Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 17, 2014

“မိန်းမဆိုး၏အမုန်း ဤဘဝတွင် ဤမျှဖြင့်ဆုံးပါစေတော့”


သီဟိုဠ်ကျွန်းပေါ်ရှိ တောရွာတစ်ခုတွင် ညီအစ်ကိုနှစ်ဦးတို့သည် ဖခင်နှင့်အတူ တစ်အိမ်တည်း နေထိုင်ကြ၏။ ထိုသို့နေထိုင်စဉ် ညီဖြစ်သူသည် အစ်ကို၏ဇနီး(မရီး) နှင့် ဖောက်ပြန်ကျူးလွန်နေ၏။

ထိုမိန်းမသည် ခင်ပွန်းဖြစ်သူထက် မတ်ဖြစ်သူကို ပို၍ချစ်မြတ်နိုး၏။ ထို့ကြောင့် မတ်အား အစ်ကိုဖြစ်သူကို လုပ်ကြံသတ်ဖြစ်ရန် တိုက်တွန်း၏။ မတ်က အစကနေဦး၌ ငြင်းဆန်သော်လည်း လွတ်လပ်စွာချစ်ကြည်ပေါင်းသင်းနိုင်ရန် သတ်ပါဟု အကြိမ်ကြိမ်တိုက်တွန်းသောအခါ သဘောတူလိုက်၏။

ထိုမိန်းမ၏ အစီအစဉ်အရ မတ်သည် ပဲခွပ်ကိုကိုင်ကာ ရေချိုးဆိပ်အနီးရှိ ခံတက်ပင်ကြီးနောက်ကွယ်၌ စောင့်နေနှင့်၏။ ခင်ပွန်းသည် တောထဲ၌ပင်ပန်းစွာ အလုပ်လုပ်ပြီး အိမ်သို့ပြန်လာ၏။ အိမ်ရှေ့ကပြင်တွင်ထိုင်၍ အပန်းဖြေနေစဉ် ဇနီးက ချစ်မြတ်နိုးလေဟန်ဖြင့် ခင်ပွန်း၏ ဆံပင်ကို ယုယုယယဖြီးသပေးနေ၏။

“အစ်ကိုခေါင်းက ညစ်ပေအားကြီးပါတယ်၊ ဟိုခံတက်ပင်ကြီးရေချိုးဆိပ်မှာ ခေါင်းသွားလျှော်လိုက်ပါလား”

ဇနီးက ချစ်ကြည်စွာပြောဆိုသဖြင့် “ငါ့ဇနီးဟာ ငါ့ကိုသိပ်ယုယပေတယ်” ဟုအောက်မေ့လျက် ခင်ပွန်းသည် ထိုရေချိုးဆိပ်သို့သွား၏။ မြစ်ရေတွင် ဦးခေါင်းငုံ့လျက် ခေါင်းလျှော်နေစဉ် သူ့ညီသည် ခံတက်ပင်နောက်ကွယ်မှ ထွက်လာပြီး သူ့အား ပဲခွပ်နှင့်ခုတ်သတ်လိုက်လေ၏။

ဇနီးကိုတပ်မက်တွယ်တာသော တဏှာဖြင့် သေဆုံးသွားသည့်ခင်ပွန်းသည် မိမိအိမ်တွင် လင်းမြွေ(ထန်းမြွေ) ဖြစ်လာ၏။ ထိုမြွေသည် ထိုမိန်းမအား တပ်မက်တွယ်တာနေသဖြင့် မိမိကိုယ်ကို အိမ်အမိုးမှ ထိုမိန်းမကိုယ်ပေါ်သို့ မကြာခဏ ပစ်ချလေ့ရှိ၏။ ထို့ကြောင့် ထိုမိန်းမသည် “ဤမြွေကား ငါ့ခင်ပွန်းဟောင်း ဖြစ်တန်ရာ၏” ဟု ကြံတွေးကာ မတ်အား မြွေကိုသတ်စေ၏။

