Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

ရဲစခန်းတွင်နှိပ်စက်ခံရသူ ကိုနန်းဝင်း၏ နောက်ဆက်တွဲသတင်း

 

ရွှေခိုးမှုသံသယဖြင့် ပုသိမ်မြို့ ရဲစခန်းတခု၏အချုပ်ခန်းတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရပြီးနောက် တနှစ်နီးပါး ထောင်ချခံခဲ့ရသည့်  ကိုနန်းဝင်း ဆိုသူကို  အပြစ်မရှိကြောင်း တရားရုံးက မကြာသေးခင်က ဆုံးဖြတ်လိုက်သည်။  



  •  လက်ထိတ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)
 သက်သေမခိုင်လုံသည့်အတွက်   ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု သိရကြောင်း အခမဲ့ရှေ့နေလိုက်ပေးခဲ့သည့် ပုသိမ်မြို့မှ ရှေ့နေဒေါ်မြင့်သိန်းက ဧရာဝတီ ကိုပြောသည်။

 “အမှုမှာ သက်သေထွက်ချက်တွေအရ ကိုနန်းဝင်းခိုးယူတယ်လို့ ပေါ်ပေါက်ခြင်းမရှိတဲ့အတွက် ရုံးတော်က တရားသေလွှတ်ပေးလိုက်တာပါ”

သူ၏ ဇနီးသည်မှာ ထိန်းသိမ်းခံရစဉ် င၀န်မြစ်အတွင်း ရေနစ် သေဆုံးသွားသည်။

ဤဖြစ်ရပ်သည် ၂၀၁၃ ခုနှစ်က ရွှေ တဆယ်သားပျောက်မှုတခုမှ  အစပြုခဲ့သည်။

 ပုသိမ်မြို့နယ်၊ လက်ပံအုပ်စု၊ သပြေပင်ကျေးရွာနေ ဦးအုန်းသန်း၊ ဒေါ်မြင့်မြင့်တို့နေအိမ်မှ ရွှေ ၁၀ ကျပ်သားပျောက်ဆုံးမှုနှင့်ပတ်သက်၍ ပိုင်ရှင်များ၏တိုင်တန်းချက်အရ ၎င်းနေအိမ်တွင် အလုပ်လုပ်သည့် ကိုနန်းဝင်း အဖမ်းခံခဲ့ရသည်။

သင်္ဘောကျင်းရဲစခန်းမှ အမှုစစ် ဒုရဲအုပ်နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် သူ့ကို ဖမ်းဆီးကာ ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် အမှုဖွင့်ခဲ့သည်။

 ဇွန်လ ၁၁ ရက်နေ့တွင် ဇနီးဖြစ်သူမသန်းသန်းအေးလည်း   သံသယတရားခံအဖြစ် အဖမ်းခံရသည်။
ရဲတပ်ဖွဲ့က  တပတ်ကြာစစ်ဆေးပြီး ရေကြောင်းခရီးဖြင့် ပြင်ပသို့ ခေါ်ဆောင်သွားစဉ် မသန်းသန်းအေးက င၀န်မြစ်အတွင်း ခုန်ချပြီးနောက် သေဆုံးသွားသည်။

 ကိုနန်းဝင်းသည်  သင်္ဘောကျင်းရဲစခန်းအချုပ်ထဲ၌ ၁ လ၊ ပုသိမ်ထောင်ကြီးအချုပ်ထဲ၌ ၉ လ၊ အာမခံရရှိ၍ အပြင်မှ ရင်ဆိုင်ခဲ့ရသည့် အချိန် ၅ လ၊ စုစုပေါင်း ၁၄ လ တရားရင်ဆိုင်ခြဲ့ပီးနောက် တရားသေ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

