Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 17, 2014

အမေရိကန်ရဲများက သေနတ်ဖြင့် ပစ်ခတ်၍ ဆန်ဒီယေဂိုမြို့တွင် မြန်မာလူငယ်တစ်ဦး သေဆုံးခဲ့ရ

  အမေရိကန်ရဲများက သေနတ်ဖြင့် ပစ်ခတ်၍ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့က ဆန်ဒီယေဂိုမြို့တွင် မြန်မာလူငယ်တစ်ဦး သေဆုံးခဲ့ရမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရဲ၏ ကိုင်တွယ်ဖြေရှင်းပုံကို ပြည်သူ့အခွင့်အရေးအဖွဲ့များက မေးခွန်းထုတ်လျက် ရှိပါသည်။
စိတ်ရောဂါရှိသူ အသက် ၂၁ နှစ်အရွယ် ဂျာမာလိုဒေးသည် ရဲခွေးတစ်ကောင်ကို ဓားလွတ်ဖြင့် ခုတ်ပြီးနောက် ရဲများကိုလည်း ရန်မူရန် ကြိုးပမ်းသဖြင့် ရဲများက ပစ်ခတ်ရာမှ သေဆုံးရခြင်း ဖြစ်ကြောင်း ဆန်ဒီယေဂိုရဲတပ်ဖွဲ့မှ ရဲအုပ် မိုက် ဟေးစတင်းက ဖြေရှင်းပြောကြားသည်။
အမေရိကန် ပြည်ထောင်စုသို့ မြန်မာပြည်မှ ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မိသားစုမှ ဂျာမာလိုဒေးသည် ညီအစ်ကိုချင်း ရန်ဖြစ်ရာမှ မိသားစုကို ခြိမ်းခြောက် ရန်ရှာနေသောကြောင့် အရေးပေါ်နံပါတ် 911 ကို တနင်္ဂနွေနေ့ည ၁၀ နာရီကျော်ခန့်တွင် ဖုန်းဆက်ခေါ်ယူခဲ့ကြောင်း သိရသည်။

