Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 10, 2014

မြစ်ထဲ၌ နှစ်ပေါင်းရာချီ နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူရန် သတ်မှတ်ဧရိယာအတွင်း သင်္ဘောကြီးတစ်စင်းက ရှာဖွေမှုများ ပြုလုပ်နေ

 ရန်ကုန်မြစ်အတွင်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား ပြန်လည်ဆယ်ယူရန်အတွက် သတ်မှတ်ဧရိယာအတွင်း၌ သင်္ဘောကြီးတစ်စင်းက ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါရှာဖွေမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်သုံးစင်းဆုံမှတ်နေရာတွင် သြဂုတ် ၉ ရက်ကစ၍ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရှာဖွေမှုများနှင့်ပတ်သက်၍ သိလိုသည်များကို ရှာဖွေနေသည့် သင်္ဘောထံသို့ သွားရောက်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း သင်္ဘောပေါ်သို့ သူစိမ်းတက်ရောက်ခွင့် မရှိသောကြောင့် မေးမြန်းခွင့် မရှိခဲ့ပေ။

“ခေါင်းလောင်းဆယ်တာကို စိတ်ဝင်တစား သွားကြည့်ကြတဲ့ လူတွေများလို့ ခဏခဏ ပို့ပေးရတယ်။ ခေါင်းလောင်းရှာတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။ အရင်ကလည်း ကုမ္ပဏီတစ်ခုက ဆယ်ဖူးတယ်။ ဒါပေမဲ့ ဆယ်လို့မရခဲ့ဘူးလို့ သိရတယ်” ဟု ယင်းဆယ်ယူသည့်နေရာသို့ လိုက်ပို့ပါဆောင်ပေးနေသူ လှေသမားတစ်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန်ပိဿာ ၁ ၈၀၀၀၊ တန်ချိန် ၂၉၀ ကျော်ရှိပြီး ခရစ်နှစ် ၁၉၇၆ ခုနှစ်က ဟံသာဝတီပြည့်ရှင်ဘုရင် ဓမ္မစေတီမင်းသွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီ အရှေ့မြောက်ထောင့်တွင် တည်ထားကိုးကွယ်ခဲ့ကြောင်းနှင့် ၁၆၀၈ ခုနှစ်တွင် ယင်းခေါင်းလောင်းအား ပေါ်တူဂီလူမျိုး ငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် သယ်ယူရာမှ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ခေါင်းဝ ဆုံရာနေရာ၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

သမိုင်းအထောက်အထားများအရ ခေါင်းလောင်းကြီး နစ်မြုပ်နေသည်မှာ နှစ်ပေါင်း ၄၃၀ ခန့်ရှိပြီဖြစ်ပြီး ဆယ်ယူပြီးပါက မူလထားရှိခဲ့ရာ ရွှေတိဂုံဘုရားပေါ်တွင်ပင် ပြန်လည်ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ခေါင်းလောင်းကြီး အပါအ၀င် ဉာဏ်တော်ခုနစ်တောင်ရှိသော ရပ်တော်မူ ရွှေသားစစ်စစ် ဘုရားနှစ်ဆူနှင့် အခြားရှေးဟောင်း ပစ္စည်းများကို ပြန်လည်ဆယ်ယူရာ၌ သိပံ္ပနည်းကျ တွက်ချက်မှုများ၊ မြန်မာ့နည်း မြန်မာ့ဟန်များအပြင် နတ်နဂါးများ၊ ၀ိဇ္ဇာများ၏ အကူအညီ အစီအရင်များဖြင့် ဆယ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခေါင်းလောင်း ဆယ်ယူနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ ဦးစံလင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော့်အနေနဲ့ ဆယ်ယူနေတဲ့ အပိုင်းတွေကို ပြောပြလို့ မရသေးဘူး။ ဘယ်သူမေးမေး ဖြေကြားလို့ မရသေးတာပါ။ သတင်းစာရှင်းလင်းပွဲတုန်းကလည်း ခေါင်းလောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရင်းတွေကို ရှင်းပြပြီးသွားပါပြီ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းသို့ဆယ်ယူရန် ကြိုးပမ်းရာတွင်လည်း စည်းပျက်နိုင်သည်ဟု ဆိုနိုင်သည့် သီလမစောင့်ထိန်းနိုင်မှုများ၊ မတော်လောဘဖြစ်ခြင်းများ၊ နှုတ်မစောင့်သည့် ဖြစ်ရပ်များကြောင့် ခေါင်းလောင်းဆယ်ယူရာတွင် ပါဝင်သူများမှာ သေဆုံးမှု၊ စိတ်ကယောင်ချောက်ချားဖြစ်မှုများ ကြုံတွေ့ခဲ့မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ရှိ အော့ခစ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ယခုလ ၂၆ ရက်တွင် အပြီးဆယ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ထိုသို့ဆယ်ယူရာတွင် အစိုးရအဖွဲ့၏ အကူအညီ မရရှိကြောင်းလည်း ပြောကြားခဲ့သည်။

============

Eleven Media Group





No comments:

Post a Comment