Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 15, 2014

အစိုးရ နှင့် KIA တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၃၆၀၀ ကျော် နေထိုင်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်လိုအပ်နေဟုဆို

15 April 2014

ချင်းမိုင်၊မဇ္ဈိမ။ ။ မြန်မာအစိုးရ၏ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ဧပြီလ ၁၀ရက်မှစကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် ၃၆၀၀ကျော်အတွက် အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ကချင်လူမှုအဖွဲ့အစည်းများက ဧပြီလ ၁၄ရက်တွင် တောင်းဆိုလိုက်သည်။

မန်ဝင်းကြီး ကျေးရွာအုပ်စုမှ ကက်သလစ် ဘုရားကျောင်းဝင်းနှင့် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၂၇၀၀၊ လဂယန် ဒုက္ခသည်စခန်းမှ ၈၀၀နှင့် ခခရန်ဇွပ် ဒုက္ခသည်စခန်းမှ ၁၉၀ စသည့် ဒုက္ခသည် စုစုပေါင်း (၃,၆၉၀) ကျော်၏ လုံခြုံရေးနှင့် နေထိုင်ရေးတို့ အရေးပေါ်လိုအပ်နေသည်ဟု ဂရုဏာ ကယ်ဆယ်ရေးအသင်းမှ ကယ်ဆယ်ရေးတာဝန်ခံ ကိုနော်ဒိန်းက မဇ္ဈိမကို ပြောသည်။

“မန်ဝင်းကြီးဘက် အသစ်ရောက်လာတာက ၁၉၀၀ကျော်၊ လဂယန် စခန်းက ၈၀၀ ရှိတယ်။ နေဖို့ ထိုင်ဖို့၊ အိမ်သာတွေ ဆောက်ဖို့ လိုနေတယ်။ ဆောက်မယ်ဆိုရင်တောင် နေရာလည်း မရှိဘူး။ အစားအသောက်တွေ လိုနေတယ်။ တချို့က အလုပ်လုပ်နေရင်း ထွက်ပြေးလာတယ်ဆိုတော့ လိုအပ်ချက်က အများကြီးပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

“အဓိကတော့ လုံခြုံရေးအတွက်လိုတယ်။ ကျွန်တော်တို့ သုံးသပ်သလောက် နှစ်ဖက်စလုံးက ပြည်သူတွေကို လူသားဒိုင်းလို အသုံးပြုလာတာ တွေ့ရတယ်။ အစိုးရရော၊ လက်နက်ကိုင်အဖွဲ့တွေရော ပြည်သူတွေကို လုတဲ့ ပုံစံလို ဖြစ်နေတယ်။ Human right၊ humanitarian law ဆိုတာကို ဂရုမစိုက်သလို ဖြစ်နေတယ်”ဟု သူက ဆက်ပြောသည်။

ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် ၎င်းတို့ဘေးကင်းလုံခြုံရေးမှာ အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ကလေးများနှင့် ဒုက္ခသည်များအနေဖြင့် လတ်တလော အတွေ့အကြုံများကြောင့် အထိတ်တလန့် ဖြစ်နေကြရသဖြင့် သက်ဆိုင်သောသူ အားလုံးအဖြင့် ဒုက္ခသည်များအား အကာအကွယ်ပေးရေး လိုအပ်ချက်များနှင့် အလေးထားစရာ အမှုကိစ္စများကို သောချာစွာ ကိုင်တွယ်လုပ်ဆောင်သင့်သည်ဟု ကချင်လူမှုအဖွဲ့များက ဧပြီ ၁၄ရက်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။

ထို့ပြင် ရန်လိုတိုက်ခိုက်မှုများ ချက်ချင်းရပ်ရန် တိုက်တွန်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများနှင့် လူ့အခွင့်အရေး ဥပဒေများကို အပြည့်အဝ လေးစားရန် တိုက်တွန်းထားသည်။

ယင်းတေင်းဆိုချက်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC၊ Kachin Relief and Development( KRDC)၊ ကချင်အမျိုးသမီးအစည်းအရုံး KWAT၊ ကချင်ဖွံ့ဖြိုးရေးအဖွဲ့ KDG၊ ဂရုဏာမြန်မာအသင်း KMSS၊ မေတ္တာဖောင်ဒေးရှင်း၊ shalom ဖောင်ဒေးရှင်းနှင့် ဝေါင်ပေါင်နိန်ထွဲ WPN တို့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ်းခမ်းမြို့နယ်အတွင်းရှိ ကဒေါ့ကောင်၊ ယန်ဝူး၊ မော်စီ၊ ဂေါန့်ငူယန်နှင့် ဒိန်ဂါ စသည့် ကျေးရွာများမှ ဒေသခံများသည် မန်ဝင်းကြီး ကျေးရွာအုပ်စုနှင့် နမ့်ခမ်းနှင့် တရုတ်နယ်စပ် နောင်တောင်းဘက် ထွက်ပြေးနေရခြင်း ဖြစ်သည်။

အဆိုပါ အသစ်ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကို ၁၅ ရက်အတွက် ဂရုဏာအသင်းက အစားအသောက်များ ထောက်ပံ့ ပေးနေသည်။ လက်ရှိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း မန်ဝင်းကြီးအနီးတဝိုက် အစိုးရစစ်တပ်က အခြေချ လှုပ်ရှားနေသည်ဟု ကိုနော်ဒိန်းက ပြောသည်။

