မန္တလေး၊ မေ ၈
မန္တလေးမြို့တော် ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း၊ သိပ္ပံလမ်းဆုံတွင် မေလ ၃
ရက်နေ့ ညပိုင်းအချိန်၌ ဆိုင်ကယ် မောင်းနေသော အမျိုးသမီးတစ်ဦးကို
တစ်ဖက်ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးအနက် တစ်ဦးက အက်စစ်ဖြင့်
မျက်နှာကိုပက်၍ ထွက်ပြေးခဲ့ရာ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အမျိုးသမီးသည် မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင်
စက်ချုပ်ဆိုင်သိမ်းပြီး တစ်ဦးတည်း ပြန်လာစဉ် သိပ္ပံလမ်းနှင့် ၅၆ လမ်း
လမ်းဆုံအရောက်တွင် နောက်မှ ဆိုင်ကယ်ဖြင့် လူနှစ်ဦးသည် ဆိုင်ကယ် မီးပိတ်၍
မောင်းနှင်လာပြီး အမျိုးသမီး၏ ဆိုင်ကယ်အနားသို့ ကပ်လာကြောင်း၊ ယင်းနောက်
ယင်းဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်ပါသူ အမျိုးသားတစ်ဦးက အဆိုပါ
အမျိုးသမီး၏ မျက်နှာကို အက်စစ်ဖြင့် ပက်သွားသဖြင့် မျက်လုံးများထဲတွင်
အက်စစ်ရည်များ ဝင်သွားပြီး ဆိုင်ကယ် တိမ်းမှောက် သွားခဲ့ကြောင်း
အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းနေတယ်။ အက်စစ်ပက်ခံရတဲ့
ကောင်မလေးနဲ့ ကောင်လေးက လူမှုရေး ပြဿနာတွေ ဖြစ်ထားလား၊ ဘာကြောင့်လုပ်တယ်
ဆိုတာကို စစ်ဆေးနေတယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ အက်စစ်ဖြင့် မျက်နှာပက်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးမှာ
ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့သဖြင့် ကန်သာယာ ရပ်ကွက်ရှိ ပုဂ္ဂလိက
ဆေးခန်းသို့ သွားရောက် ပြသခဲ့ပြီး ယင်းမှ မန္တလေးဆေးရုံကြီး
မျက်စိအထူးကုဌာနတွင် ဆေးကုသနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက
အောင်ပင်လယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် မေလ ၆ ရက်နေ့တွင် (ပ) ၁၉၄/၂၀၁၄
ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့်ပြီး တရားခံ ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက်
စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 9, 2014
မန္တလေးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသူ စုံစမ်းစစ်ဆေး
မန္တလေးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသူ စုံစမ်းစစ်ဆေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment