Written by ပန်းမြတ်ဇော်
ဇာဂနာ ကိုယ်တိုင် ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားထားသည့် ၈၈ အရေးတော်ပုံကို အခြေခံ ထားသည့် ရုပ်ရှင် ဇာတ်ကားကို ၂ဝ၁၅ ခုနှစ်အတွင်း၌ ဒါရိုက်တာဝိုင်းကို ရိုက်ကူး ပုံဖော်ခိုင်းမည်ဟု ဇာဂနာ က မဇ္ဈိမကို ပြောသည်။
” ဒီကားကို လုပ်ချင်တာ ကြာပြီ ။ ၁၉၈၉ခုနှစ် ပထမဆုံး ထောင်က ထွက်လာတဲ့ အချိန်မှာ ကတည်းက လုပ်ချင်တာ ။ကျိတ်ကျိတ် ကျိတ်ပြီး စုနေတာတွေ အများကြီးပဲ ။ ဖမ်းတိုင်း ဖမ်းတိုင်း ဖွက်ရတာ ခဏခဏပဲ ။ ကြံစည်ခဲ့တာ ကြာခဲ့ပြီလေ။ အခုတော စလုပ်ဖြစ် ပြီပေါ့ ။ ဒါကို အခြေခံ အကျဆုံး ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရေးနေတယ်” ဟု ၎င်း ကပြောသည်။
ယင်း ဇာတ်ကားကို ၈၈ အရေးတော်ပုံ မြန်မာနိုင်ငံ၌ စတင် ဖြစ်ပေါ်လာပုံ၊ ကျောင်းသားများ ထောင်ထဲ ရောက်ကြခြင်းများ၊ တချို့သော ကျောင်းသားများ တောထဲ ရောက်ကြပုံများနှင့် တောထဲတွင် နေထိုင်နေကြသည့် ကျောင်းသားများ နှင့် ထောင်ထဲ ရောက်ကြသည့် ကျောင်းသားများ ၈၈ အရေးတော်ပုံ ၂၅နှစ်ပြည့် ၌ သူငယ်ချင်းများ ပြန်လည် ဆုံစည်း ကြပုံများကို အခြေ ခံကာ၂၅နှစ်စာ စုစည်းပြီး ရိုက်ကူး ပုံဖော်မည် ဖြစ်သည်။
” တောထဲက အကြောင်းတွေလည်း ပါချင်တယ် ။မြို့ပေါ်က အကြောင်းတွေ ပါချင်တယ်။နိုင်ငံခြားက အကြောင်းတွေ ပါချင်တယ်။ အဲတာတွေ အကုန်လုံး ဆိုတော့ တိတိကျကျလေး ဖြစ်အောင် လုပ်ဖို့ လိုတယ်။ ဇာတ်လမ်း ၊ ဇာတ်ညွှန်း အတွက်ကို တစ်နှစ်လောက် တော့ အချိန်ယူဖို့ လုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည် ။
၈၈ အရေးတော်ပုံ ဇာတ်ကား အတွက် ဇာတ်လမ်း ဇာတ်ညွှန်းကို တိမ်ထူအိပ်မက် ဟု ယာယီ နာမည် ပေးထားပြီး စုံနံ့သာ မဂ္ဂဇင်းတွင် သြဂုတ်လက စတင်ကာ အခန်းဆက် ဝတ္ထုရှည် သဘောမျိုး စတင် ဖော်ပြနေပြီး တစ်နှစ်ပြည့်သည့် နေ့တွင် ဇာတ်ညွှန်း ပြီးစီးရန် စီစဉ် ထားသည်။ လက်ရှိတွင် ယင်းဇာတ်ကား အတွက် သီချင်းများ ၊ ဇာတ်ညွှန်းများကို မင်းကိုနိုင်နှင့် အတူ ပြင်ဆင် လျက် ရှိသည်။
ယင်း ဇာတ်ကားတွင် ဇာဂနာ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး တောထဲတွင် နေထိုင်ခဲ့ကြသည့် ပန်းချီ ထိန်လင်း ၊ ကိုအောင်နိုင်ဦး နှင့် ဒေါက်တာ အန်ဒရူး တို့ကို မေးမြန်းပြီး ၎င်းတို့၏ အတွေ့အကြုံများကို ထည့်သွင်း ရိုက်ကူးမည်ဖြစ်သည်။
ဇာတ်ကားတွင် ပါဝင်မည့် ဇာတ်ကောင်များကို တစ်ဦးတည်း အဓိက မထားပဲ ပါဝင်သရုပ်ဆောင်ကြ မည့် သရုပ်ဆောင်များ၏ ဇာတ်ကောင်စရိုက်များကို တန်းတူညီမျှ နေရာပေးကာ ရိုက်ကူးမည်ဖြစ်သည်။
ထိုဇာတ်ကားဖြင့် ပတ်သက်ပြီး ဒါရိုက်တာဝိုင်းက ” ဦးသူရ အနေနဲ့ ကျွန်တော် ရိုက်ခိုင်းချင်တဲ့ ဆန္ဒ ရှိတဲ့ အတွက် ကျွန်တော် ဝမ်းသာရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒီကား ရိုက်ဖို့ အတွက် ဆန္ဒအပြည့်အဝ ရှိတယ်။ ဦးသူရ ဇာတ်လမ်း ပြီးသွားပြီ ဆိုရင်တော့ ဒီကား အတွက်ကို တိုင်ပင်ပြီး စတင် ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့ ။ အခု နောက်ပိုင်း ကျွန်တော် ရိုက်တဲ့ ဇာတ်ကားတွေက ရိုက်နေကျ ပုံစံကနေ ခွဲထွက် ပြီး ရိုက်ကူး နေတာ ဆိုတော့ ဒီဇာတ်ကား ကလဲ ကျွန်တော့ အတွက် စိန်ခေါ်မှု တစ်ခုပါပဲ” ဟု ၎င်းကပြောသည်။
ယင်းဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်းပေါ် မူတည်ပြီး ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးရန် စဉ်းစားမည် ဖြစ်ပြီး ဇာတ်လမ်း ရှည်သွားပါက ဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူး သွားမည် ဖြစ်သည်။
Mizzima
No comments:
Post a Comment