၁၀း၂၀ နာရီတွင် ရဲများ ရောက်လာသောအခါ မြေညီထပ် တိုက်ခန်းအိမ်တွင် ဂျာမာလိုဒေးသည် ဓားလွတ်တစ်ချောင်းနှင့် တုတ်တစ်ချောင်းတို့ဖြင့် အိပ်ခန်းတစ်ခုထဲတွင် တံခါးပိတ်ပြီး ရှိနေကြောင်း ရဲက တွေ့ရှိရသည်။ ၎င်းကို လက်နက်ချပြီး အပြင်ထွက်လာရန် ရဲက အမိန့်ပေးသော်လည်း မနာခံဟု ရဲက ပြောဆိုပါသည်။
ထို့ကြောင့်၊ အိပ်ခန်းတံခါးကို ရဲက အတင်းဖွင့်၍ taser ခေါ် ကျင်စက်ဖြင့် ဖမ်းဆီးချုပ်နှောင်ရန် ကြိုးစားသော်လည်း မရသဖြင့် ရဲခွေးများ စေလွှတ်ဖမ်းဆီးပြန်သည်။ ဂျာမာလိုဒေးက ရဲခွေး၏ ကျောကို ဓားလွတ်ဖြင့် ခုတ်၍ ရဲခွေးဒဏ်ရာရသွားပြီးနောက် ရဲများကို ဓားလွတ်ဖြင့် ရမ်းသောကြောင့် ၎င်းကို ရဲနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကြ၏။
ရဲများက သေနတ်ဖြင့် ၅ ချက်မှ ၇ ချက်ခန့် ပစ်ခတ်သောကြောင့် ဂျာမာလိုဒေးသည် ဒဏ်ရာများစွာ ရရှိပြီး ၁၀း၅၀ နာရီ၌ နေရာတွင် သေဆုံးသွားခဲ့ရပါသည်။ ရဲများ ရောက်လာပြီးနောက် မိနစ် ၃၀ အကြာတွင် ဂျာမာလိုဒေး သေဆုံးခဲ့ရခြင်းဖြစ်၏။
မိနစ် ၃၀ အတွင်း ဖုတ်ပူမီးတိုက်ဖြေရှင်း
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ရဲများ၏ ကိုင်တွယ်ဆောင်ရွက်ပုံကို ပြစ်တင်ဝေဖန်မှု များစွာ ရှိခဲ့သည်။ ဂျာမာလိုဒေးသည် အိပ်ခန်းထဲတွင် တံခါးပိတ်နေပြီး၊ ကျန်မိသားစုဝင်အားလုံးမှာ တိုက်အိမ်ခန်း အပြင်တွင် ရှိသောကြောင့် မည်သူတစ်စုံတစ်ဦးမျှ ချက်ချင်းလက်ငင်း အန္တရာယ်မရှိနိုင်သော်လည်း ရဲက အချိန်ပေး၍ မဖြေရှင်းဘဲ အင်အားသုံးခဲ့ခြင်းကို ထောက်ပြခဲ့သည်။
ထို့ပြင်၊ အင်္ဂလိပ်စကား ကောင်းကောင်းမတတ်သော လူမျိုးခြားတစ်ဦးကို စကားပြန်ဖြင့် နားဝင်အောင် ဖျောင်းဖြနားချခြင်း မရှိသည်ကိုလည်း ဝေဖန်ကြသည်။ ၎င်းတို့ မိသားစုအတွက် စကားပြန်လုပ်ပေးနေသူကိုလည်း ဤကိစ္စစတင်ဖြစ်ပွားချိန်မှာ တယ်လီဖုန်းဆက် ခေါ်ယူထားသဖြင့် လာနေဆဲ လမ်းခုလတ်မှာပင် ဂျာမာလိုဒေး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရခြင်း ဖြစ်၏။
စိတ်ရောဂါသည်များနှင့် မှုခင်းပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လျှင် PERT ခေါ် စိတ်ဝေဒနာ အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ကို ခေါ်ယူရမည် ဖြစ်သော်လည်း ရဲက ခေါ်ယူခြင်း မရှိဘဲ အင်အားသုံးခဲ့ခြင်း ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
စိတ်မူမမှန်သူတစ်ယောက်ကို ချောင်ပိတ်ပြီး ကြောက်လန့်အောင် ရဲက အခြေအနေကို ဖန်တီးသဖြင့် ဂျာမာလိုဒေး မသေသင့်ဘဲ သေခဲ့ရသည်ဟု သူတို့ မိသားစုကို အကူအညီပေးနေသော ဝင်ဒီ ဂယ်လင်တာက သတင်းဌာနများကို ပြောကြားပါသည်။ "ရဲက ရောက်လာပြီး မိနစ် ၂၀ အတွင်းမှာ တံခါးကို ဇွတ်အတင်းဖွင့်တယ်၊ အင်အားသုံးပြီး ကျင်စက်နဲ့ ဖမ်းချုပ်ဖို့ လုပ်တယ်၊ ရဲခွေးကို လွှတ်ပေးတယ်" ဟု သူမက ပြောကြားသည်။
အစ္စလာမ်ဘာသာဝင် မိသားစုသည် ရာမာဒန် ဥပုသ်လတွင် ဂျာမာလိုဒေး သေဆုံးခဲ့ရခြင်းကြောင့် လွန်စွာ ဝမ်းနည်းကြေကွဲကြသည်။ "ကျွန်မသာ ဖုန်းဆက်ပြီး ရဲကို မခေါ်ရင် မောင်လေး ဒီလိုသေရမှာ မဟုတ်ဖူး" ဟူ၍ အစ်မဖြစ်သူက မျက်ရည်များဖြင့် မြန်မာလို ပြောကြားပါသည်။
ဂျာမာလိုဒေးတို့ မောင်နှမ လေးဦးနှင့် မိသားစုသည် လွန်ခဲ့သော ၆ နှစ်ခန့်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ မိခင်သည် ယမန်နှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ စိတ်ရောဂါရှိသော ဂျာမာလိုဒေးသည် ယခင်ကလည်း ရဲနှင့် မှုခင်းဆိုင်ရာ ပြဿနာ နှစ်ကြိမ် ဖြစ်ခဲ့ဖူးပါသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ဂျာမာလိုဒေးသည် ညီဖြစ်သူကို ခြိမ်းခြောက် ရန်မူသောကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ သက်သေမခိုင်လုံသောကြောင့် အမှုကို ရုတ်သိမ်းလိုက်၍ ယခုနှစ် ဇန်နဝါရီလတွင် အချုပ်မှ ပြန်လွတ်လာခဲ့သည်။

ဂျာမာလိုဒေး သေဆုံးရသည့် ကိစ္စနှင့်ပတ်သက်၍ ရဲ၏ ကိုင်တွယ်ဆောင်ရွက်ပုံကို ဆန်ဒီယေဂို CAIR ပြည်သူ့အခွင့်အရေးအဖွဲ့နှင့် အခြား အဖွဲ့အစည်းများက စုံစမ်းလျက် ရှိသည်။
http://kabarthit.com/index.php?option=com_content&view=article&id=347%3A2014-07-17-20-32-43&catid=8%3A2013-10-13-17-09-02&Itemid=214

No comments:

Post a Comment