Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ဘူဖေးစားတဲ့ နံနက်ခင်း


(၁)
ဟိုတယ်တွေမှာ နံနက်စာကျွေးတဲ့ ဟိုတယ်နဲ့ နံနက်စာမကျွေးတဲ့ ဟိုတယ်ဆိုပြီး နှစ်မျိုးတွေ့ရတတ်ပါတယ်။ တည်းခိုသူတွေအနေနဲ့ ကိုယ်နှစ်သက်ရာရွေးပြီး တည်းနိုင်ကြပါတယ်။ ဟိုတယ်အဆင့်ချင်းတူရင် နံနက်စာကျွေးတဲ့ ဟိုတယ်က ပိုဈေးကြီးပါတယ်။

နံနက်စာကျွေးတာချင်း တူရင်တောင်မှ မည်ကာမတ္တအဖြစ်ကျွေးတဲ့ ဟိုတယ်နှင့် စားကောင်းသောက်ဖွယ် အမည်စုံစွာကျွေးတာချင်း ကွာကြပါသေးတယ်။ ပေးရတဲ့ဈေးကလည်း ကွာသေးတာကိုး။ များများပေးရင်တော့ ကောင်းကောင်းကျွေးပေမပေါ့ဗျာ။

(၂)
ကောင်းကောင်းကျွေးရာမှာ ဘူဖေးစနစ်နဲ့ ကျွေးတာချင်းတူတာတောင်မှ အမည်စုံတာနဲ့ နည်းတာကွာပါတယ်။ စားစရာ အမျိုးအစားတွေ မထပ်ရလေအောင် နေ့အလိုက် ဇယားဆွဲပြီး ဂရုတစိုက် စီစဉ်ပေးတာနဲ့ နေ့စဉ်ဒါတွေဒါတွေပဲ မြင်နေရတာမို့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာတောင် အလွတ်ရနေပြီလို့ ဆိုရမှာမျိုးတွေလည်း ရှိကြပါတယ်။ ကွာကြပါတယ်။

များသောအားဖြင့် ပုံမှန်တွေ့ရလေ့ ရှိတာတွေက သစ်သီးဖျော်ရည်မျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ပေါင်မုန့်မျိုးစုံ၊ ကြက်ဥမွှေကြော်၊ ကြက်ဥမကြက်တကြက်ကြော်၊ နွားနို့၊ ပဲနို့၊ ကြက်ဥအကြက်ပြုတ်၊ ကြက်ဥမကြက်တကြက်ပြုတ်၊ ချိစ်၊ ထောပတ်၊ စွတ်ပြုတ်၊ အရွက်မျိုးစုံ၊ အသီးမျိုးစုံ၊ အာလူးပြုတ်၊ အာလူးမီးဖုတ်၊ ကြက်အူချောင်း၊ ၀က်အူချောင်း၊ အသားပြားမျိုးစုံ (ကြက်၊ ကြက်ဆင်၊ ၀က်၊ အမဲ)၊ ဟင်းသီးဟင်းရွက်စုံကြော်၊ ပဲလုံးပြုတ်၊ အသားလုံးကြော် (ကြက်၊ ကြက်ဆင်၊ ငါး၊ ၀က်)စတာတွေ ဖြစ်ကြပါတယ်။

အရှေ့တိုင်းက ဟိုတယ်တွေမှာတော့ စောစောကပြောခဲ့တာတွေအပြင် ဆန်ပြုတ်၊ ဆေးဘဲဥ၊ ဘဲဥဆားစိမ်၊ မြေပဲကြော်၊ ငါးခြောက်ကြော်၊ ကြက်သွန်ကြော်၊ ကြက်သွန်မိတ်၊ ငါးငရုတ်သီးကြော်၊ အသားဟင်း၊ ကြာဆံပြုတ်၊ ခေါက်ဆွဲပြုတ်၊ ထမင်းဖြူ၊ ထမင်းကြော်၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်တို့ပါ မြင်ရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဟိုတယ်ကြီးတွေမှာတော့ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲ၊ ကောက်ညှင်းပေါင်း၊ ကြက်ကင်၊ သင်္ဘောသီးထောင်းတို့ ပါဝင်တည်ခင်း ကျွေးမွေးပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒေသစာတွေပါ အလျဉ်းသင့်သလိုထည့်ပြီး တည်ခင်းကြပါတယ်။

(၃)
ဟိုတယ်တွေမှာ စတိလောက်ကျွေးတဲ့ နံနက်စာတွေက များသောအားဖြင့် လက်ဖက်ရည် သို့မဟုတ် ကော်ဖီတစ်ခွက်၊ ကြက်ဥကြော်၊ ပေါင်မုန့်ဖြစ်တတ်ကြပြီး၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ၊ ကြက်ဥကြော်၊ ထမင်းကြော် ကျွေးကြတာလည်း ရှိပါတယ်။

