Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

တကယ့်အချစ်စစ်က လူကိုမရူးသွပ်စေပါ



တလောက နော်ဝေးနိုင်ငံကို ကျွန်မသွားလည်ခဲ့ပါတယ်။ ကျွန်မကို စွဲစွဲမြဲမြဲအမှတ်ရစေခဲ့တာက အဲဒီနိုင်ငံရဲ့လှပတဲ့သဘာဝရှုခင်းတွေ
မဟုတ်ခဲ့သလို မြောက်ပိုင်းဥရောပက ဆယ်ကျော်သက်တွေရဲ့အလှကြောင်
လည်း မဟုတ်ခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ နားထောင်ခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကြောင့်ဖြစ်ပါတယ်။

ကျွန်မကို ဒီဇာတ်လမ်းပြောပြတဲ့သူက အသက် ၃၇နှစ်အရွယ်ရှိတဲ့
နော်ဝေးအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ ကျောင်းဆရာဖြစ်တဲ့ခင်ပွန်းက
ကျောင်းသူတစ်ဦးကိုချစ်မိနေပြီဆိုတဲ့အကြောင်း သူ့ကို ပွင့်ပွင်းလင်းလင်း
ပြောပါသတဲ့။ အဲဒီနေ့က သူတို့ရဲ့ ၇နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်တယ်။

အမျိုးသမီးကပြောပါတယ်… သူ့ခင်ပွန်းက သူတို့ရဲ့နှစ်ပတ်လည်နေ့ကိုရွေးပြီး ဒီအကြောင်းကို တမင်ပြောခဲ့တာမဟုတ်ပါဘူး။ အဲဒီနေ့က သူ့ခင်ပွန်းစိတ်ခံစားချက်ထွေပြားနေတာကို သူသတိထားခဲ့မိလို့
နှစ်ယောက်သားစကားတွေပြောနေရင်းကနေ ခင်ပွန်းဖြစ်သူက ဒီအကြောင်းကို ထုတ်ဖော်ပြောပြခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက သူ့ခင်ပွန်းနဲ့ ကျောင်းသူရဲ့အချစ်က ပလေတိုရဲ့အချစ်မျိုးပဲရှိပါသေးတယ်။

“ရှင်ဘယ်လိုဖြစ်ချင်သလဲ” ခင်ပွန်းကို သူမေးတယ်။

“မသိဘူး…” ခင်ပွန်းက ပြန်ဖြေတယ်။

“ဒါဆိုရင် ရှင်က ဘာဖြစ်လို့ ကျွန်မကိုပြောပြတာလဲ”

“မင်းပဲ ပြောခဲ့ဖူးတယ်လေ… ‘တစ်ယောက်ယောက်ကိုချစ်မိသွားရင် ကျွန်မကိုထုတ်ဖော်ပြောပြပါ’ လို့ မင်းပြောခဲ့ဖူးတယ်”

“ဟုတ်တာပေါ့.. ကျွန်မ ဒီလိုလည်း ပြောခဲ့ဖူးတယ်လေ.. ‘ကျွန်မအတွက်နဲ့ ရှင်နစ်နာမယ့်အလုပ်မျိုးလုပ်တာကို ကျွန်မ,မလိုချင်ဘူး။ ဒါဟာ ရှင်ရော ကျွန်မအတွက်ပါ မတရားရာရောက်တယ်။ သူ့ကို ရှင်မရရင် ရှင်နာကျင်ကြေကွဲမယ်၊ သူလည်း နာကျင်ကြေကွဲမယ်၊ ကျွန်မတစ်ယောက်ပဲ ဒီအမှန်တကယ်မဟုတ်သေးတဲ့ကိစ္စအတွက် ပျော်မယ်။ ဒီလို အပျော်က အဓိပ္ပာယ်မဲ့ပါတယ်။’ အခု သူ့ကို ရှင်ပိုချစ်မိသွားပြီ မဟုတ်လား”

ခင်ပွန်းက ဘာစကားမှပြန်မပြောဘဲ မျက်နှာက သူ့မျက်နှာအတိုင်း
ဖြူရော်နေပါတယ်။ အဲဒီလို ကိုယ်အလေးထားသူတစ်ယောက်ကို ထိခိုက်နာကျင်စေလိုက်တဲ့ နာကျင်မှုမျိုးကို သူသဘောပေါက်ပါတယ်။ ထိခိုက်နာကျင်ခံရသူရဲ့ နာကျင်မှုကလည်း ပြင်းထန်တယ်ဆိုတာကို သူသိတယ်။ နာကျင်တဲ့အပြင် အပြစ်ရှိတယ်လို့လည်း နက်နက်ရှိုင်းရှိုင်းခံစားရပါတယ်။ ခင်ပွန်းက သူ့အမေးကို ပါးစပ်ကနေပြန်မဖြေခဲ့ပေမယ့် “ဟုတ်တယ်.. သူ့ကို ငါပိုချစ်သွားပြီ” ဆိုတာကို သူနားလည်လိုက်ပါတယ်။

“ကျွန်မကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်… အိမ်ထောင်ရေးပြိုကွဲလို့ရတယ်.. ယုံကြည်မှုက ပြိုကွဲလို့မရဘူး။ ကျွန်မတို့ ကွာရှင်းကြစို့” လို့ သူပြောလိုက်တယ်။

အဲဒီနေ့ကစ ကွာရှင်းဖို့ကိစ္စကို သူတို့ဆွေးနွေးခဲ့ကြတယ်။ ခင်ပွန်းကလည်း ကတိသစ္စာရှိသူပါ။ ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေအားလုံး သူ့ကိုပေးမယ်လို့ ပြောပါတယ်။ သူက “ရှင့်ပိုက်ဆံတွေ ကျွန်မ,မယူဘူး။ ဒါပေမယ့် ကျွန်မမှာသတ်မှတ်ချက်တစ်ခုတော့ရှိတယ်… ကျွန်မတို့ အရင်ခွဲနေမယ်.. ၃ နှစ်ခွဲနေပြီးမှ တကယ်ကွာရှင်းမယ်”လို့ ပြောပါတယ်။

သူရဲ့သတ်မှတ်ချက်ကို ခင်ပွန်းက ကျောင်းသူဆီ ပြန်ပြောပြတယ်။ ကျောင်းသူက သိပ်မကျေနပ်ဘူး.. ဒါပေမယ့် သဘောတူလိုက်ပါတယ်။

ကျွန်မကို ဒီဇာတ်လမ်းပြောပြနေချိန်အတွင်းမှာ အမျိုးသမီးဟာ သူ့ခင်ပွန်းနဲ့ အဲဒီအငယ်အနှောင်းကျောင်းသူကို မကောင်းကြောင်း တစ်ခွန်းမှမဟခဲ့ပါဘူး။

ဒီဇာတ်လမ်းကို သူပြောမပြခင်မှာ သူပြောတဲ့ ပထမဆုံးစကားတစ်ခွန်းက “ကျွန်မရဲ့ခင်ပွန်းက လူကောင်းတစ်ယောက်ပါ”ဆိုတာပဲဖြစ်တယ်။ ဥပမာ-- သူ့ခင်ပွန်းကျောင်းဆရာ မလုပ်ခင်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီကုမ္ပဏီက ဝန်ထမ်းတချို့ကိုထုတ်မယ်ဆိုတော့ အဲဒီထဲမှာ ဝန်ထမ်းဟောင်းလူအိုတစ်ယောက်လည်းပါတယ်။ ခင်ပွန်းက သူဟာ ငယ်ရွယ်သေးတယ်၊ ခွန်အားလည်းရှိသေးတယ်၊ အလုပ်သစ်ကို အလွယ်တကူရှာလို့ရနိုင်တယ်ဆိုပြီး လူအိုဝန်ထမ်းအတွက် သူ့ကိုယ်သူအလုပ်ထွက်ခဲ့တာဖြစ်တယ်။

