ဖမ်းဆီးရမိသည်။ ဂူးလ်လက်ထဲတွင် စာတစ်စောင် တွေ့ရသည်။ ထိုစာမှာ အီရတ်အကြမ်း ဖက်ခေါင်းဆောင် အဘူမူဆတ်ဇာ ကာဝီ- Abu Musab Zarqawi ထံမှ ဘင်လာဒင်ထံသို့ ပေးပို့သောစာဖြစ်သည်။ ဂူးလ်အား အဆင့်မြင့် စစ်ဆေးနည်းဖြင့် စစ်ဆေးခွင့်ပြုရန် တရားရေးဌာနသို့ စီအိုင်အေက တောင်းခံလိုက်သည်။ သို့သော် ဂူးလ်သည် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သည်။ အဆင့်မြင့် စစ်ဆေးနည်းသည် သူ့ထံမှ သတင်းကို ညှစ်မထုတ်နိုင်ခဲ့။ ထိုအခါ စီအိုင်အေသည် နည်းလမ်းပြောင်းရသည်။ ဂူးလ်သည် အစားအသောက် မက်သည့်အပြင် ရှက်ကြောက်တတ်သူ ဖြစ်သည်ကို စီအိုင်အေ စိတ်ပညာရှင်များက သတိထားမိသည်။ ထိုအချက်ကို စီအိုင်အေက ပျော့ကွက်အဖြစ် အသုံးချလိုက်သည်။ အစာလျှော့ကျွေးခြင်း။ အငတ်ထားခြင်း။ နည်းတို့ကို အသုံးပြုပြန်သည်။ ယင်းသို့ စစ်ဆေးနေစဉ် တစ်လျှောက်လုံး စီအိုင်အေသည် ခွင့်ပြုထားသည့် နည်းလမ်းများထက် ပိုမိုသုံးစွဲခြင်း ရှိ-မရှိ တရားရုံးချုပ် ဥပဒေ အကျိုးဆောင် တစ်ဦးက စောင့်ကြည့်စစ်ဆေးသည်။ ထိုနည်းဖြင့် သတင်းအချက်အလက် အချို့ကို ရလာသည်။ ထိုအချက်များ အနက် ဘင်လာဒင်၏ လူယုံဆက်သား တစ်ဦးမှာ အာရှတ်ခန် ဖြစ်ကြောင်း သိလာရသည်။ သို့သော် အာရှတ်ခန် မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရ။ လျှို့ဝှက်သည်းဖို ဝတ္ထုဆန်သော ဇာတ်လမ်း အစဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့တွင် အာရှတ်ခန်ထံသို့ မိတ်ဆွေတစ်ယောက်ထံမှ တယ်လီဖုန်း ဝင်လာသည်။

''သူငယ်ချင်း မတွေ့တာ ကြာလှပြီ။ သတိရတယ်ကွာ။ ဘာတွေ လုပ်နေသလဲ။ အခြေအနေ ကောင်းရဲ့လား''

''အရင်က မိတ်ဟောင်းဆွေ ဟောင်းတွေဆီ ရောက်နေတယ်ကွာ'' အာရှတ်က ခပ်တိုတို ခပ်ဝါးဝါး ပြန်ပြောလိုက်သည်။

