Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 27, 2014

"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"



ခင်သန်းနုသည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။

ခင်သန်းနုသည် ပျဉ်းမနားမြို့၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ် ဆောင်ခဲ့သည်။

"၀င်းဦးနှင့် ညွန့်ဝင်းနှင့်"

တင့်လှပေဟန် ရိုက်ကူး နေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က `ချစ်သောသူ တစ်ယောက်´ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာခဲ့ရာ၊ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ၀င်းဦးတို့နှင့် တွဲဖက် ပါဝင်ဖြစ်ခဲ့သည်။ စာရေးဆရာ ၀င်းဦးသည်လည်း မြတ်မော်ဦး ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးခဲ့သည် `နှစ်ယောက်တည်းနေချင်တယ်´ ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နှင့် ရိုက်ကူး နေဆဲအချိန် ဖြစ်သည်။

ချစ်သောသူ တစ်ယောက် ဇာတ်ကားသည် ၀င်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြသည့် ရုပ်ရှင်ကားဖြစ်သော်လည်း ပထမကားများက နောက်ကျပြီး ချစ်သောသူ တစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ၀င်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်ပါသည်။

ထိုကားများမှအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာခဲ့သည့် ခင်သန်းနုသည် ထိုခေတ်တွင် ရေပန်းစားနေဆဲ ဖြစ်သော ရွှေဘ၊ တင်ညွန့်တို့နှင့် တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးသေးပြန်သည်။ ၀င်းဦး၊ ခင်သန်းနုတို့ အတွဲသည် ပရိသတ်များ အတွက် အတွဲညီခဲ့သည့်သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့သည် ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားသော အတွဲဖြစ်ခဲ့ပြန်သည်။

"အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု"

ခင်သန်းနုသည် ရုပ်ရှင် လောကမှာ မင်းသား အတော် များများနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူ ဖြစ်ပါသည်။ ရွှေဘ၊ တင်ညွန့်၊ ၀င်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ် အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါသည်။ ၁၉၆၇ ခုနှစ်မှာ အေ၀မ်း ရုပ်ရှင်မှ ဒါရိုက်တာ အေ၀မ်းဦးတင်မောင် ရိုက်ကူး ခဲ့သော ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

"မိသားစုဘဝ"

၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နှင့် အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့သည်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူးအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနှင့် အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုသည် သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရသည့် အချိန်များမှာတောင် ကိုယ်ဝန် ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါသည်။

ခင်သန်းနု၏ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်သည်လည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးသည်။ သို့သော် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ၀ါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြချေ။

"ကျော်ဟိန်းနှင့်"

ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနှင့်လည်း ခင်သန်းနုသည် ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့သည်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိသော ကားများသည် သူတို့နှစ်ဦး၏ နာမည်ကြီး ကားများ ဖြစ်ခဲ့သည်။

"သရုပ်လည်းနိုင် အဆိုပိုင်"

ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂၀ ရာစု ကိုကျော်ညွန့်၏ ဖိတ်ခေါ်မှုနှင့် မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးသည်။ အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့သည်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုသည်။

ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သော မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်သည့်ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြသော်လည်း ၁၉၇၀ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ၀င်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားဖြင့် ထူးချွန်ဆု ရရှိသွားခဲ့သည်။

"ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆု"

၁၉၉၀ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးခဲ့သော ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မှုံရွှေရည် ၏အဆက် ဖြစ်သော ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်သည့်အတွက် ၀င်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါသည်။ သို့ရာတွင် ရိုက်လက်စတန်းလန်းမှာ ၀င်းဦး ကွယ်လွန်သွားသည့်အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ၀င်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ရသည်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေးပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့သော ခင်သန်းနုကို မျှော်လင့်ခဲ့ကြသော်လည်း ထူးချွန်ဆုနဲ့ လွဲခဲ့သည်။

၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နှင့် ကွာရှင်းပြတ်စဲပြီး၊ ခင်သန်းနုသည် ဒေါက်တာမြတ်သူရစိုးနှင့် ဒုတိယအိမ်ထောင် တည်ထောင်ခဲ့သည်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့သည်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလအတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးသော သမီးတစ်ကောင် နွားတစ် ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်သည်။

ခင်သန်းနုသည် ရုပ်ရှင် လောကထဲဝင်ရောက်လာသည့် အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်သည်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ၀င်း၊ မောင်သန်းဝင်းတို့သည် ခင်သန်းနုနှင့် တွဲဖက်ခဲ့ကြသည့် သရုပ်ဆောင်သစ်များ ဖြစ်သည်။ ယင်းနောက်ပိုင်းမှာ ခင်သန်းနုသည် သူ့အရွယ်နှင့် လိုက်ဖက်သောအမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာခဲ့သည်။ 

"တတိယမြောက် အမျိုးသမီးဇာတ်ပို့ဆု"

၂၀၀၀ ပြည့်နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးတဲ့ သမီးရှင် ဇာတ်ကားမှာ သမီးများကိုမွေးထားသည့် အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ထိုဆု အပါအ၀င် ခင်သန်းနုသည် အကယ်ဒမီ သုံးထပ်ကွမ်းဖြစ်ပြီး ယနေ့အချိန်အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ်ပြီး ကျန်းမာရေး အခြေအနေအရ စိတ်ကြိုက်ဇာတ်ကား များကိုသာ ရွေးချယ်ရိုက်ကူးရင်း ကမ္ဘောဇရိပ်သာ နေအိမ်မှာ သမီးမြတ်သန်းနုစိုးနှင့်အတူ နေထိုင်လျက်ရှိသည်။

Credit @ရှားရှားပါးပါးဗဟုသုတများ
Ref:sites.google.com
Photo By: cedricarnold.com

No comments:

Post a Comment