“တကယ်လို့ ကျွန်မက ကွာရှင်းဖို့အရင်စမပြောခဲ့ရင် သူကွာရှင်းမှာမဟုတ်ပါဘူး။ တကယ်လို့ သူ့ကို ကျွန်မက အဲဒီကျောင်းသူနဲ့ ထပ်မတွေ့ပါနဲ့တော့လို့ ခခယယတောင်းပန်ရင် သူထပ်တွေ့တော့မှာ မဟုတ်ဘူးဆိုတာ ကျွန်မယုံကြည်တယ်။ ဒါပေမယ့် လူကိုဆွဲထားနိုင်ခဲ့ပြီး နှလုံးသားကို ဆွဲမထားနိုင်ခဲ့ရင်ရော ဘာထူးမှာလဲတဲ့” သူက ပြောပါတယ်။

“ဒါပေမယ့် သူ့ကို အဲဒီကျောင်းသူဆီ တွန်းလွှတ်လိုက်ပြီး သူပြန်မလာတော့မှာကို မကြောက်ဘူးလား”

“သူပြန်မလာခဲ့တော့ရင် ဒါကျွန်မဟာမဟုတ်ဘူးဆိုတာ သက်သေပြတာပဲ။ ဒီလိုဆိုရင် ကျွန်မက ကျွန်မနဲ့သက်ဆိုင်တဲ့ နောက်အချစ်တစ်ခုနဲ့ တွေ့ဆုံဖို့ပဲရှိတော့တယ်။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မခံပြင်းစိတ်နဲ့ မရှင်သန်ချင်ဘူး။ ဒါကြောင့် ကျွန်မဆီ သူပြန်လာဖို့ ကျွန်မအစွမ်းကုန်ကြိုးစားရမယ်။ ကျွန်မကြိုးစားခဲ့သည့်တိုင် သူနောက်ပြန်မလှည့်ခဲ့ဘူးဆိုရင်တော့ ကျွန်မမှာခံပြင်းစရာမရှိတော့ပါဘူး”

သူက ဆက်ပြီး “အဲဒီကျောင်းသူက တကယ်ကိုလှတယ်၊ လူလည်းမဆိုးဘူးတဲ့။ ဟုတ်မှာပါလေ.. ကျွန်မခင်ပွန်းရဲ့အမြင်ကို ကျွန်မယုံကြည်ပါတယ်။ မကောင်းတဲ့လူဆိုရင် သူလည်းချစ်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကျောင်းသူက တခြားလူတော်တော်များများလိုပဲ ငယ်ရွယ်လှပတာကို အရည်အချင်းတစ်ခုလို့ ထင်ထားတယ်။ တကယ်ဆို မဟုတ်ဘူး။ ငယ်ရွယ်လှပရင် တခြားလူ သင့်ကိုအလွယ်တကူချစ်မိနိုင်တယ်။ အချစ်ကိုရဖို့ မခက်ခဲပါဘူး.. အဲဒီအချစ်ကို တာရှည်အောင်ထိန်းထားနိုင်ဖို့ပဲ ခက်တာပါ”