အဆိုပါ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များသည် ၁၉၀ သည် နမ်တောင်းရှိ မနောကွင်းတွင် ခိုလှုံနေကြရသလို၊ ခခရန် Hka Hkye စစ်ပြေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ၂၀၀ ခန့်မှာလည်း မြေပြင်တွင် တဲထိုး၍ ခိုလှုံနေကြရသည်ဟု ကိုဆိုင်းဒူက ပြောသည်။

“နမ်တောင်းမှာ ၁၉၀ လောက်ရောက်ရှိနေတယ်။ တချို့က မန်ဝင်းကြီးဘက် ထွက်ပြေးသွားတယ်။ တချို့ ဆွေမျိုးအိမ်မှာ ထွက်ပြေးတယ်။ ပြီးတော့ ခခရန် ဒုက္ခသည်စခန်းက လူတွေလည်း ဒီဘက် ထွက်ပြေးနေရတယ်။ အိမ်ခြေက ၇၀လောက်ရှိတယ်။ လူပေါင်း၂၀၀ လောက်ရှိတယ်။ တရုတ် အစိုးရကလည်း သူတို့ တာဝန်အရ အမြဲတမ်း လာစစ်ဆေးနေတယ်” ဟု ကိုဇိုင်းဒူက ပြောသည်။ အဆိုပါ ဒုက္ခသည် ၄၀၀ ခန့်၏ အစားအသောက်များကို ဝုန်ပေါင်နင်ထွဲ WPN က ထောက်ပံ့ပေးနေသည်ဟု သူက ဆိုသည်။

ယခုလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဒိန်ဂါကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသော KIA ဘက်မှ အနည်းဆုံး ၅ ဦးနှင့် ရွာသားတဦးတို့ကို လက်ရှိ တရုတ်နိုင်ငံ ရွှေလီဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု လူနာများအား ကြည့်ရှုပေးနေသူ ဘာသာရေးဆရာ ဦးဒိန်လာကမ်ဖန်က ပြောသည်။

“ဒေသခံတစ်ဦးနဲ့ဆို ၆ ဦး အောင်လတ်ယန်ရွာက ကိုအောင်လတ် ပါတယ်။ ၅ ဦးက ကေအိုင်အိုတပ်ဖွဲ့တွေ ဖြစ်တယ်။ ဒေသခံ အဆိုးဆုံးပဲ ဗုံးဆံထိသွားတယ်။ တခြား ၅ ယောက်ထဲက တစ်ဦးက သေနတ်နဲ့၊ တဦးက စနိုက်ဘာ၊ ၂ ဦးက ဗုံးဆံထိတယ်။ နောက် ဆေးဆရာမတဦးက အစိုးရဘက်က ပစ်လိုက်တဲ့ ကျည်ဆံ လက်မောင်းမှာထိသွားတယ်။ လက်ပြတ်ခါနီး ခုရွှေလီဆေးရုံမှာ ဆေးကုသနေရတယ်။ အားလုံး ၆ ဦးထဲက ဒေသခံနဲ့ ဆေးဆရာမတို့က အရမ်းဆိုးဝါးတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲကြောင့် ကျေးရွာသား ၁၆၀၀ ကျော်သည် မန်ဝင်းကြီးကျေးရွာအုပ်စုနှင့် ရှမ်းပြည်နယ် နမ်ခမ်းကျေးရွာ နမ်ခမ်းဆေးရုံကုန်း အထက်တန်းကျောင်းတွင် ခိုလှုံနေရပြီး အစိုးရ စစ်တပ်က ဖမ်းဆီးခြင်းများ ရှိနေသဖြင့် ဒေသခံများ မပြန်ရဲဘဲ ဖြစ်နေသည်ဟု KIO မှ စစ်ပြေးဒုက္ခသည်များစောင့်ရှောက်ရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“လဂတ်ယန်ရွာက ဒေသခံတွေ မန်ဝင်းကြီးဘက် ရောက်သွားတယ်။ နမ်တောင်းဘက် ရှမ်းရွာက ရှမ်းလူမျိုးတွေ များတယ်။ သူတို့က တိုက်ပွဲမဖြစ်ရင် ကိုယ့်ရွာကို ပြန်တာများတယ်။ တချို့က နမ်ခမ်းဘက် ထွက်ပြေးရတယ်။ တနေ့က နမ့်ခမ်း ဗျူဟာမှူးက ဘာမှ မဖြစ်တော့ဘူး။ ကိုယ့်ရွာပြန်ကြပါ။ မဖမ်းဘူး။ မစစ်ဘူး။ ကြောက်စရာ မလိုဘူးဆိုပြီး ပြန်ခိုင်းတယ်လို့ ပြောတယ်။ အစိုးရစစ်တပ်က ဒိန်ဂါ ရွာသားတွေကို ဖမ်းသွားတယ်။ တချို့ကိုတော့ ပြန်လွတ်ပေးပြီလို့လည်း ပြောတယ်။ သူက မဖမ်းဘူးပြောရင်လည်း ရှေ့တန်းကတော့ ဖမ်းတာတွေ ရှိတော့ ရွာသားတွေက မပြန်ရဲကြဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

ဖနိဒါ
Mizzima - News in Burmese

No comments:

Post a Comment