Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 10, 2014

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမတွင် အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ဦးနေ၀င်းမြေးများ၏ ကုမ္ပဏီအားခွင့်ပြု၊ ယင်းစနစ်ကြောင့် ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှု ပြဿနာပိုဆိုးလာမည်

ရန်ကုန်မြို့တွင် အမြန်ဘတ်စ်ကားလိုင်းစနစ် (BRT) စနစ်ကို ဝေဇယန္တာလမ်းမတွင် စမ်းသပ်ပြေးဆွဲရန် ဦးနေဝင်းမြေးများ၏ ကုမ္ပဏီဖြစ်သည့် မေတ္တာလှိုင်းယာဉ်လိုင်းများ ပြေးဆွဲနေသော ဘက်စုံမြင်ကွင်းကုမ္ပဏီ (OMNI FOCUS Company) အား ခွင့်ပြုခဲ့ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန်အတွက် မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ရရှိခဲ့ပြီး ဘက်စုံမြင်ကွင်းကုမ္ပဏီက အမြန်ဘစ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်ခဲ့ကာ လွန်ခဲ့သည့်တစ်နှစ်ခွဲခန့် ကတည်းကတင်ပြခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ဝေဇယန္တာလမ်းမတွင် စတင်ပြေးဆွဲ ရန်စီစဉ်ခြင်းမှာ ယင်းလမ်းမှာ ဘတ်စ်ကားလုံးဝပြေးဆွဲခြင်း မရှိသေးသည့်အတွက် ဖြစ်ကြောင်း သိရသည်။

“စတင်ပြေးဆွဲမယ့် OMNI FOCUS ကုမ္ပဏီက ဒီစနစ်ကိုလုပ်တဲ့နေရာမှာ မော်တော်ယာဉ်၊ အခြေခံအဆောက်အအုံ၊ မှတ်တိုင် စတာတွေအတွက် ရင်းနှီးမြှုပ်နှံနိုင်မှုများတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏတော့ ပြောလို့မရနိုင် ဘူး။ သူ့မှာက မော်တော်ယာဉ်တွေကလည်း အဆင့်သင့်ဖြစ်နေပြီ။ ဒါကြောင့် စမ်းသပ်ပြေးဆွဲစေမယ်။ အောင်မြင်ရင် အခြားကုမ္ပဏီတွေကိုလည်း ထပ်မံခွင့်ပြုမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဝေဇယန္တာလမ်းမတွင် အသွားအပြန် သီးသန့်လမ်းကြောင်းတစ်ခုစီ ပေးရမည်ဖြစ်ပြီး သီးသန့်မှတ်တိုင်များလည်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အဲကွန်းစနစ်လည်း ပါဝင်မည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားအား ကျပ် ၄ဝဝ ကောက်ခံရန်တင်ပြမှုအချို့ ရှိသော်လည်း ယင်းနှုန်းထားမှာ များပြား၍ ပြန်လည်ညှိနှိုင်း ပေးသွားမည်ဖြစ်ပြီး အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် ဈေးနှုန်းများဖြစ်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေသည့်အတွက် ယင်းအချိန်များကို လျှော့ချနိုင်ရန် အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ၂ဝ၁၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ရာ ယင်းစနစ်အတွက် သီးသန့်လမ်းကြောင်းတစ်ခု ပေးရမည်ဖြစ်သောကြောင့် လက်ရှိလမ်းများ၏ အနေအထားအရ မဖြစ်နိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင် တစ်ဦးက ဆိုသည်။

ယင်းစနစ်ကြောင့် ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ပိုမိုဆိုးရွားလာမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဝေဇယန္တာလမ်းမနှင့် ချိတ်ဆက်၍ အခြားလမ်းများတွင်ပါ ပြေးဆွဲလာနိုင်ခြင်းကြောင့် ထပ်မံဖြစ်ပွားလာမည့် ယာဉ်ကြောပိတ်ဆို့မှုအတွက် ရန်ကုန်မြို့နေလူထုက များစွာစိုးရိမ်နေကြသည်။

“ဝေဇယန္တာလမ်းက ကားချောင်တဲ့ လမ်းလို့ပြောလို့မရဘူး။ ရုံးတက်ရုံးဆင်းချိန်တွေ၊ တစ်ခါတစ်ရံဆိုရင် နေ့လည်ပိုင်း အချိန်တွေတောင်မှ ကားကျပ်နေတာတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း လာဆွဲမယ်ဆိုရင်တော့ ခရီးသွားတွေ အဆင်ပြေမပြေတော့မသိဘူး။ အရင်ဆုံးကားပိတ်တာ ဆိုးလာနိုင်တယ်။ အခုတောင်မှ တစ်မြို့လုံးကားတွေပိတ်လို့ အုံနာခရအောင် မနည်းရှာနေရတာ” ဟု အငှားယာဉ်မောင်းနှင်သူ ကိုစိုးနိုင်က ပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်မြို့နေပြည်သူများနှင့် သက်ဆိုင်သည့်ကိစ္စအား လုပ်ကိုင်ခွင့်ပေးခြင်းကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်သည်ကို မကြားရ၍ ယာဉ်ကြောရှင်းလင်းစေရန် ပြုလုပ်ခြင်းထက် နီးစပ်ရာလူတစ်စုကို အကျိုးရှိစေရန် လက်သိပ်ထိုးချပေးခဲ့သည် သဘောဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
News Eleven

No comments:

Post a Comment