Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ရေးမြို့နယ်ထွက် ကွမ်းသီးအချို့တွင် ရောဂါတစ်မျိုးကျရောက်နေ

 
ကွမ်းသီးများ မရင့်မှည့်မီ ကြွကျေတတ်သည့် အမျိုးအမည်မသိ ရောဂါတစ်မျိုး ကျရောက် နေသည်မှာ ဆယ်စုနှစ် ၂ ခုဝန်းကျင် ရှိခဲ့သော်လည်း ကုစားရန် နည်းလမ်းများ မသိရှိသေးကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်တောင်ဒေသရှိ ကွမ်းသီးခြံရှင်များက ပြောသည်။

နှစ်စဉ် မိုးသည်းထန်းစွာ ရွာသွန်းသည့် သြဂုတ်လဆန်းပိုင်းမှ စ၍ စက်တင်ဘာလကုန်ပိုင်းထိ ကွမ်းသီးများ ပင်လုံးကျွတ်နီးပါး ကြွကျေတတ်ပြီး ရောဂါဆိုးရွားစွာ ခံရသည့် ခြံများမှာ ၈၀ ရာနှုန်းခန့် ပျက်စီးမှုနှင့် ကြုံတွေ့ရသည်ဟု နှီးနှူကျေးရွာမှ ခြံရှင်တစ်ဦး ဖြစ်သည့် ကိုစိုးနိုင်က ပြောသည်။

“ကြွေစကဆို ရောဂါကူးမှာစိုးလို့ လိုက်ကောက်ပြီး ချောင်းထဲ မျှောပစ်တယ်။ ဒါပေမဲ့ များလာတော့ လိုက်မကောက်နိုင်တော့ဘူး။ တစ်ပင်လုံး ကုန်တာပဲ။ မိုးမကြီးခင် မှည့်တဲ့ ကွမ်းသီးတွေလောက်ပဲ ရတော့တယ်”ဟု သူက ပြောသည်။

ရောဂါမဆိုးရွားသည့် နှစ်များတွင် ၄င်း၏ခြံမှ ကွမ်းသီး အလုံးတစ်သိန်းခွဲကျော် ထွက်သော်လည်း ယခင်နှစ်တွင် အလုံးသုံးသောင်းခန့်သာ ရရှိသည်ဟု ဆိုသည်။

ရောဂါကျရောက်သည့် ကွမ်းသီးလုံး၏ အညှာပိုင်းထိပ်ဖျားတွင် မှိုရောဂါ စွဲကပ်သည့် လက္ခဏာများ တွေ့ရှိသဖြင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက ရန်ကုန်မြို့ရှိ အစိုးရဓါတ်ခွဲဌာနသို့ ကွမ်းသီးလုံးများကို ဓါတ်ခွဲရန် ပေးပို့ခဲ့သော်လည်း တိကျသည့် အဖြေကို မရသေးကြောင်း ဒူးယားကျေးရွာမှ ခြံရှင်ကြီးတစ်ဦး ဖြစ်သူ နိုင်ဆန်းကရန်းက ပြောသည်။

“တကယ်လို့ ဒီရောဂါ ပျောက်တဲ့ ဆေးတွေ ရမယ်ဆိုရင် တစ်ဗူး ငါးသိန်း ပေးရရင်လည်း ဒီက လူတွေ ဝယ်သုံးကြမှာပဲ။ ဒီနယ်က လူတွေအားလုံး အကြံအိုက်နေကြပြီ။ တစ်ချို့ဆို ခြံတောင် ရောင်းပစ်နေကြတယ်” ဟု သူက ပြောသည်။

ယင်းရောဂါသည် ၂၀ဝဝ ပြည့်နှစ် မတိုင်မီတွင် ဒူးယားကျေးရွာရှိ ခြံတစ်ခြံမှ စတင်ဖြစ်ပွားပြီး ထိုဒေသတစ်ခုလုံးသို့ တဖြည်းဖြည်း ကူးစက်သွားခြင်း ဖြစ်သည်ဟုလည်း နိုင်ဆန်းကရန်း က ဆက်ပြောသည်။

ရေးမြို့၏ အနောက်ဘက် ကပ္ပလီပင်လယ်ပြင်ကို ကာဆီးထားသည့် ဖာလိန်တောင်တလျှောက်ရှိ ဒူးယား၊ နှီးနှူ၊ အံဒင် စသည့် ကျေးရွာပေါင်း ၁၀ ရွာခန့်သည် ဖာလိန်တောင်ဒေသတွင် ပါဝင်ပြီး ကွမ်းသီခြံပေါင်း တစ်ထောင်ကျော် ရှိကာ ရောဂါမကျရောက်မီက နှစ်စဉ်ကွမ်းသီးအလုံး သန်းပေါင်းများစွာ ထွက်ရှိရာဒေသ ဖြစ်သည်။

မဆလ အစိုးရလက်ထက်တွင် အစိုးရအဝယ်ဒိုင်သို့ ခြံရှင်များ ကွမ်းသီးတင်သွင်းရောင်းချကြရစဉ်က ရေးမြို့နယ်ထွက် ကွမ်းသီးသည် မြန်မာတစ်နိုင်ငံလုံးတွင် အရည်အသွေး အကောင်းဆုံး သတ်မှတ်ခံထားရပြီး ဖာလိန်ဒေသထွက် ကွမ်းသီးသည် အကျော်ကြားဆုံးဟု ဆိုသည်။

ရေးသားသူ: သတင်း > အာကာ
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

No comments:

Post a Comment