Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 1, 2014

"ကိုယ့်ဘ၀ရဲ့မီးအိမ်ရှင်"



စာအုပ်နာမည်က ကျော်ဟိန်းလို့နာမည်ကြီးတဲ့လူတစ်ယောက် တဲ့။ ဓါတ်ပုံတွေ ထည့်ထားတာတောင် စာမျက်နှာ ၁၀၀ မကျော်ဘူး။ ခပ်ပါးပါးလေးပဲ။ ၁၉၉၅ခုနှစ်က သရဖူမဂ္ဂဇင်းအတွက် တိုင်းသိပြည်သိ ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်း နဲ့ နိုင်ငံကျော် စာရေးဆရာ ဆရာအောင်သင်းတို့ အမေးအဖြေ လုပ်ထားကြတာကို အခု စာအုပ်အနေနဲ့ ပြန်ထုတ်ထားတာ။
ကျော်ဟိန်းဆိုတာကတော့ အထူးမိတ်ဆက်စရာ မလိုပါဘူး၊ မြန်မာနိုင်ငံသားတိုင်း သိကြတဲ့ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ပါ။ လူတိုင်းက ကျော်ဟိန်းကို သိကြပေမဲ့ ကျော်ဟိန်းကတော့ လူတိုင်းကို မသိဘူး ဆိုပြီးတောင် ပြောစမှတ်တွင်ရသူပါ။ ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှု ရခဲ့တယ်။ တခြားသက်ကြီး သရုပ်ဆောင်တွေလို အဖေခန်း၊ ဇာတ်ပို့ခန်းမဟုတ်ဘဲ သာသနာ့ဘောင် မ၀င်ခင်အထိကို ခေါင်းဆောင်နေရာကနေ ဇာတ်ကားတွေအများကြီး ရိုက်ကူးခဲ့တယ်။ ဒါတင်မကဘူး၊ သူမွေးထုတ်ပေးခဲ့တဲ့ သူသင်ပြပေးခဲ့တဲ့ သရုပ်ဆောင်တွေကလည်း မနည်းဘူး။ တကယ့်ကို နောက်တစ်ယောက် ထပ်ပေါ်ဖို့ ခက်တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးရဲ့ ရည်ရွယ်ချက်က လူငယ်တွေကို ဦးတည်ထားတယ်။ ကမ်းကုန်အောင် ဆိုးခဲ့ ပေခဲ့ တေခဲ့တဲ့ လူငယ်လေးဘ၀ကနေ အခုလို နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အဖြစ် အောင်မြင်လာခဲ့တဲ့ ကျော်ဟိန်းရဲ့ ငယ်ဘ၀ဖြတ်သန်းပုံတွေအကြောင်းကို ဆရာအောင်သင်းက နှိုက်နှိုက်ချွတ်ချွတ် မေးခဲ့တယ်။ ကျော်ဟိန်းကလည်း လူငယ်တွေအတွက် ရည်ရွယ်တဲ့ စာအုပ်ဖြစ်တာမို့ ဖတ်ရသူ လူငယ်တွေအကျိုးရှိအောင် သူ့ငယ်ဘ၀အကြောင်းတွေအားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြထားခဲ့တယ်။
ကျော်ဟိန်းရဲ့ ငယ်ဘ၀ဟာ ပြဿနာအတိနဲ့ လို့ ပြောလို့ရတယ်။ မိသားစုကလည်း အဆင်မပြေဘူး။ အဖေနဲ့ သူနဲ့က အသက်ချင်း ၅၃နှစ်ကွာတယ်။ ဒီတော့ အမြင်ချင်းက တခြားစီ။ နောက်ပြီး သူ့အဖေက သူ့ဆွေမျိုးတွေနဲ့ နှိုင်း နှိုင်းပြီး မင်းကတော့ ခွေးဖြစ်မဲ့ကောင် လို့ မကြာခဏ နှိမ့်ချပြောတတ်တယ်။ ဒီတော့ သူ့ရင်ထဲမှာ အဖေအပေါ် မကျေနပ်ချက်တွေက အပြည့်။ သူ့အမေက အဖေရဲ့ ဒုတိယအိမ်ထောင်၊ ဒါကိုလည်း သူက မကျေနပ်ဘူး။ မောင်နှမက ၆ယောက်ရှိတယ်။ စီးပွါးရေးက မပြည့်စုံဘူး။ အိမ်ကနေ ထွက်ပြေးတာ ၁၆ခါတောင် ရှိတယ်။ သူ့ဘ၀မှာ ရန်ဖြစ်တယ် ဆိုတာ ဆန်းတဲ့အရာ မဟုတ်တော့ဘူး။ သူတောင်းစားသာသာ ဘ၀မျိုးလည်း ရောက်ဖူးတယ်။ စစ်တပ်ထဲလည်း ၀င်ခဲ့ဖူးတယ်။ သချိင်္ုင်းမှာလည်း ဖဲသွားရိုက်ဖူးတယ်။ အဲဒီလိုကနေ အကြောင်းစပ်မိလို့ သရုပ်ဆောင် ၀င်အရွေးခံတယ်။ လူရွေးတဲ့နေ့မှာ သရုပ်ဆောင်ရတဲ့ အခန်းက အမေဖြစ်သူကို ဂုဏ်ပကာသနတွေနဲ့ ပတ်သက်ပြီး ဒေါနဲ့မာန်နဲ့ ပြန်ပြောရတဲ့အခန်း။ အဲဒီမှာ သူ့ဘ၀ထဲက မကျေနပ်မှုတွေကို ပုံအောပြီး ပြောချပစ် သရုပ်ဆောင်ပစ်လိုက်တာ အရွေးခံခဲ့ရတယ်။ အဲဒီလိုနဲ့ နာမည်ကြီးလာ၊ ပိုက်ဆံတွေရလာတော့ နောက်ထပ်ပျက်စီးမှုတစ်ခုနဲ့ ထပ်ကြုံရပြန်တယ်။ အဲဒါကတော့ ဆေးစွဲတာပဲ။ အဲဒီနောက် ကိုယ့်ကိုကိုယ်မှားမှန်းသိပြီး ဆေးဖြတ်လိုက်တယ်။ အဲဒီနောက်မှာတော့ အခုလို နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။
ကျော်ဟိန်းရဲ့ အောင်မြင်မှုတွေကို ကြည့်လိုက်ရင် အဓိက အကြောင်းရင်း ၂ချက်ကို တွေ့ရပါမယ်။ ပထမတစ်ခုကတော့ အောင်မြင်နေတဲ့သူတိုင်းမှာ ရှိနေတတ်တဲ့ အောင်ကိုအောင်မြင်ရမယ် ဆိုတဲ့ အဓိဌာန်စိတ်ပါ။ သရုပ်ဆောင်တဲ့အခါမှာလည်း အောင်မြင်ရမယ်ဆိုတဲ့စိတ်၊ ဆေးဖြတ်တဲ့အခါမှာလည်း ရအောင်ဖြတ်မယ် ဆိုတဲ့စိတ်နဲ့ သူ့ဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့တယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ သူ့အလိုလို ရလာတာ မဟုတ်သလို၊ မတော်တဆ အဖြစ်အပျက်တစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် အောင်မြင်ရမယ်လို့် စိတ်ပိုင်းဖြတ်ထားတဲ့သူတွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာမျိုးပါ။
နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အောက်သက်ကြေခြင်းပါ။ ဘ၀က ကြမ်းခဲ့တဲ့အခါကျတော့ အဲဒီကြမ်းတမ်းမှုတွေ အတွေ့အကြုံတွေက သူသရုပ်ဆောင်ဖြစ်လာတဲ့အခါမှာ အရမ်းအသုံးဝင်ခဲ့တာကို တွေ့ရမှာပါ။ ၅၅၀ဇာတ်နိပါတ်ထဲက ကြိုက်တဲ့ဇာတ်ထုပ်ကို ဆွဲထုတ်လိုက်၊ သူ့ခံစားချက်နဲ့ ကိုက်တဲ့ ဇာတ်ကွက်တစ်ကွက်တော့ အနည်းဆုံးပါနေမှာပဲ တဲ့၊ သူ ပြောထားတယ်။ ဒီလောက် အတွေ့အကြုံတွေစုံ၊ ခံစားချက်တွေစုံနေမှတော့ သူ ဒီလို အောင်မြင်မှုတွေရလာခဲ့တာ သိပ်တော့လည်း မဆန်းပါဘူး။ တကယ်တော့ ကျော်ဟိန်းဟာ အတန်းပညာအရ ဆယ်တန်းမအောင်ပါဘူး။ ဒါပေမဲ့ ဘ၀ဆိုတဲ့ကျောင်းကြီးမှာတော့ သူတတ်ခဲ့တဲ့ပညာတွေက ဂုဏ်ထူးထွက်ပါတယ်။ ပညာတတ်ဆိုတာကို ၁၀တန်းအောင်၊ ဘွဲ့ရမှ ပညာတတ် လို့ထင်တတ်ကြတဲ့ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ်ရှက်တတ်ကြဖို့ ကောင်းပါတယ်။