မြွေဘဝမှစုတေခိုက်၌လည်း အချစ်ကမပြယ်သေးသည့်အတွက် သေပြီးသည့်နောက် ထိုအိမ်တွင်ပင် ခွေးဖြစ်ရ၏။ ၎င်းခွေးသည် ချစ်ခင်စုံမက်သော တဏှာစိတ်ဖြင့် ထိုမိန်းမနောက်သို့ တကောက်ကောက်လိုက်နေ၏။ သို့အတွက် ထိုမိန်းမ အပြင်သွားတိုင်း ယောက်ျားများက “ဟေ့...ခွေးမုဆိုးကြီး ထွက်ပြီဟေ့” ဟု ပြောင်လှောင်ကြ၏။ ထို့ကြောင့် ထိုမိန်းမသည် မတ်အား ထိုခွေးကို သတ်စေပြန်၏။

ခွေးဘဝမှသေစဉ်အခါ၌လည်း အချစ်က မပြယ်နိုင်သေးသည့်အတွက် ထိုအိမ်တွင်ပင် နွားဖြစ်ရပြန်၏။ ထိုနွားကလေးသည် ထိုမိန်းမနောက်သို့ တကောက်ကောက် လိုက်နေပြန်၏။ ထို့ကြောင့် လူတို့က “ဟေ့...နွားကျောင်းသား ထွက်ပြီ” ဟု ပြောင်လှောင်ကြပြန်၏။ သို့အတွက် ထိုမိန်းမက နွားကလေးကို သတ်ခိုင်းပြန်၏။

ဤအကြိမ်တွင် ချစ်စိတ်မပြယ်သေးသောခင်ပွန်းဟောင်းသည် ဇနီးဟောင်း၏ ဝမ်းထဲ၌ ပဋိသန္ဓေတည်၍ ယောက်ျားကလေးဖြစ်လာ၏။ ဤကလေးဘဝ၌ ယခင်လေးဘဝတိုင်တိုင် ထိုမိန်းမအသတ်ခိုင်း၍ မိမိသေဆုံးခဲ့ရပုံများကို မြင်သိသော ဇာတိဿရဉာဏ်ကို ရလာ၏။

ထို့ကြောင့် မိမိအချစ်ကြီးချစ်ခဲ့သော ဇနီးသည်မှာ မိမိ၏ အဆိုးဆုံးရန်သူ ဖြစ်သည်ကို သိလာရ၏။ မိမိချစ်ခင်တွယ်တာမိသမျှ သူက လှလှကြီးရက်စက်နိုင်ခဲ့လေပြီ။ တစ်ဘဝသတ်ရုံဖြင့် အားမရသေး၊ လေးဘဝပင် သတ်ခဲ့လေပြီတကား။ လက်ရှိဘဝ၌ ကြောက်စရာအကောင်းဆုံးရန်သူကြီးကို မိခင်တော်စပ်နေရချေသည်တကား။

သို့အတွက် ကလေးငယ်သည် မိခင်၏ အထိအတွေ့အထိပင် မခံတော့။ မိခင်က သားအပေါ်ချစ်သည့်ဇောဖြင့် ကိုင်တွယ်လိုက်လျှင် ကလေးငယ်သည် အပြင်းအထန် ငိုလေတော့၏။ သို့ဖြစ်၍ ကလေးငယ်ကို အဘိုးက ပြုစုစောင့်ရှောက်ရလေ၏။ စကားပြောနိုင်သောအရွယ်သို့ရောက်သော် အဘိုးက မေး၏။

“ငါ့မြေး...မင်းအမေကိုင်ရင် ဘာကြောင့်ငိုတာလဲ”

“ဒီမိန်းမကြီးက ကျွန်တော့်အမေမဟုတ်ဘူး၊ ကျွန်တော့်ကို လေးကြိမ်တိုင်တိုင် သတ်ခဲ့တဲ့ ရန်သူပဲ”

“ဘယ်လိုသတ်ခဲ့တာလဲ ငါ့မြေးရဲ့”

“ကျွန်တော်ဟာ အရင်ဘဝက အဘိုးရဲ့သားကြီးပါ၊ ဒီမိန်းမဟာ ကျွန်တော့်ဇနီးပေါ့၊ ဒါပေမယ့် ဒီမိန်းမဟာ ညီမောင်နဲ့ဖောက်ပြန်နေတယ်၊ ကျွန်တော် တောထဲကပြန်လာတော့ ကျွန်တော့်ကိုချစ်ဟန်ဆောင်ပြီး ခံတက်ပင်ရေချိုးဆိပ်မှာ ခေါင်းသွားလျှော်ဖို့ပြောတယ်၊ အဲဒီခံတက်ပင်နောက်မှာ ညီမောင်ကို စောင့်ခိုင်းထားတာကိုး၊ ကျွန်တော်မြစ်ထဲမှာ ခေါင်းငုံ့ပြီး ဆံပင်တွေကို ဆေးလျှော်နေတုန်း ညီမောင်က ကျွန်တော့်ကို ပဲခွပ်နဲ့ ခုတ်သတ်တယ် အဘိုးရဲ့”

“အောင်မယ်လေး...ဖြစ်ရလေသားကြီးရယ်”

“အဲဒီက သေပြီး ဒီအိမ်မှာ ကျွန်တော်လင်းမြွေ ဖြစ်တယ်၊ ကျွန်တော့်က ဇနီးကို ချစ်နေတော့ သူနဲ့ထိတွေ့ချင်လို့ သူ့ကိုယ်ပေါ်ကို ကျွန်တော်အမိုးကနေ လွှတ်ချတယ်၊ သူက ကျွန်တော်မှန်းရိပ်မိလို့ ညီမောင်ကို အသတ်ခိုင်းပြန်တယ် အဘရဲ့။ ပြီးတော့ ဒီအိမ်မှာ ခွေးကလေးဖြစ်တဲ့အခါ, နွားကလေးဖြစ်တဲ့အခါ သူ့ကိုချစ်လို့ သူ့နောက်ကို တကောက်ကောက်လိုက်မိရာက အသတ်ခံရပြန်တယ်”

“ရက်စက်လှပါပေ့ငါ့မြေးရယ်၊ အဘိုးကြားရတာ စိတ်မချမ်းသာလိုက်တာ”
အဘိုးနှင့်မြေးတို့သည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်၍ငိုယိုကြ၏။

“ကဲ...ငါ့မြေး၊ တို့ဒီအရပ်မှာ ဆက်နေလို့ မတော်တော့ဘူး၊ ရပ်ဝေးကို သွားပြီး ရဟန်းပြုကြစို့”

မြေးအဘိုးနှစ်ဦးတို့သည် ရပ်ဝေးသို့သွားပြီး ကျောင်းတိုက်တစ်ခု၌ ရှင်ရဟန်းပြုကြ၏။ ကမ္မဋ္ဌာန်းတရားကို အထူးကြိုးစားပြီး အားထုတ်ကြရာ အရဟတ္တဖိုလ်သို့ရောက်ပြီး ရဟန္တာများဖြစ်ကြလေ၏။

မေတ္တာညီမျှသော ချစ်သူများအဖို့ သံသရာခရီးသည် ပျော်စရာကောင်းသည်ဟု လောကအမြင်ဖြင့် ဆိုနိုင်ပါ၏။ မေတ္တာတစ်ဖက်စောင်းနင်းနေကြသော စုံတွဲများအဖို့ကား သံသရာခရီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပါတကား။

ဒေါက်တာမင်းတင်မွန်၏ “ရှေးဘဝ နောက်ဘဝ သိပ္ပံနည်းကျအထောက်အထားများ” မှကောက်နှုတ်ပူဇော်မျှဝေပါသည်။

“ဣဓံမေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု၊ ဣဓံမေ ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု”

No comments:

Post a Comment