“ဘာဖြစ်လို့ ၃နှစ်လို့ပြောရတာလဲ” ကျွန်မက နားမလည်စွာနဲ့မေးတော့

“ဟား..ဟား… ဒါက သိပ္ပံဆန်းစစ်မှုရှိတယ်။ လူနှစ်ယောက်ရဲ့ပြင်းပြတဲ့ချစ်စိတ်က
အလွန်ဆုံး၃နှစ်မှာ အကုန်လောင်ကျွမ်းသွားတယ်။ ချစ်တာပြင်းလေ လောင်ကျွမ်းတာမြန်လေပဲ။ သူက ကျွန်မနဲ့
နေ့တိုင်းနေနေရတော့ ကျွန်မရဲ့အရာအားလုံးကို သူကရိုးနေခဲ့ပြီလေ။ ဒါပေမယ့် ကျွန်မတို့ခွဲနေလိုက်ရင် ကျွန်မကို သူသတိရလာမယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ စစချင်း တစ်နှစ်မှာတော့ သတိမရတတ်သေးဘူး။ ဒုတိယနှစ်ရောက်ရင်တော့ သတိရမှာ။ ဒါကြောင့် ပထမတစ်နှစ်မှာ သူတို့ကို ကျွန်မဘာမှသွားမလုပ်ဘူး။ သူတို့ရဲ့အချစ်တွေ လောင်ကျွမ်းနေပါစေလေ။ ဒုတိယနှစ်ရောက်မှ သူ့ကို ကျွန်မဆက်သွယ်မယ်။ သူ့အကြောင်း ကျွန်မသိတယ်… သူက အဲဒီကျောင်းသူကို အသိမပေးဘဲနဲ့တော့ ကျွန်မကို လာတွေ့မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မကို သူတွေ့ချင်နေမှာ.. ဒီလို ယုံကြည်မှုမျိုး ကျွန်မမှာရှိပါတယ်။ သူ ကျွန်မကိုလာတွေ့တာကို အဲဒီကျောင်းသူသိရင် ဘယ်လိုပဲဖြစ်ဖြစ် ခံရခက်မှာပါပဲ။ ငယ်ရွယ်တဲ့မိန်းကလေးဆိုတော့ လုံခြုံစိတ်မရှိဘူးလေ။ အဲဒီနောက် ကျွန်မက ကိုယ်ချင်းစာနားလည်စွာနဲ့ ကျွန်မတို့ မတွေ့ကြတာပဲကောင်းမယ်လို့ သူ့ကိုပြောမယ်။ သူ ဘယ်လိုတုန့်ပြန်မှုမျိုးပဲရှိရှိ အရေးမကြီးပါဘူး။

တုန့်ပြန်မှုနှစ်မျိုးလောက်ပဲ ရှိမယ်..

တစ်. ကျောင်းသူစိတ်ကျေနပ်အောင် ကျွန်မကို သူလာမတွေ့တော့ဘူး။ သူ့စိတ်ထဲမှာတော့ ကျောင်းသူကို မကျေမနပ်ဖြစ်မှာပဲ။ ချစ်သူစုံတွဲတစ်တွဲမှာ တစ်ယောက်ယောက်ရဲ့ရင်ထဲ မကျေမနပ်မှုတွေရှိပြီဆိုရင် ရန်ဖြစ်တော့မှာ ကျိန်းသေပါတယ်။

နှစ်. ကျွန်မကို သူတွေ့နေဦးမယ်ဆိုရင် ကျောင်းသူက သူ့ကိုမကျေမနပ်ဖြစ်တော့မယ်။ ဒါလည်း ရန်ဖြစ်တော့မှာ ကျိန်းသေပါတယ်။

သူက ရန်ဖြစ်ငြင်းခုန်တာကို လုံးဝမနှစ်သက်သူပါ။ တတိယနှစ်ရောက်ရင် ကျောင်းသူကို သူစိတ်ပျက်စပြုလာလိမ့်မယ်။ အဲဒီအချိန်ကျရင် Trondheim မြို့(အမျိုးသမီးနေတဲ့မြို့)ကနေ ကျွန်မခွာပြီး ခရီးသွားမယ်။ Facebook ပေါ်မှာ ခရီးသွားဓာတ်ပုံတွေတင်မယ်။ တစ်ခါတလေ အမျိုးသားခန့်ခန့်ချောချောလေးတွေနဲ့ တွဲရိုက်ပြီး တင်မယ်။ ကျွန်မဘဝမှာ သူမရှိလည်း နေရောင်ခြည်လို ကျွန်မလင်းလက်ပြီးပျော်ရွှင်နေတယ်ဆိုတာကို သူတွေ့မှာပဲ။ အဲဒီခါကျရင် သူရှုံးတော့မှာပဲ"

“ရှင် စဉ်းစားတွေးခေါ်တတ်တယ်။ တည်ငြိမ်လွန်းတယ်။ သူ့ကို ရှင်ချစ်ရောချစ်ရဲ့လား” သူ့ကို ကျွန်မမေးတော့