 “ရွှေပျောက်မှုနဲ့ပတ်သတ်ပြီး ကျနော်တို့ လင်မယား ၂ ယောက်စလုံး မတရားဖမ်းဆီးခံခဲ့ရတယ်။
မိန်းမလည်း ရက်ရက်စက်စက် သေခဲ့ရပြီးပြီ။
 အခုတရားရုံးက တရားသေလွှတ်လိုက်တယ်ဆိုပေမယ့် ၀မ်းသာဖို့ နေနေ သာသာ ရှေ့ဆက်ဘာလုပ်ရမယ် ဆိုတာ စဉ်းစားလို့မရသေးဘူး” ဟု ကိုနန်းဝင်းက ပြောသည်။

 သင်္ဘောကျင်းရဲစခန်းအချုပ်ထဲ၌ ဖမ်းဆီးထားစဉ် ရွှေထည်ပစ္စည်းများ ခိုးယူကြောင်း ၀န်ခံစေရန် ဒုရဲအုပ်နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ကိုနန်းဝင်းက ပြောပြသည်။

 “ကျနော့်ကိုသူတို့တွေက ထုပ်တန်းမှာတွဲလောင်းဆွဲပြီး ခြေထောက်တွေနဲ့ကန်တယ်။
တံတောင်နဲ့ ထောင်းတယ်။ လက်သီးနဲ့ ထိုးတယ်။
ရွှေခိုးတာကိုလည်း အတင်းဝန်ခံခိုင်းတယ်။
 ကျနော် မခိုးပါဘူးလို့ ပြောတာလည်းမရဘူး။
မ၀န်ခံရင် မင်းကို သတ်ပစ်မယ်ဆိုပြီး ရဲတယောက်ကပြောတော့ ကျနော်လည်း မင်းတို့သတ်တာတော့ မခံဘူး။
ငါ့ဘာသာပဲ သတ်သေမယ်ဆိုပြီး လည်ပင်းကို ခြင်ဆေးခွေနဲ့ထွန်းတဲ့ သံပြားနဲ့ လှီးတာ။
အဲဒီနောက်ပိုင်း နှိပ်စက်တာတွေ မလုပ်တော့ဘူး။ ဒဏ်ရာကိုလည်း ဆရာဝန်တယောက် အချုပ်ထဲကိုခေါ်လာပြီး ဆေးကုပေးတယ်”ဟု သူကပြောသည်။

 ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပုံများကို ကိုနန်းဝင်းအား ရုပ်သံအင်တာဗျူး ရိုက်ကူး၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်ပြီး နိုင်ငံတကာသို့ တင်ပြသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) မှ ဗဟိုကော်မတီဝင် ဦးဝင်းနိုင်က ပြောသည်။

 “ကျနော်တို့မကြာခင်မှာ ကိုနန်းဝင်းဆီကို သွားပါမယ်။
သူ့ကိုရဲတွေ ဘယ်လိုနှိပ်စက်ညှဉ်းပန်းခဲ့သလဲ ဆိုတာကို ကျနော်တို့ ဗီဒီယိုမှတ်တမ်းယူပြီး ကုလသမဂ္ဂကို တင်ပါမယ်။
 နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေဆီကိုလည်း ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

 ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်  HRDP အဖွဲ့က မသန်းသန်းအေးသေဆုံးသည့်ကိစ္စကို ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံ Slideshow များ ပြသခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားသို့ ရန်ကုန်အခြေစိုက် သံတမန်တချို့ တက်ရောက်ခဲ့သည်။

 မသန်းသန်းအေးသေဆုံးမှုနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူ အမှုစစ်ဒုရဲအုပ် နိုင်အောင်ကျော်ကို အာဏာပိုင်တို့က တာဝန်မှ ရပ်စဲ၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ်ချမှတ်ကာအရေးယူခဲ့သည်။
မသန်းသန်းအေးရေထဲခုန်ချသည့် ဖြစ်စဉ်တွင် လုံခြုံရေး၊ စစ်ကြောရေး တာဝန်ရှိသူ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်းနှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့အား
ရာထူးတဆင့်စီလျှော့ချခဲ့သည်။


ဆလိုင်းသန့်စင်
http://blog.irrawaddy.org/2014/08/blog-post_71.html

No comments:

Post a Comment