ဘူဖေးကျွေးတာရဲ့ ရည်ရွယ်ချက်က စားသုံးသူတွေကို ကြိုက်ရာရွေးပြီး အ၀စားနိုင်အောင် စီစဉ်ပေးထားတာပါ။ ၀မ်းထက် မျက်စိကျယ်ပြီး မနိုင်ရင်ကာယူ၊ မဆံ့မပြဲစား၊ မကုန်တာတွေကို တစ်ပုံတစ်ပင် ထားတာမျိုးကတော့ မကောင်းဘူးပေါ့လို့ ပြောရမှာပါ။

(၄)
“သားနော် အမေပြောထားတယ် မဟုတ်လား။ ဘူဖေးစားရင် ပထမဦးဆုံး ထည့်ရာမှာ စားစရာတွေကို တစ်ပုံကြီး မကုန်နိုင်မခန်းနိုင် မထည့်ရဘူး။ ကိုယ်စားနိုင်တာထက် လျှော့ယူ။ မ၀ရင် ပြီးမှနောက်တစ်ခေါက်ထပ်ယူဆိုကာ အခုလို မဟားတရား လောဘတကြီးနဲ့ ထည့်တာမျိုး အမေမကြိုက်ဘူး။

ပန်းကန်ထဲမှာ အစားအသောက်တွေ တောင်လိုပုံနေအောင် ထည့်ယူနေတဲ့သားကို အမေကဆူတယ်။

“ဘူဖေးဆိုပြီး ဒါပိုက်ဆံပေးထားတာ ငါတို့ရပိုင်ခွင့်ဆိုပြီး ပစ်စလက်ခတ် မလုပ်ရဘူး။ အဲဒါ လူကြီးလူကောင်းစိတ်ဓာတ် မဟုတ်ဘူး”

ဘူဖေးစားပွဲရှည်မှာ တန်းစီလျှောက်ရင်း ကိုယ့်အလှည့်မှာ အစားအသောက်ယူနေကြတဲ့ ရှုခင်းတစ်ကွက်ပါ။ လောဘကြီးတဲ့သားရယ်၊ အားပေးအားမြှောက်မလုပ်တဲ့ အမေရယ်။

အဘိုးကြီးတစ်ယောက်ကတော့ သူတို့ကိုကြည့်ပြီး သဘောကျနေလေရဲ့။ တန်းစီနေတဲ့ အဘိုးကြီးက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။

(၅)
တန်းစီနေတဲ့ လူတန်းထဲမှာ သားအဖနှစ်ယောက် ပါတယ်။ သူတို့အလှည့်ရောက်တော့ ပန်းကန်ပြားတစ်ချပ်စီယူပြီး စားချင်တာ ရွေးထည့်ကြတယ်။ ဆယ်လမွန်ငါး အသားလွှာထည့်ထားတဲ့ လင်ပန်းမှာ ငါးအသားလွှာ လေးလွှာပဲ ကျန်တော့တယ်။ သားက ဆယ်လမွန်ငါး သိပ်ကြိုက်တာ။ အဖေက တွေးနေတယ်။ ဒီကောင်တော့ အကုန်လုံး ကျုံးယူတော့မယ်။

“သား ငါးအသားလွှာတွေ အကုန်လုံး ထည့်မယူလိုက်နဲ့နော်။ တစ်ဝက်ပဲထည့် ဟုတ်လား”

“အဖေကလည်း သားသိပ်ကြိုက်တဲ့ဟာ။ ဒီလေးလွှာတောင် လောက်တာမဟုတ်ဘူး။ နောက်ပြီးတော့ အိမ်မှာလည်း အဖေတို့က ၀ယ်မကျွေးဘူး။ ပြောလိုက်ရင် အမေက ဈေးကြီးတယ်။ ဘာမှတ်လဲ။ စွတ်ဟောက်တာ။ အခုလိုအချိန်လေး စားရတဲ့ဟာကို”

အဖေ နည်းနည်းတွေဝေသွားတယ်။ သားပြောတာလည်း ဟုတ်နေတာကိုး။ အခု ခရီးတောင်မှ သူငယ်ချင်းသူဌေးက စပွန်ဆာလုပ်လို့ ရောက်ခဲ့ရတာ။ မဟုတ်ဘူးလေသားရဲ့။ နောက်မှာတန်းစီနေတဲ့ လူတွေထဲမှာလည်း ဆယ်လမွန်ကြိုက်တဲ့သူတွေ ရှိနိုင်တာပဲလေ။ အဲဒီတော့ သားနှစ်လွှာပဲယူနော်”

သားမျက်မှောင်ကြုတ်လိုက်တယ်။ အဖေလည်း ဆယ်လမွန်ငါး ကြိုက်တာပဲဥစ္စာ။ အမေခဏခဏပြောတာ ကြားဖူးတယ်။

“ဒီလိုလုပ်ကြမယ်လေ။ သားကနှစ်လွှာယူမယ်။ ကျန်တဲ့နှစ်လွှာ အဖေယူပေါ့”