“ချစ်တယ်”လို့ သူကဖြေတယ်။

“ဘယ်လောက်ချစ်လဲ”လို့ ကျွန်မဆက်မေးတော့

“ဒီမှာမိန်းကလေး… တကယ့်အချစ်က လူကိုမရှုးသွပ်စေဘူး။ လူကို စဉ်းစားတွေးခေါ်တတ်စေတာ.. ထက်မြက်စေတာ။ အချစ်ကြောင့် ရှုးသွပ်တယ်ဆိုတာ အမျိုးသမီးတွေရဲ့သဘာဝပါ။ ရှုးသွပ်တယ်ဆိုတာ အင်မတန်လွယ်တဲ့ အလုပ်တစ်ခုပါ။ အမျိုးသမီးတစ်ယောက်ဟာ သူ့သဘာဝကိုဆန့်ကျင်ပြီး လူတစ်ယောက်ကိုသွားချစ်တယ်ဆိုကတည်းက အဲဒီလူကို သူဘယ်လောက်ထိချစ်တယ်ဆိုတာ မိန်းကလေးပဲစဉ်းစားကြည့်စမ်းပါ… ”

အခုက ၃နှစ်မြောက်နှစ်ဖြစ်တယ်လို့ ကျွန်မကို သူပြောပြပါတယ်။
ပထမတစ်နှစ်မှာ သူလည်း ချစ်သူတစ်ယောက်ရခဲ့တာမို့ ဘာမှပြောစရာမရှိခဲ့ပါဘူး။

ဒုတိယနှစ်မှာ ခင်ပွန်းက သူ့ကိုလာတွေ့တော့ ကျောင်းသူက တကယ်ပဲမကျေနပ်ခဲ့ပါဘူး။ ဒါနဲ့ သူတို့လည်း ထပ်မတွေ့ခဲ့ကြတော့ဘူး။ Facebook ပေါ်မှာတော့ သူတို့ဆက်သွယ်နေခဲ့ကြသေးတယ်။ သူ့ကို ကျောင်းသူအကြောင်း ခင်ပွန်းမပြောပြတတ်ပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကနေတဆင့် သူတို့အကြောင်း သူကြားသိခဲ့ရတယ်။ သူတို့ ရန်ဖြစ်ကြပြီလို့ ဆိုပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေဆီ သူလှည့်ပတ်ခရီးသွားခဲ့တယ်။ အရင်တစ်ပတ်ကမှ သူနေတဲ့မြို့ဆီ သူပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တာနဲ့ Facebookပေါ် သူပုံတွေတင်ခဲ့တယ်။

ခင်ပွန်းက ကျောင်းသူရဲ့ခံစားချက်ကိုလျစ်လျူရှူပြီး ကော်ဖီသောက်ဖို့ သူ့ကိုချိန်းဆိုခဲ့ပါတယ်။

“မနေ့က ကျွန်မဆီ သူဖုန်းဆက်တယ်။ ကျွန်မတို့ စကားအများကြီး
ပြောခဲ့ကြတယ်။ အဓိကပြောဖြစ်တာက အဲဒီကျောင်းသူကို ကျွန်မတို့အကြောင်း သူပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်။ ကျောင်းသူက လမ်းမခွဲချင်ဘူး။
နောက်ဆုံးမှာ ကျွန်မနဲ့ပြန်ပေါင်းဖို့ ကျောင်းသူကို သူ့ဖက်ကပဲစပြီး လမ်းခွဲဖို့ ပြောခဲ့တယ်။ ကျွန်မခရီးသွား ပြန်လာမှ ဒီအကြောင်းပြောမယ်လို့ သူ့ကို ကျွန်မပြောလိုက်တယ်” သူက ပါးလျလျအပြုံးနဲ့ ကျွန်မကို ပြောပြပါတယ်။

