Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 5, 2014

နှစ်သောင်းတန်အိမ်

မိသားစု ဘ၀တစ်ခုကို တည်ဆောက်ဖို့ ဆိုရင် အိမ်ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ မြို့ပြမှာ ကျောတခင်းစာ နေရာရဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ မိသားစုတွေ အများအပြား ရှိနေကြပါတယ်။

အမိုးအကာနဲ့ လုံခြုံ စိတ်ချရတဲ့ အိမ်တစ်လုံးက လူတိုင်းရဲ့ မျှော်လင့်ချက် အိပ်မက်ပါ။ ဒီလိုအိမ်ကို မပိုင်ဆိုင်ကြတဲ့ အတွက် ငှားရမ်းပြီး နေထိုင်ကြတဲ့ သူတွေလည်း ရှိကြသလို၊ မငှားရမ်းနိုင်ဘဲ ကျူးကျော် အဖြစ်နဲ့ တဲထိုး နေကြတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အနယ်နယ် အရပ်ရပ် ကနေ ရန်ကုန်မြို့ကို မိသားစု အလိုက် လာရောက် အလုပ်လုပ် ကိုင်ကြသူတွေ များစွာ ရှိနေပါတယ်။ အဆင်ပြေကြတဲ့ သူတွေ ရှိသလို အဆင်မပြေကြတဲ့ သူတွေလည်း ရှိပါတယ်။ နယ်ကနေ မြို့တက် အလုပ် လုပ်ကြပြီး တစ်အိုး တစ်အိမ် တည်ထောင်ကြမယ့် မိသားစုတွေ အတွက် အဓိက အခက်အခဲ ကတော့ ကျောခင်းစရာ နေရာ တစ်နေရာ ရရှိရေးဆိုတဲ့ အချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြို့ကြီး ပြကြီး တွေဆီမှာ အလုပ် လုပ်ကိုင်ဖို့ တက်ရောက် လာကြတဲ့ သူတွေ အတော် များပြားလာပါတယ်။ ရန်ကုန်မြိုရဲ့ အိမ် ခြံ မြေ ဈေးဟာလည်း တက်မြဲ တက်ဆဲပါပဲ။ အိမ်မပိုင်တဲ့ သူတွေအတွက် အိမ်ငှားခတွေ ဟာလည်း ခြောက်လ တစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ်နဲ့ တရိပ်ရိပ် တက်လာခဲ့ပါတယ်။

““ရန်ကုန်တက် လာရတာ အရမ်း ဒုက္ခ ရောက်တယ်။ အိမ်လခက အနိမ့်ဆုံး လေးသောင်းနဲ့ ငါးသောင်း ကြားမှာ ရှိတယ်။ ရန်ကုန်ကို စပြီး တက်လာ တုန်းကတော့ ရွာက မရှိ ရှိတာလေး ရောင်းချပြီး တက်လာခဲ့တော့ အိမ်လေးတော့ ငှားနိုင်ပါတယ်။ ဒါပေမဲ့ ခဏပါပဲ။ အိမ်ငှားခကို လစဉ်ပေးဖို့ မတတ်နိုင်တော့ဘူး။ လကုန်တိုင်း စိတ်ညစ်တယ်။ အိမ်လခ မပေးနိုင်ရင် အိမ်ရှင်က အမြဲ နှင်ချနေတာ”” လို့ ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့ အခြေချလာတဲ့ ဒေါ်တင်က ဆိုပါတယ်။

အိမ်ငှား ဈေးနှုန်းတွေ ကလည်း ယခုဆိုရင် ဆယ်ပေ ပတ်လည် အခန်းကိုတောင် အနိမ့်ဆုံး လေးသောင်း ပေးနေရပါတယ်။ တိုက်ခန်းတွေ ဆိုရင်လည်း နေရာဒေသ အလိုက် တစ်လကို တစ်သိန်းလောက် မပေးနိုင်ရင် မငှားနိုင် မနေနိုင်တဲ့ ဘ၀ ဖြစ်နေပါပြီ။

ဒီလို အိမ်ငှားရမ်းမှု နှုန်းတွေ မြင့်မား လာတာကြောင့် အနယ်နယ် အရပ်ရပ်က နေအလုပ် လုပ်ကိုင်ဖို့ တက်ရောက် လာကြတဲ့ သူတွေဟာ အိမ်ငှားရမ်း မနေနိုင်တော့ ဘဲ ကျူးကျော် ရပ်ကွက်တွေမှာ သွားရောက် နေထိုင်ကြ သူတွေလည်း များလာပါတယ်။

