Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 7, 2014

ချစ်သူမိန်းကလေးကို ဓားဖြင့် အချက် ၂၀ ခန့် ထိုးသတ်ပြီး မိမိကိုယ်ပါ သေကြောင်းကြံစည်သူ အသက်မသေ


ရန်ကုန်၊ စက်တင်ဘာ ၆

လှိုင်မြို့နယ် အင်းစိန်လမ်း ဘုရားလမ်းမှတ်တိုင် အနီးရှိ ပုဂ္ဂလိကပိုင် ငွေထုတ်ငွေချေး ကုမ္ပဏီရုံးခန်း တစ်ခုတွင် စက်တင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲက အဆိုပါကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော အသက် ၂၃ နှစ် အရွယ်ရှိ အမျိုးသမီးကို ၎င်း၏ချစ်သူက ဓားဖြင့် အချက်ပေါင်း ၂၀ ခန့် ထိုးသတ်ကာ ၎င်း၏ လက်ဖျံသွေးပြန်ကြောကို ဓားဖြင့် လှီးဖြတ်၍ သေကြောင်း ကြံစည်ခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း လှိုင်မြို့မ ရဲစခန်းမှူး ရဲအုပ်ကြည်စိုးသန့်က ပြောကြားသည်။

စက်တင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲက ချေးငွေတာဝန်ခံ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးထံသို့ ၎င်း၏ချစ်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသား ရောက်ရှိလာကြောင်း၊ ကုမ္ပဏီရုံးခန်းရှိ ရေချိုးခန်းထဲ ခေါ်ဆောင်ကာ တံခါးမင်း တုံးချ၍ အသင့်ပါလာသော အရှည် ရှစ်လက်မခန့်ရှိ ဓားဖြင့် အချက် ၂၀ ခန့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၃ နှစ် အရွယ်ရှိ ကိုဖြိုးသီဟမှာ ယင်းကုမ္ပဏီတွင် ဧည့်ကြိုဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ရာ လွန်ခဲ့သော သုံးလခန့်က အလုပ်ထွက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက်က ရုံးခန်းစဖွင့်ချိန် ၎င်း၏ချစ်သူ အမျိုးသမီးနှင့် လာရောက်တွေ့ဆုံရာမှ ရေချိုးခန်းအတွင်း ခေါ်ဆောင်ကာ ဓားဖြင့် ထိုးသတ်နေစဉ် အမျိုးသမီး၏ အော်ဟစ် အကူအညီတောင်းသည့် အသံကြောင့် အခြားဝန်ထမ်းများက သိရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီနှင့် အနီးတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ 

“အလုပ်ထွက်သွားပေမယ့် သူ့ချစ်သူ ရှိတဲ့ ရုံးခန်းကို မကြာခဏ လာနေကျ။ ဖြစ်တဲ့မနက်က ကုမ္ပဏီရုံးခန်းရဲ့ နောက်ဘက်အခန်းမှာ စကားထိုင်ပြောနေရာက သူတို့နှစ်ယောက် ရေချိုးခန်းထဲ ရောက်သွားမှန်း ဝန်ထမ်းတွေ မသိလိုက်ဘူး။ တံခါးထုပြီး ကယ်ကြပါဦးလို့ အော်သံကြားမှ ဝန်ထမ်းတွေ နောက်ဘက်ခန်းက ပြေးလာချိန် လူသတ်ခဲ့သူက ရေချိုးခန်းတံခါး ဖွင့်ပြီး ငါ့ကို ရဲစခန်း အကြောင်းကြားပေးလို့ ပြောတယ်။ ပြီးတော့ ရေချိုးခန်းထဲ ပြန်ဝင်သွားပြီး တံခါးဂျက် (ချက်) ချထားတာ” ဟု ယင်းကုမ္ပဏီရှိ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