“သူနဲ့ ရှင်ပြန်ပေါင်းချင်သလား” သူ့ကို ကျွန်မမေးလိုက်တယ်။

“ပြန်ပေါင်းချင်တာပေါ့.. သူ့ကို ကျွန်မချစ်တယ်။ သူလည်း ကျွန်မကိုချစ်တယ်။ ဘာကြောင့် မပေါင်းရမှာလဲ။ ဒါပေမယ့် ကျွန်မရဲ့အတွေးတွေ သူ့ကို မသိစေရဘူး။ ခရီးကပြန်ရောက်ရင် သူ့ကို ကျွန်မငြင်းမယ်။ ကျွန်မကို လက်လွှတ်ဆုံးရှုံးရတဲ့ခံစားမှုမျိုး သူ့ကိုအရင်ခံစားကြည့်စေမယ်”

လေယာဉ်ပေါ်ကမဆင်းခင် သူ့ကို ကျွန်မနောက်ဆုံးမေးခွန်းတစ်ခု
မေးလိုက်ပါတယ်။

“တကယ်လို့ နောက်ပိုင်းမှာ ရှင့်ယောက်ျားက အဲဒီလိုပဲထကြွနေရင် ဘယ်လိုလုပ်မလဲ”

“လူတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့မျိုးကွဲလိင်အပေါ် နှစ်သက်တဲ့ခံစားချက်မျိုး တဒင်္ဂဖြစ်ပေါ်တတ်တယ်။ တစ်ဘက်သားအပေါ် ရင်ခုန်မိတတ်တယ်.. ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ ကျွန်မလည်း တစ်ခါတလေဖြစ်တတ်တာပဲ။ အဓိကသော့ချက်က နှစ်သက်စွဲမက်တယ်ဆိုတာ စိတ်ကပဲဖြစ်တာလား၊ အပြုအမူပါ ပါသွားသလား။ လူတော်တော်များများက ရင်ခုန်တာ၊ နှစ်သက်တာ ဒါမှမဟုတ် စိတ်ယိုင်မိတာကို အချစ်လို့ ထင်ကြတယ်။ ရင်ခုန်တာနဲ့ တကယ့်ချစ်တာကို နှိုင်းယှဉ်လို့မရဘူးဆိုတာကို မသိကြဘူး။ ရင်ခုန်တဲ့ခံစားချက်က စိန်အရောင်လက်သွားသလောက်ပဲ.. သင့်ကို သူ့ရဲ့အလှအပကြောင့် အံ့သြမှင်တက်စေတာ.. ပိုင်ဆိုင်ချင်စိတ်ဖြစ်ပေါ်စေတာ။ တကယ့်အချစ်က နေရောင်ခြည်နဲ့တူတယ်။ ကြာလာရင် လူကိုရိုးလာစေနိုင်ပေမယ့် ဒီလိုအလင်းက သင့်ကိုနွေးထွေးစေတယ်၊ သင့်ကိုအလင်းပေးတယ် တောက်ပစေတယ်.. ဒီလိုအလင်းကို သင်ဆုံးရှုံးရင် တစ်လောကလုံး အမှောင်ထဲရောက်သွားပြီဆိုတာကို သင်သတိပြုမိလိမ့်မယ်။ နှမြောစရာကောင်းတာက လူတော်တော်များများက ဒါကို သတိမထားမိတတ်ကြဘူး။ ဒီတစ်ခေါက်အတွေ့အကြုံနဲ့ သူနားလည်သဘောပေါက်လောက်ပြီလို့ ကျွန်မယုံကြည်ပါတယ်”

အဲဒီနောက်ပိုင်းက ဇာတ်လမ်းကို ကျွန်မ,မသိခဲ့တော့ပါဘူး။ နားထောင်တဲ့ပရိသတ်များရင်များသလို ဇာတ်သိမ်းကလည်း အမျိုးမျိုးရှိလာနိုင်ပါတယ်။ ကျွန်မမှန်းဆမိတာက ဒါမှမဟုတ် ကျွန်မယုံကြည်မိတဲ့ဇာတ်သိမ်းက … သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေကြပြီဆိုတာပဲဖြစ်ပါတယ်။

-------

မူရင်းရေးသားသူ -- Mao Lu

မူရင်းစာအုပ် --- ၂ဝ၁၄ခုနှစ် မတ်လထုတ် Readers မဂ္ဂဇင်းအမှတ်စဉ်၆ပါ စာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment