Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

မြဝတီ၌ ဖမ်းဝရမ်းထုတ် ခံထားရသော ဇနီးမောင်နှံက ရဲတပ်ဖွဲ့ဝင်များကို လက်နက်များဖြင့် ခုခံ

မြဝတီမြို့နယ် ပြည်တော်သာ ရပ်ကွက်တွင် စက်တင်ဘာလ ၅ ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်း ထုတ်ပြန်ထားသော ဇနီးမောင်နှံ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည်ခုခံမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြဝတီ မြို့မရဲစခန်းထံမှ သိရှိရသည်။

မြဝတီမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် နှင့် ယခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးမှုများ၏ ကွင်းဆက် သံသယရှိသူ အဆိုပါ ဇနီးမောင်နှံမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်း ထုတ်ပြန်ထားရာမှ ပြည်တော်သာ ရပ်ကွက်ရှိ သရက်ခြံတစ်ခုတွင် ရောက်ရှိနေသည်ဟု သတင်းရရှိမှုကြောင့် မူးယစ်တပ်ဖွဲ့စု (၃၂) နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးစဉ် ၎င်းတို့ ဇနီးမောင်နှံက လက်နက်များဖြင့် ပြန်လည်ခုခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့စု (၃၂) မှ ရဲအရာရှိက ပြောကြားသည်။

“ဝင်ဖမ်းတုန်း ယောက်ျားက သေနတ်နဲ့ ပြန်လည် ခုခံမယ်လုပ်လို့ ကာဘိုင်သေနတ်နဲ့ သူ့တင်ပါးကို ပစ်ဖမ်းခဲ့ရတာ။ ဖမ်းဆီးနေချိန်မှာ သူ့မိန်းမက ရဲတွေကို ဓားမြှောင်နဲ့ ဝင်ထိုးလို့ လုံးထွေး သတ်ပုတ်ပြီး ဖမ်းခဲ့ရတယ်။ တပ်ဖွဲ့ဝင်တွေဘက်က ဒဏ်ရာရရှိသူတော့ မရှိပါဘူး” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဝင်ရောက်ဖမ်းဆီးစဉ်က အသက် ၄၀ ဝန်းကျင်ရှိ ဦးကျော်မင်းသူက ကိုးလုံး ကျည်သုံးတောင့် ပါသော ပြောင်းချောသေနတ်ဖြင့် ပြန်လည်ခုခံခဲ့ကြောင်း၊ ၎င်းတို့ ဇနီးမောင်နှံကို မြဝတီ မြို့မရဲစခန်းက ပြစ်မှုပုဒ်မ နှစ်ခုဖွင့် စစ်ဆေးနေသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/ ၂၁ တို့၏ ကွင်းဆက် သံသယရှိသူများ ဖြစ်ကြောင်း မြဝတီ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဒီနှစ်ယောက်ရဲ့ နောက်ကွယ်က ကွင်းဆက်တွေကို ထပ်ဖမ်းနိုင်ဖို့ စစ်ဆေးနေတာကြောင့် လတ်တလော သူတို့နဲ့ မူးယစ်ဂိုဏ်း ပတ်သက်မှု ရှိမရှိ ဆိုတာကို သတင်းထုတ်ပြန်ပေးလို့ မရသေးဘူး” ဟု မူးယစ်တပ်ဖွဲ့စု (၃၂) မှ အကြီးတန်း ရဲအရာရှိက ဆိုသည်။

အဆိုပါသေနတ်ဖြင့် ပစ်ဖမ်းခဲ့ရသည့် အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သဖြင့် မြဝတီမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားပြီး ၎င်းတို့ဇနီးမောင်နှံကို မြဝတီ မြို့မရဲစခန်းမှ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ ၁၉ (င)၊ မူးယစ်တရားခံပြေး အမှုများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

No comments:

Post a Comment