ဒီလို အိမ်မငှားရမ်း နိုင်တဲ့ သူတွေ အတွက် အစိုးရ မဟုတ်သော လူမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ပျိုမေ့ အိမ်လူမှု ဖွံ့ဖြိုး တိုးတက်ရေး အသင်း (အင်းစိန်) နဲ့ အမျိုးသမီး ငွေစု ငွေချေး အဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး မြေယာများ ၀ယ်ယူကာ (၁၀) ပေ၊ (၁၈) ပေရှိတဲ့ အိမ်တွေကို တည်ဆောက်ပေးပြီး တစ်လကို ကျပ်နှစ်သောင်းနှုန်း နဲ့ ငှားရမ်းပေးတဲ့ အစီအစဉ် တွေကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါတယ်။

(၁၀)ပေ၊ (၁၈)ပေ အခန်းကို တစ်လ ကို ကျပ် (၂၀၀၀၀) နှုန်းနဲ့ အိမ်ငှား ပေးတာဟာ တချို့ လူတွေအတွက် အဆင်ပြေ နိုင်ပေမယ့် အခြေခံ အလုပ်သမားတွေ အတွက် နေထိုင်စရိတ်ဟာ များလွန်း နေပါသေးတယ်။

““ဒီ ငွေစု ငွေချေး အသင်းကို ၀င်ပြီးတော့ ပိုက်ဆံစုရင် အိမ်မရှိတဲ့ သူတွေ အတွက် တစ်လ နှစ်သောင်းနဲ့ ကူညီပြီးတော့ ဆောင်ရွက် ပေးပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့ နေရာမှာ တကယ်ကို အရမ်း လိုအပ်နေတဲ့ သူတွေကို ဦးစားပေးပုံစံနဲ့ အိမ်ငှား ရမ်းတာတွေ လုပ်ဆောင် ပေးနေတာပါ”” လို့ အမျိုးသမီး ငွေချေး အဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေး စုပေါင်း ကွန်ရက်မှ အိမ်ရာ ကော်မတီ စီမံကိန်း က ဒေါ်ခိုင်ခိုင်ဝင်း က ပြောပါတယ်။

အခြေခံ လူတန်းစားတွေ နေနိုင်အောင် ဆိုပြီး တန်ဖိုးနည်း အိမ်ရာတွေကို ငွေကျပ် သန်းပေါင်းများစွာ ကုန်ကျခံပြီး လုပ်ဆောင်နေတဲ့ ပြည်ထောင်စု အစိုးရရဲ့ စီမံ ဆောင်ရွက်ချက်တွေ နဲ့ နှိုင်းယှဉ်ရင် မပြောပလောက် ပေမယ့် ကွန်ရက် အဖွဲ့ရဲ့ လုပ်ဆောင်ချက် တွေက အခြေခံ လူတန်းစားတွေကို ထိထိ ရောက်ရောက်နဲ့ ကူညီ လုပ်ဆောင် ပေးနိုင်တာကို တွေ့ရပါတယ်။

နှစ်သောင်းတန် အိမ်မှာ ငှားနေသူတွေ ဟာ တစ်လ နှစ်သောင်းနဲ့ ဘယ်နေရာ မှာမှ မရနိုင်တဲ့ အိမ်ငှား ရမ်းမှု ဈေးနှုန်းနဲ့ နေထိုင်ကြတာ ဖြစ်တဲ့ အတွက် နေထိုင်ကြတဲ့ သူ တွေကတော့ ကိုယ့်အိမ်ပိုင် တစ်ခုလို သတ်မှတ် ရနေတာကြောင့် အဆင်ပြေတယ် လို့ ဆိုကြပါတယ်။

အမျိုးသမီး ငွေချေး အဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေး စုပေါင်း ကွန်ရက်ကနေ တစ်လ နှစ်သောင်းနဲ့ ငှားရမ်း ပေးနေတဲ့ နေရာ ကတော့ မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက်တွင်း အိမ်အလုံး (၃၀) နဲ့ မိသားစုဝင် စုစုပေါင်း (၁၅၀) ကျော်ကို ငှားပေးထားပြီး၊ နောက်ထပ် တစ်နေရာ ဖြစ်တဲ့ လှိုင်သာယာ မြို့နယ် ရိုးလေးမှာလည်း မိသားစုဝင် စုစုပေါင်း (၂၀၅) ဦး အတွက် အိမ်လုံးရေ (၄၁) လုံးကို ငှားရမ်း ပေးထားတယ်လို့ ဆိုပါတယ်။

ကူညီ ဆောင်ရွက် ပေးနေတဲ့ အမျိုးသမီး ငွေစု ငွေချေး အဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေး စုပေါင်း ကွန်ရက် အနေနဲ့ အိမ်ငှားရမ်းရာမှာ သူတို့ဆီမှာ ငွေစုထားမှသာ ငှားရမ်းမှုကို ခွင့်ပြု ပေးထားခြင်း မျိုးရှိပြီး၊ ငှားရမ်းသူများ အနေနဲ့ ငွေစု စာရင်းတွင် ငွေကျပ် တစ်သိန်းပြည့် မှသာ အိမ်ကို ငှားရမ်း ခွင့်ပြု သွားမယ်လို့ ယင်းအဖွဲ့က ဆိုပါတယ်။

““ဒီလို လုပ်တယ် ဆိုတာကလည်း စည်းကမ်း သဘောမျိုးနဲ့ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ငွေစုရင် အိမ်ငှားကို ချက်ချင်း ရအောင် လုပ်ပေးမယ် ဆိုတဲ့ ကိစ္စတွေ ပေါ်လာရင် မကောင်းဘူး။ စည်းမျဉ်း စည်းကမ်းနဲ့ သွားတာပါ။ တစ်သိန်း ဆိုတာကလည်း သူတို့ စုထားတဲ့ ငွေပါပဲ။ ပြန်ထုတ် ဆိုလည်း ထုတ်လို့ ရတာပဲ”” ဟု အမျိုးသမီး ငွေစု ငွေချေး အဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေး စုပေါင်းကွန်ယက်က စာရင်းကိုင်၊ စာရင်းစစ် ဖြစ်သူ ဒေါ်ဝင်းဝင်းဌေးက ဆိုပါတယ်။

ထို့ပြင် ကွန်ရက်ကြီး အတွင်း ငွေစုထား သူတွေဟာ သူတို့ စုထားတဲ့ ငွေတွေ အပြင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ဆောင်မယ် ဆိုရင်လည်း သုံးကျပ်တိုးနဲ့ ချေးငှား ပေးတယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင် ပေးရတာကလည်း ငွေရှင် ကြေးရှင်များ က နင်းပြား ဘ၀ဖြစ်နေတဲ့ ဆင်းရဲသားတွေကို အတိုးနဲ့ သတ်တဲ့ ဘ၀က ကင်းလွတ်အောင်လို့ စီမံချက်ချ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ဒေါ်ဝင်းဝင်းဌေးက ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနရဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း သန်းခေါင်စာရင်း ကောက်ယူချက် အရ ရန်ကုန်မြို့မှာ ကျူးကျော် နေထိုင်သူ ဦးရေ (၃၀၀၀၀) ကျော်ရှိပြီး၊ အိမ်ငှားရမ်း နေထိုင်သူ တစ်သန်းကျော် ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီစာရင်းဇယားတွေ အရ ရန်ကုန်တိုင်း ဒေသကြီးမှာ အိမ်ပိုင်ဆိုင်မှု မရှိဘဲ နေရတဲ့ သူတွေ တော်တော် များများ ရှိနေပါတယ်။ ပြည်ထောင်စု အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ဆောက်လုပ်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေ ရှိပေမယ့် လက်လှမ်း မမီတဲ့ ဈေးနှုန်းတွေကြောင့် အိမ်မရှိတဲ့ သူတွေကတော့ ဒီစီမံကိန်းတွေဟာ အိပ်မက် တစ်ခု လိုပါပဲ။

ဒီလို အခြေခံ လူတန်းစားတွေရဲ့ နေထိုင်ရေး အခက်အခဲ အတွက် ဘယ်သူတွေ ဖြေရှင်း ပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းကို အဖြေ ထုတ်နေကြတာ အခုထိ အဖြေ မထွက်နိုင်သေးတဲ့ ပဟေဋ္ဌိပုစ္ဆာ တစ်ပုဒ် အဖြစ်နဲ့ ရှိနေတာ နှစ်အတော် ကြာညောင်းခဲ့ပါပြီ။

နိုင်ငံတိုင်းမှာ အိမ်ခြေမဲ့တွေ ရှိတယ် ဆိုပေမယ့် လည်း သူများနိုင်ငံက အိမ်ခြေမဲ့ ဦးရေဟာ သူတို့ လူဦးရေနဲ့ နှိုင်းယှဉ်ရင် မပြောပလောက် ပါဘူး။ အစိုးရ အနေနဲ့ ဘာကြောင့် အခြေခံ ပြည်သူတွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ အိမ်ရာတွေကို မဖန်တီး နိုင်တာလဲ ဆိုတာ ကတော့ မေးခွန်း ထုတ်စရာပါပဲ။ အစိုးရ အနေနဲ့ရော လုပ်ငန်းရှင်တွေ အနေနဲ့ပါ အခြေခံ ပြည်သူတွေ အတွက် အိမ်ရာတွေ တည်ဆောက် တော့မယ် ဆိုရင် ကိုယ်ကျိုးထက် အခြေခံ လူတန်းစား တွေရဲ့ အကျိုးကို ဖြည့်ဖို့ လိုနေပါပြီ။

တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာလို့ ဘယ်လောက်ပဲ ခေါ်ခေါ် အဲဒီ အိမ်ရာတွေရဲ့ ဈေးနှုန်းကို အခြေခံ လူတန်းစားတွေ ဘယ်လိုမှ မမီနိုင်ဘူး ဆိုတာ လူတိုင်း သိပါတယ်။ ဒီလိုအများ မတတ်နိုင် တဲ့ ဈေးနှုန်းနဲ့ ဆောက်လုပ်နေတဲ့ အိမ်ရာတွေက အခြေခံ လူတန်းစားတွေ အတွက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အိမ်ခြေ ယာခြေ မရှိတဲ့ သူတွေ အတွက် ကတော့ ကျောတစ်ခင်းစာ တစ်နေရာစာ ရရင်တောင် ကျေနပ်နေကြမယ့် သူတွေ ဖြစ်ပေမယ့်လည်း သူတို့အတွက် တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ဘ၀ ဖြစ်နေတာကြောင့် အိမ်ငှား ဘ၀နဲ့ပဲ လတ်တလောမှာ ကြုံသလို နေထိုင် နေရဦးမှာပါ။

သို့ပေမယ့်လည်း ဒီလို လူမှု အဖွဲ့အစည်းတွေရဲ့ အကူအညီဟာ အကန့် အသတ် ရှိတာကြောင့် မိသားစုလိုက် အိမ်ခြေမဲ့ ဘ၀ကတော့ ကျွတ်လွတ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုပါ။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဒုတိယ ၀န်ကြီး ဦးစိုးတင့်က တန်ဖိုးနည်း တိုက်ခန်းများကို ကျပ်သိန်းတစ်ရာ အောက် ရောက်ရှိစေရန် အတွက် ပြည်ထောင်စု အစိုးရကို တင်ပြ ထားတယ်လို့ ကျင်းပ ပြီးစီးခဲ့တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ ပြောကြား သွားခဲ့ပါတယ်။

ဒါဟာလည်း အချိန် ဘယ်လောက် ကြာဦးမလဲ ဆိုတာ မသိနိုင်ပါဘူး။

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေနဲ့ ၀င်ငွေ နည်းပြည်သူတွေ အတွက် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်မှာ ရှိတဲ့ ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို အပိုင်း (၃) ပိုင်း ခွဲကာ အကောင်အထည် ဖော်ခဲ့ပြီး အပိုင်း (၁) ကိုပွင့်လင်း မြင်သာစွာ ရောင်းချနိုင်ရေး အတွက် နိုင်ငံပိုင် သတင်းစာမှ ကြေညာခဲ့ပြီး အိမ်ရာ အပိုင်း (၂) နှင့် (၃) တို့ အတွက်လည်း ယခုနှစ် ဒီဇင်ဘာလ အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၀င်ငွေနည်း ပြည်သူများကို ဆက်လက် ရောင်းချပေးရန် အတွက်ကိုလည်း စီစဉ်နေပါတယ်။

လက်ရှိ ကာလမှာတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက အိမ်ငှား ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ့် အိမ်နှင့် မြေငှားရမ်းမှု ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ဖို့ အတွက် ဆောင်ရွက် နေပါတယ်။ ဆောင်ရွက်မှု အခြေအနေဟာ ကြန့်ကြာဦးမှာ ဖြစ်တဲ့ အတွက် အိမ်ငှား ဈေးနှုန်းတွေ ကတော့ အချိန် အတော်ကြာ စိုးမိုး နေဦးမှာပါ။

တစ်ရွာမပြောင်း သူကောင်း မဖြစ်ဆိုတဲ့ ဆိုရိုး စကားတိုင်း ဘ၀ တိုးတက်ဖို့ တွက် တစ်ရွာတစ်ကျီ ပြောင်းရွေ့ခဲ့တဲ့ အခြေခံ လူတန်းစားတွေ ဘ၀ကတော့ သေချင်တဲ့ ကျား တောပြောင်း ဆိုသလိုပဲ၊ ရန်ကုန်ကို ရောက်ခဲ့ကြပေမယ့် ဒုက္ခ ပင်လယ် ကြီးထဲမှာ ကျော တစ်နေရာစာ အတွက် ကူညီမယ့် သူမရှိ၊ ကံကြမ္မာ အလှည့် အပြောင်းကို တုံ့မပြန်နိုင်တဲ့ သူဆင်းရဲ နင်းပြားတွေရဲ့ ဘ၀ကတော့ မတွေးဝံ့စရာပင်။

Messenger

No comments:

Post a Comment