အဲဒီစာအုပ်ဖတ်ပြီး အရင်က တိမ်တွေနေတဲ့အရပ်မှာပဲ အေးအေးဆေးဆေး နေချင်ခဲ့တဲ့ကျွန်တော်ဟာ အခက်အခဲတွေကို မကြောက်တော့ဘူး။ မကြောက်တော့တဲ့အပြင် လိုတောင်လိုချင်လာတယ်။ ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းပြီး ဘာမှမသိ ဘာမှမတတ်လိုက်ဘဲ ဖြစ်ရမှာကို စိတ်ပူလာတယ်။ တစ်ယောက်ယောက်ရဲ့ ဖေးမမှုကြောင့် ကိုယ့်ဟာကိုယ် အခွံထဲကနေ ရုန်းကန်မထွက်လိုက်ရတဲ့အခါ အကျိအချွဲတွေ မစင်လို့ လိပ်ပြာစစ်စစ်လေးအဖြစ် လေမှာ မ၀ဲရဘဲ မြေမှာလျှောက်နေရတဲ့ မြေလျှောက်လိပ်ပြာလိုမျိုး ဖြစ်မှာ ကြောက်တတ်လာတယ်။ အခက်အခဲတွေကို ကျွန်တော့်ကို ပိုပြီးရင့်ကျက်စေ ပညာရှိစေတဲ့ အခွင့်အလမ်းတွေအဖြစ် မြင်လာတယ်။ တကယ်တော့ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကြုံနေရချိန်မှာသာ စိတ်ပျက်စရာကောင်းတယ် ထင်ရပေမဲ့ အကောင်းဆုံးကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာတော့ အဲဒီအရာတွေဟာ ကိုယ့်အတွက် လက်နက်တစ်ခုလို ဖြစ်လာတယ်။
အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ညရဲ့ သန်းခေါင်ယံအချိန်၊ ခြံကြီးတစ်ခြံထဲမှာ ရှိနေတဲ့ နှစ်ထပ်အိမ်ဟောင်းကြီးရဲ့ အပေါ်ထပ်မှာ လူ၃ယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာပဲ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါးပွင့်တဲ့အသံ ကြားလိုက်ရတယ်။ အဲဒီအခါ ပထမတစ်ယောက်က သရဲ သရဲ ဆိုပြီး ကြောက်အားလန့်အားနဲ့ ခေါင်းမြီးခြုံထားလိုက်တယ်။ နောက်တစ်ယောက်ကတော့ သူခိုးပဲဖြစ်မယ် ဆိုပြီး ကြည့်ဖို့ အောက်ဆင်းသွားတယ်။ နောက်ဆုံးတစ်ယောက်ကတော့ သူခိုးလည်းမသိဘူး၊ သရဲလည်း မသိဘူး၊ အိပ်ချင်တာပဲ သိတယ်ဆိုတော့ ဆက်အိပ်နေလိုက်တယ်။ ကျွီ ဆိုတဲ့ အသံလေး ကြားလိုက်ရတာချင်း တူပေမဲ့ ကိုယ့်ရဲ့ခံယူချက်ပေါ်မူတည်ပြီး လူ၃ယောက်ရဲ့ ပြုမူပုံ တုံြ့ပန်ပုံတွ ကွာခြားသွားတာကို တွေ့ရပါမယ်။
ဘ၀အခြေအနေတွေ ဆိုးကြတာ၊ ခက်ခဲကြတာချင်း တူပေမဲ့ အဲဒါတွေကြားကနေပဲ တချို့က ကျော်ဟိန်း ဖြစ်လာကြတယ်၊ တချို့က ပါမောက္ခကြီးတွေ ဖြစ်လာကြတယ်၊ တချို့က နိုင်ငံတော်သမ္မတ ဖြစ်လာကြတယ်၊ တချို့ကတော့ စိတ်မှာ ဆူးတွေအပြည့်နဲ့ လောကကို ဒုက္ခပေးတဲ့သူတွေ ဖြစ်လာကြပါတယ်။
တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်တော့ အခက်အခဲတွေ စိတ်ညစ်စရာတွေ စိန်ခေါ်မှုတွေ ရှိတတ်ကြပါတယ်။ ဒါတွေကို ကိုယ်ဘယ်လိုသဘောထားလဲ ဆိုတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ဘ၀တွေလည်း ကွာခြားသွားကြမှာပဲ ဖြစ်ပါတယ်။
ကဲ အောက်ထပ်က တံခါးကတော့ ကျွီ လို့ မြည်နေပါပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ?
မသိလိုက်၊ မသိဘာသာ ရှောင်လွှဲနေကြမှာလား။
ကြောက်တယ်ဆိုပြီး ခေါင်းမြီးခြုံနေမှာလား။
ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်လွှားလိုက်မှာလား။ ကျွန်တော်တို့ ရွေးချယ်ကြရပါမယ်။
တကယ်တော့ ကျွန်တော်တို့ဘ၀ရဲ့ အရှင်သခင်ဟာ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Phio Thiha

No comments:

Post a Comment