ထို ခပ်ဝါးဝါး အဖြေသည် အမေရိကန်တို့အဖို့ လုံလောက်သော သဲလွန်စ ဖြစ်သွားသည်ကို အာရှတ် မသိလိုက်။ မိတ်ဟောင်းဆွေဟောင်း ဆိုသည်မှာ အယ်လ်ကိုင်ဒါ အသိုင်းအဝိုင်းကို ဆိုလိုမှန်း စီအိုင်အေက ကောင်းကောင်းသိလိုက်သည်။ ထိုသဲလွန်စ နောက်သို့ လိုက်ရင်း အဘော့တာဘတ်မြို့ရှိ ၁၈ ပေ အုတ်တံတိုင်း ကာရံထားသော ခြံဝင်းကို ခြေရာခံမိလာသည်။ အနီးအနားရှိ ခြံများထက် ရှစ်ဆကျယ်သော ခြံဝင်းဖြစ်သည်။ ခြံဝင်းအတွင်းရှိ အိမ်မကြီးတွင် တယ်လီဖုန်းမရှိ။ အင်တာနက်မရှိ။ ထိုအိမ်အတွင်းမှ အမှိုက်သရိုက်များကို ပြင်ပသို့ မစွန့်ပစ်။ ခြံဝင်းအတွင်း၌ မီးရှို့ ဖျက်ဆီးသည်။ အမှိုက်များနှင့်အတူ ဒီအင်အေ အစအနများ ပါသွားမည်ကို စိုးရိမ်ဟန် တူသည်။ ထိုအချက်များက စီအိုင်အေကို ပို၍ သင်္ကာမကင်း ဖြစ်စေသည်။ အာရှတ် သို့မဟုတ် အိမ်သားတစ်ဦးသည် လက်ကိုင်ဖုန်း သုံးချင်လျှင် အိမ်မှအနည်းဆုံး မိုင်ကိုးဆယ် အကွာသို့ ကားမောင်းသွားပြီးမှ တယ်လီဖုန်း ဆက်သည်ကို စီအိုင်အေ အေးဂျင့်များက တွေ့ရသည်။ မိုင်ကိုးဆယ်အကွာ ရောက်မှသာ တယ်လီဖုန်းတွင် ဓာတ်ခဲတပ်ဆင်သည်။ စကားပြောဆိုပြီးသည်နှင့် ဓာတ်ခဲကို ပြန်ဖြုတ်လိုက်သည်။ ဘင်လာဒင်ထံမှ စာများကို USB Stick တွင်ထည့်ကာ မိုင်ပေါင်းများစွာ ဝေးသောနေရာရှိ အင်တာနက်ဆိုင်သို့ ယူသွားသည်။ ထိုအင်တာနက်မှ စာကို ပေးပို့သည်။ လက်ခံရရှိသော အီးမေးလ်များကိုလည်း သိုမှီးကိရိယာ အတွင်းထည့်သွင်းလျက် ပြန်ယူလာသည်။ ထိုနည်းဖြင့် ဘင်လာဒင် လှုပ်ရှားခဲ့သည်။ ခြံဝင်းထဲတွင် လူတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့ရတတ်သည်။ မောင်းသူမဲ့ လေယာဉ်နှင့် ဂြိုဟ်တုမှ ရိုက်ယူ ထားသော ဓာတ်ပုံများတွင် မျက်နှာ သွင်ပြင်မှာ ကွဲကွဲပြားပြား မရှိ။ သို့သော် ထိုသူ၏ အရိပ်နှင့် လမ်းလျှောက်ပုံ တစ်ကွက်ချင်းကို ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် National Geo-spatial-Intelligence Agency က တိုင်းတာတွက်ချက်ကြည့်ရာ အရပ် ၅ ပေ ၈ လက်မမှ ၆ပေ ၈ လက်မ အတွင်းရှိမည်ဟုဆိုသည်။ ဘင်လာဒင်သည် အရပ် ခြောက်ပေ လေးလက်မ ရှိသည်။ ပထန် အများအပြားသည် အရပ် ခြောက်ပေကျော်သူများ ဖြစ်သဖြင့် အရပ် အတိုင်းအတာ တစ်ခုတည်းဖြင့် ဘင်လာဒင် ဖြစ်သည်ဟု တပ်အပ်သေချာ မပြောနိုင်သေးပေ။ သူသည် မည်သည့်အခါမျှ ခြံဝင်းမှ ထွက်ခွာသွားသည်ကို မတွေ့ရသဖြင့် အကျဉ်းသား တစ်ယောက်ပမာ ဖြစ်နေသည်ကိုလည်း ထောက်လှမ်းနေသူများက သတိထားမိသည်။ ရိပ်မိသွားနိုင်သဖြင့် အနီးကပ် လေ့လာမှုကိုလည်း စီအိုင်အေက မလုပ်ရဲ။ မလှမ်းမကမ်းရှိ အိမ်တစ်အိမ်တွင် စခန်းချကာ ထောက်လှမ်းမှုကို ဆက်လက်ဆောင်ရွက်သည်မှာ ဘင်လာဒင်၏ အိမ်ကို ဝင်စီးသည့် အချိန်အထိ ဖြစ်သည်။

ဘင်လာဒင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝီလီယံ မက်ရေဗင်အား စီအိုင်အေ ညွန်ကြားရေးမှူးက တာဝန်ပေးလိုက်သည်။ မက်ရေဗင်က ရေတပ်အထူးတပ်ဖွဲ့ Navy SEALS ကို တာဝန်ပေးသည်။ အထူးတပ်ဖွဲ့ ဝင်များသည် အရေးကြီး ပစ်မှတ်များကို လျှပ်တစ်ပြက် ဝင်ရောက်စီးနင်းခြင်း အတွေ့အကြုံများစွာ ရှိထားသူများ ဖြစ်သည်။ ရှေ့တန်းစစ် မျက်နှာတွင် အထူးတာဝန်များကို ကြိမ်ဖန်များစွာ ထမ်းဆောင်ဖူးသူများ ဖြစ်သည်။ ခြံဝင်းအတွင်း နေထိုင်သူ အမျိုးသမီးနှင့် ကလေးအရေအတွက်စာရင်းကို စီအိုင်အေက ပြုစုပေးသည်။ အမျိုးသမီးနှင့် ကလေးများက အန္တရာယ်ပြု မလာသရွေ့ ယင်းတို့အား ပစ်ခတ်ခြင်း မပြုရန် အထူးတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားသည်။ ပုန်းခိုနေထိုင်သူသည် ဘင်လာဒင် ဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စီအိုင်အေက ရရှိသည်။ ၂ဝ၁၁ ခုနှစ် မတ်လ ၁၄ ရက်မှ ၂၈ ရက်အတွင်း အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို အကြိမ်ကြိမ် ကျင်းပလျက် ဘင်လာဒင်အား ဖမ်းဆီးနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၉ ရက် သောကြာနေ့တွင် အိုဘားမားသည် အယ်လာဘားမား ပြည်နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးမှုများကို သွားရောက်ကြည့်ရှုရန် ရှိနေသည်။ အယ်လာဘားမားသို့ မထွက်ခွာမီ ဘင်လာဒင် စစ်ဆင်ရေးကို ဆောင်ရွက်ရန် အမိန့်ကို အိုဘားမားက လက်မှတ်ရေးထိုး ပေးလိုက်သည်။ ဧပြီလ ၃ဝ ရက်နေ့တွင် စစ်ဆင်ရေးကို ဆောင်ရွက်ရန် ဖြစ်သော်လည်း၊ ရာသီဥတု အခြေအနေကြောင့် နောက်တစ်နေ့ ဖြစ်သော မေလ တစ်ရက်နေ့သို့ ရွှေ့လိုက်ရသည်။

ဆက်လက်ဖော်ပြပါမည်။

Ref: Killing Bin Laden: How the U.S. Finally Got Its Man.

Tun Wai

No comments:

Post a Comment