အဖေက ဖြည်းညင်းစွာ ခေါင်းခါတယ်။

“ဘာဖြစ်လို့လဲ အဖေရဲ့။ ကုန်သွားရင် သူတို့ထပ်ဖြည့်ကြမှာ မဟုတ်လား” ထားလိုက်ပါသားရယ်။ သူတို့ထပ်ဖြည့်ရင် အဖေကိုယ်တိုင် လာယူပေးမယ်။ အဖေစားဖို့ရော၊ သားအတွက်ရော”

အဖေ့စကားကို သိပ်မကျေနပ်ပေမယ့် စကားထပ်မကွန့်တော့ပါ။ စိတ်ထဲမှာတော့ သူတို့ထပ်မဖြည့်တော့ရင်ကော၊ ကုန်သွားပြီဆိုရင်ကောဆိုပြီး တွေးနေမိတယ်။ ကလေးပဲဟာ။ ဒီလောက်တော့ တွေးခွင့်ပေးရမှာပေါ့နော်။

သူတို့သားအဖ ရှေ့ကပြောတာတွေ နားထောင်ရင်း နောက်မှာတန်းစီနေတဲ့ အဘိုးကြီးက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။

(၆)
သားအဖနှစ်ယောက် နံနက်စာစားအပြီး ထမင်းစားခန်းက ထွက်လာကြတယ်။ ဟိုတယ်ဧည့်ကြို မိန်းကလေးတစ်ယောက် အပြေးကလေး အနားကို ရောက်လာပါတယ်။

“လူကြီးမင်း ခဏလောက် အချိန်ပေးနိုင်မလားရှင်။ ကျွန်မတို့ ဟိုတယ်သူဌေးက ခဏလောက် စကားပြောရင်း ကော်ဖီသောက်ဖို့ ဖိတ်ခိုင်းလိုက်လို့ပါ။ မကြာပါဘူး။ ငါးမိနစ်လောက်ပါ။ သားကတော့ ဒီဧည့်ခန်းမှာ ခဏထိုင်စောင့်နေပေါ့နော်”။

အံ့သြစွာနဲ့ ခေါင်းညိတ်လက်ခံပြီး ခဏမှာ ဟိုတယ်သူဌေးရဲ့ ရုံးခန်းကို ရောက်ခဲ့တယ်။ ဆက်တီကုလားထိုင်မှာ အမျိုးသမီးတစ်ယောက် ထိုင်နေတယ်။ အဘိုးကြီးတစ်ယောက်က သူ့ကို ရုံးခန်းဝမှာလာကြိုရင်း နှုတ်ဆက်တယ်။

“မင်္ဂလာပါ။ လူကြီးမင်း အခုလို အချိန်ပေးပြီး လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထိုင်ပါဗျာ။ ကော်ဖီသောက်ပါ”

သူမှတ်မိလိုက်ပြီ။ တန်းစီနေတုန်းက သူ့နောက်မှာရှိတဲ့ အဘိုးကြီးပေါ့။

“လူကြီးမင်းတို့သားအဖ ပြောနေကြတာ ကျွန်တော်ကြားမိပါတယ်။ သားသမီးကို ချစ်ကြတာ မှန်ပေမယ့် သူတို့ လူပီသစွာ ရှင်သန်ကြီးပြင်းလာဖို့ ကိုယ်ချင်းစာတရားရှိဖို့ စည်းကမ်းရှိဖို့ သွန်သင်ရမှာ မိဘတွေရဲ့ တာဝန်ပါ။ အဲဒီလိုမှမဟုတ်ရင် သူတို့ ဘယ်လိုပုံစံနဲ့ ကြီးပြင်းကြမလဲ။ သူတို့ မိဘဘ၀ ရောက်တဲ့အခါ ဘယ်လိုစခန်းသွားကြမလဲ။ အဲဒီအတိုင်းဆိုရင် ကျွန်တော်တို့နောက်ကို တဖြည်းဖြည်း ဆုတ်သွားတော့ပေမပေါ့”။

ခဏစကားပြောအပြီးမှာ အဘိုးကြီးက ဂုဏ်ပြုညစာ ကျွေးပါရစေဆိုပြီး ဖိတ်မန္တက ပြုတယ်။

“အခုလိုဖိတ်တာ အထူးဝမ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ ဒါပေမဲ့ လက်မခံပါရစေနဲ့။ ဘာဖြစ်လို့ ညစာဖိတ်ကျွေးတာလဲလို့ သားကမေးရင်”

“ဟုတ်ကဲ့ပါ။ ကျွန်တော် သဘောပေါက်ပါတယ်။ ဒီအမျိုးသမီးလည်း အတူတူပါပဲ။ ကျွန်တော် ညစာဖိတ်ကြားလွှာကို လူကြီးမင်းလိုပဲ ငြင်းခဲ့တယ်”

(၇)
ရုံးခန်းထဲမှာ ရယ်မောသံလေးတွေ လှိုင်းခတ်သွားတယ်။ သူတို့ရဲ့မျက်နှာမှာ အပြုံးပန်းတွေ အများကြီးပွင့်လို့။

လှလိုက်ပါဘိ နံနက်ခင်းလေးရယ်။

Eleven media

No comments:

Post a Comment