အဆိုပါ တံခါးဂျက် (ချက်) ချထားသောကြောင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ ငါးမိနစ်ခန့် အကြာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း၊ တံခါးရိုက်ဖွင့်ခဲ့ရာမှ ရေချိုးခန်းအတွင်း သွေးအိုင်ထဲတွင် ဓားဒဏ်ရာ အချက်ပေါင်း များစွာဖြင့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးမှာ လဲကျသေဆုံးနေပြီး ၎င်းအနီး၌ ဓားထိုးသတ်ခဲ့သော ၎င်း၏ချစ်သူက ဘယ်ဘက်လက်ဖျံရှိ သွေးပြန်ကြောကို လှီးဖြတ်ကာ သေကြောင်း ကြံစည်ခဲ့ကြောင်း အမှတ် (၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။ 

“ကောင်လေးနဲ့ ကောင်မလေးက ရည်းစားဖြစ်တာ ကြာပြီ။ ကောင်လေး အလုပ်မထွက်ခင် သူတို့ နှစ်ယောက် ခိုးပြေးခဲ့ဖူးတယ်။ မိဘတွေက ပြန်ခွဲထားပြီး လာမယ့် သီတင်းကျွတ်ကျရင် လက်ထပ်ပေးဖို့ စီစဉ်ထားတာ။ အဲဒီအချိန်မှာ ကောင်မလေးက ဆေးတပ်က ဗိုလ်ကြီးတစ်ဦးနဲ့ ရည်ငံနေတာ ကြားလို့ဆိုပြီး ကောင်လေးက ဓားနဲ့ ထိုးသတ်ခဲ့တာလို့ သိရတယ်” ဟု အဆိုပါကုမ္ပဏီ ဝန်ထမ်းများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ရှင်းပြသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် အဆိုပါ ကုမ္ပဏီမှာ လှိုင်မြို့နယ် အမှတ် (၁၆) ရပ်ကွက်ရှိ အင်းစိန်းလမ်း နံဘေးတွင် လာရောက်ဖွင့်လှစ်သည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ပြီး သေဆုံးခဲ့သူ အမျိုးသမီးက ဆက်ဆံရေး ကောင်းမွန်သောကြောင့် လူချစ်လူခင် ပေါများသူ ဖြစ်ကြောင်း ယင်းရပ်ကွက်ရှိ ငွေချေးသူများထံမှ စုံစမ်းသိရှိရသည်။

“လူသတ်မှုဖြစ်ပြီး မကြာဘူး။ ဗိုလ်ကြီးဆိုသူ ရောက်လာတယ်။ ရဲတွေက အလောင်းကို မကိုင်ဖို့ အတင်းတားတဲ့ကြားက ဇွတ်ဝင်ပြီး ကောင်မလေးကို ပွေ့ဖက်ငိုတာ။ လူသတ်ခဲ့သူရဲ့ အစ်ကိုလည်း ရောက်လာတယ်။ သူ့ညီ လူသတ်မယ်ဆိုတာ ကြိုသိထားတယ် ထင်တယ်။ မင်းကို အတန်တန် မှာနေတဲ့ကြားက မိုက်မဲတဲ့ကောင်ဆိုပြီး သူ့ညီကို ပါးတွေ ရိုက်နေတာ တွေ့တယ်” ဟု အခင်းဖြစ်ပွားစဉ် သွားရောက် စစ်ဆေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ချစ်သူကို ဓားဖြင့် အချက် ၂၀ နီးပါး ထိုးသတ်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူ ကိုဖြိုးသီဟကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော ဆေးကုသမှု ခံယူလျက်ရှိပြီး လှိုင်မြို့မ ရဲစခန်းက (ပ) ၄၇၁/၁၄၊ ပုဒ်မ ၃၀၂/၃၀၉ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

ယခုနှစ်အတွင်း လူသတ်မှုများအနက် မင်္ဂလာဒုံပန်းခြံတွင် Viber ၌ ချစ်သူဖြစ်ခဲ့သူ အမျိုးသားက ၎င်း၏ချစ်သူကို သတ်မှု၊ မော်ဒယ်လ်အေးချမ်း မြတ်မိုးကို ၎င်း၏ချစ်သူဟု ဆိုသူက သတ်ဖြတ်မှုများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment