“သတင်းစာသည်
ဖျော်ဖြေစာမဟုတ်။ သံတော်ဦးတင်လွှာ မဟုတ်။ အစီရင်ခံစာ မဟုတ်။ ပြည်သူ့ နား
မျက်စိကို ကာဆီး ပိတ်ဆို့သော စက္ကူကန့်လန့်ကာ မဟုတ်။ သတင်းစာသည် ပြည်သူတို့၏
အသိဥာဏ် စည်ပင်ပွင့်လင်းမှုတို့ စီးဆင်းရာ မြစ်ကြီးနှင့် အလားတူသည်။”
ဤစာသားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က ထုတ်ဝေခဲ့သော “ပြည်သူတို့၏
စကားပြန်” စာအုပ်တွင် ဆရာကြီးဦးဝင်းတင် ရေးသားခဲ့သော “အိပ်မက်ကြိုးမျှင်”
ဆောင်းပါးမှ စာသားတစ်ချို့ဖြစ်ပါသည်။ သတင်းစာ၏ တန်ဖိုးနှင့် သတင်းသမား၏
တန်ဖိုးကို မီးမောင်းထိုးပြခဲ့သော “အိပ်မက်ကြိုးမျှင်” မှာ
သတင်းသမားများအတွက် မှတ်သားစရာချည်း ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်းတွင်
ဦးဝင်းတင်၏ စာအုပ်တချို့ ပြန်လည်ထုတ်ဝေခွင့်ရခဲ့ရာ စာပေမျိုးဆက်ပြတ်နေသော
သတင်းသမားများအတွက် မှတ်သားနာယူ လေ့လာရန် အခွင့်အရေးတစ်ခုပမာ ဖြစ်ရပါသည်။
ခေတ်ဝန်ကို ထမ်း၍ ခေတ်လမ်းကို လျှောက်နေသူ ဆရာကြီး ဦးဝင်းတင်မှာမူ
အလောင်းစည်သူမင်းကြီး ကြွေးကြော်ခဲ့သလို “ငါ မအိုသေး” ဆိုသကဲ့သို့ ယနေ့ခေတ်
စာပေအနုပညာနှင့် စာနယ်ဇင်းကိစ္စများတွင် မျက်ခြေအပြတ် မခံသေး။ ထို့ကြောင့်
ဆရာကြီးနှင့် တွေ့ဆုံစဉ် အချိန်တိုအတွင်းတွင်ပင်လျှင် ဆရာဦးဝင်းတင်၏
ဖြေကြားချက်များမှ နည်းယူစရာ၊ မှတ်သားစရာ၊ လိုက်နာစရာ၊ အားကျစရာ၊
လေးစားစရာများ ရခဲ့ရပါသည်။
Published By Myat Shu
မေး။ ဆရာဟာ သတင်းစာဆရာဆိုတာထက် ပန်းချီဆရာ၊ ကဗျာဆရာ ပိုပြီးဖြစ်ချင်တယ်လို့ သိရပါတယ်။ သတင်းစာဆရာလိုင်းဘက်ကို ဘယ်လို ရောက်သွားတာလဲ။
ဖြေ။ ပြောရရင်တော့ ပန်းချီက မဆွဲတတ်လို့ပေါ့ဗျာ။ ဒီလိုပဲ လေ့လာတာပဲ ရှိပါတယ်။ ဥရောပဘက် ရောက်တော့လည်း ပန်းချီပြတိုက်တွေကို သွားတယ်။ လေ့လာတယ်။ သူတို့ ရေးဟန်တွေကို သဘောကျတယ်ဗျ။ သတင်းစာလိုင်းဘက်ကတော့ စာတွေရေးရင်း ရောက်လာခဲ့တာပဲ။ တက္ကသိုလ်နှစ်ပတ်လည်မှာ ရေးတယ်။ အကျိုးဆောင်ဂျာနယ်မှာ စပြီးရေးခဲ့တယ်။
မေး။ ဆရာက ဘာသာပြန်တွေလည်း ရေးနေတော့ ဘာသာပြန် ချောမွေ့ဖို့အတွက် ဆရာ့အနေနဲ့ ဘယ်လို မူတွေ ထားလဲ။ ဘာတွေကို သတိထားပါသလဲ။
ဖြေ။ အထွေအထူးတော့ မရှိပါဘူးဗျာ။ လူကြီးတွေကတော့ မှာတာပေါ့။ ဘာသာပြန်တဲ့နေရာမှာ မှန်အောင် ပြန်ရမယ်တို့၊ ဖတ်တဲ့သူတွေ နားလည်အောင် ပြန်ရမယ်တို့၊ နောက်တစ်ခု အရေးကြီးတာက ဘာသာပြန်ကို ဖတ်တဲ့သူက မြန်မာပရိသတ်ဖြစ်တဲ့အတွက် မြန်မာပရိသတ်နားလည်တဲ့ စကားလုံးမျိုးဖြစ်ရမယ်တို့ ဒါကတော့ ဘာသာပြန်သမားတွေ လိုက်နာရတာပေါ့ဗျာ။ ဆိုရရင်တော့ ကျွန်တော်က စာပေဗိမာန်မှာလည်း လုပ်ခဲ့တော့ ဘာသာပြန်အတတ်ပညာ၊ ဘာသာပြန်ကျင့်ဝတ်တွေနဲ့ ကျွန်တော် ရင်းနှီးနေခဲ့တယ်။ တစ်ဦးချင်း Individual အလိုက်လည်း သတ်မှတ်ချက်တွေ ရှိမှာပေါ့။ ဆိုပါတော့ဗျာ။ မြသန်းတင့်ဆိုရင်လည်း ဘာသာပြန်တာပဲ။ တခြားသူတွေလည်း ဘာသာပြန်တာပဲ။ ဒါပေမယ့် မြသန်းတင့် ပြန်တာဆိုရင် ဖတ်ရတာ ပိုပြီးချောမွေ့တာမျိုး။ အခြေခံကျတဲ့ အင်္ဂလိပ်စာကို ကျွမ်းကျင်ပြီး မှန်အောင် ပြန်တာအပြင် မူရင်းစာအုပ်မှာ မပါတာတွေကို ဘာသာပြန်တဲ့နေရာမှာ မထည့်ရဘူး။ ကျွန်တော်တို့ ကြိုးစားတာကတော့ မြန်မာစာကို လှလှပပ၊ ချောချောမွေ့မွေ့ဖြစ်အောင်ပေါ့။ ဘာသာပြန်ရင် သူ့မူလစာကိုတင် တတ်ကျွမ်းတာမဟုတ်ဘဲ ကိုယ့်ဘာသာ စကားအရကိုလည်း ပိုင်နိုင်ထားသင့်တယ်။ မိခင်ဘာသာစကားကို ကျွမ်းကျင်ဖို့က ပိုအရေးကြီးပါတယ်။
မေး။ ဒါဖြင့်ရင် ဘာသာပြန်ဖို့အတွက် အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေပဲလား။ တခြား ဖတ်သင့်တာတွေ ရှိသေးလား။
ဖြေ။ ကျွန်တော်တို့ ခေတ်တုန်းက အင်္ဂလိပ်လိုအပြင် တခြားလို ဖတ်တတ်တာ သိပ်မရှိဘူးဗျ။ နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ဘာတို့ မရှိဘူးလေ။ ဒါပေမယ့် ဘာသာခြားစာကို ဘာသာပြန်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အခြေခံတွေကိုတော့ လေ့လာယူရတာပေါ့။ စာအုပ်ကတော့ အင်္ဂလိပ်လို စာအုပ်ပေါ့ဗျာ။ ဆိုပါတော့ … မူရင်းစာအုပ်က ရုရှား။ ကျွန်တော်တို့ကတော့ ရုရှားလို မတတ်တော့ အင်္ဂလိပ်လိုပဲ ဖတ်ပြီး ပြန်တာ။ ဒီတော့ အင်္ဂလိပ်လို မှန်အောင် ပြန်တာကတစ်ပိုင်း။ နောက်တစ်ခုက စာအုပ်က ရုရှားစာအုပ်ဖြစ်တဲ့အတွက် ရုရှားနိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ လူမှုဝန်းကျင်ကို လေ့လာသင့်တာပေါ့။ ဒါမှ ဘာသာပြန်ရင် ဘာကိုဆိုလိုတယ်ဆိုတာ သိပြီး ပြန်နိုင်တော့မှာပေါ့။ အဲဒီလိုတော့ ရှာဖွေ ဖတ်ရမယ်။
မေး။ အခုနောက်ပိုင်း ခေတ်နဲ့ လျော်ညီအောင် ရေးကြသားကြတယ်ဆိုပေမယ့် ဂန္ထ၀င်စာပေတွေရဲ့ အရေးပါမှုက ဘယ်လိုရှိနေနိုင်မလဲဆရာ။
ဖြေ။ ဂန္ထ၀င်ဆိုရင် ကျွန်တော်တို့ စာပေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတင် စတာမဟုတ်ဘူးလေ။ သခင်ကိုယ်တော်မှိုင်းတို့ကိုယ်တိုင် ဟိုတုန်းက ဂန္ထ၀င်စာပေတွေကို အများကြီး လေ့လာခဲ့ရတာ။ ပြောရရင် ပုဂံခေတ် အရေးအသား၊ ညောင်ရမ်းခေတ် အရေးအသား စသဖြင့်ပေါ့။ အဲဒီခေတ်တုန်းက ကျောက်စာတွေမှာ ရေးခဲ့တာတွေကို လေ့လာကြရတယ်။ သူခေတ်သူ့အခါက လူနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုပုံစံကို စာပေကနေ သိလာကြရတယ်။ အဲဒါကြောင့် ကျွန်တော်တို့အပေါ်မှာ သြဇာညောင်းတဲ့ စာတွေ ဖြစ်လာတာပေါ့။ ပုဂံခေတ်ပြီးရင် အင်းဝခေတ်ရောက်လာမယ်။ အင်းဝခေတ်ဆိုရင် ရှင်မဟာရဌသာရတို့ရဲ့ ကဗျာတွေ၊ နောက် ကုန်းဘောင်ခေတ်ဆိုရင်လည်း အဲဒီခေတ်က ပျို့တွေ၊ ကဗျာတွေ၊ သမိုင်းစာတွေ လေ့လာရတာပဲ။ မလေ့လာဘဲနဲ့ ဒီဂန္ထ၀င်စာပေတွေကိုမှ မသိဘဲနဲ့ မြန်မာစာကို မရေးတတ်ဘူး။ ဒီနေ့ သတင်းစာတွေကို ကြည့်လိုက်ရုံနဲ့ မြန်မာစာက ပြည့်စုံပြီလို့ ဆိုလို့မရသေးဘူး။ မပြည့်စုံသေးဘူး။ လုံးဝ မပြည့်စုံဘူး။ ဒီနေ့ခေတ်မှာ စာအုပ်တွေ အများကြီးထွက်နေတယ်။ စာရေးတဲ့သူတွေလည်း အများကြီးပဲ။ အဲဒီအထဲက တကယ်တတ်တဲ့ စာရေးဆရာတွေကျတော့ သူ့အတိုင်းအတာနဲ့သူ ဂန္ထ၀င်စာပေကိုတော့ လေ့လာထားရတာပဲ။ မလေ့လာထားတဲ့ သူတွေကျတော့ သူတို့ရဲ့ စာတွေလည်း အားနည်းသွားတတ်ပါတယ်။
မေး။ ဒါဆိုရင် ဆရာ့အနေနဲ့ အခု စာမျက်နှာတွေထက်မှာ ရေးနေကြတဲ့ မော်ဒန်စာပေဆိုတာ၊ နောက် မော်ဒန်ပန်းချီကားဆိုတာတွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အဲဒါတွေကတော့ ပြောရရင် တော်တော်ရှည်မယ်ဗျ။ အကြောင်းအရာက အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာတော့ မော်ဒန်ဆိုတာ ရေးစီးကြောင်းရဲ့ ပုံသဏ္ဍန်။ ပြောင်းလဲလာတဲ့ ပုံသဏ္ဍန်ပေါ့။ သူတို့ ကြီးပြင်းလာတဲ့ ပုံသဏ္ဍန်၊ သူတို့ကို လွှမ်းမိုးထားတဲ့ ပုံသဏ္ဍန်တွေကို ဖော်ပြတာပေါ့။ ဒါက မော်ဒန်ဆိုတာရဲ့ အဓိပ္ပာယ်ကို အလွယ်ဆုံးပြောတာ။ အဲဒီမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ တင်ပြကြတာပေါ့။ ဒီမှာ မော်ဒန်ဆိုတာ ဖြစ်လာတာ သိပ်မကြာသေးဘူးဗျ။ ဒီမှာက သူတို့ရဲ့ မော်ဒန်ဆိုတာက နိုင်ငံခြားကဟာကို အတုခိုးပြီးနေကြတာ၊ ကိုယ်ပိုင်ဟန် မဟုတ်ဘူးပေါ့။ သူများနိုင်ငံမှာက ဆိုပါတော့ဗျာ… ၁၈၀၀ နှောင်းပိုင်းမှာ ပီကာဆိုတို့ ရေးတဲ့ပန်းချီကားတွေ မော်ဒန်သဘောတွေ ပါလာတယ်။ နောက် ၁၉၀၀ ထဲဝင်လာတော့ တောင်ကို ဆွဲတဲ့ ပန်းချီမှာတင် တောင်ကို ရိုးရိုးရေးတာမဟုတ်ဘဲ တောင်ရဲ့ အတွင်းသားကို ရေးတာ။ တောင်ဆိုတာ မာတဲ့ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတာ။ အဲလို ပေါ်အောင် ရေးတယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို ရေးမယ်ဆိုရင် ပုံတူရေးရုံနဲ့ ပြည့်စုံတဲ့ ပုံဖြစ်မလာဘူး။ အနုပညာ မမြောက်ဘူး။ ဓာတ်ပုံရိုက်သလိုပဲ ဖြစ်နေနိုင်မယ်။ ဒီတော့ ဓာတ်ပုံရိုက်တယ်ဆိုရင်လဲ ဓာတ်ပုံဆရာဟာ သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်တုန့်ပြန်ချက်ကို ဖော်ထုတ်နိုင်တဲ့ ပုံစံမရှိဘူးလားလို့ စဉ်းစားလာကြတယ်။ ဒီလိုနဲ့ အတွင်းပိုင်း သဏ္ဍန်တွေကို ဖော်ထုတ်ပြီးရေးလာကြတယ်။ ဒီတော့ ကျွန်တော်တို့ နားမလည်တဲ့ဟာတွေလည်း ရှိလာတယ်။ ဥပမာ – ဦးနှောက်ကို မီးလောင်နေတာမျိုး၊ လူတွေရဲ့ မျက်နှာ ပုံစံအနေအထား အမျိုးမျိုးဖြစ်နေတာမျိုး ရှိလာတယ်။ နောက်တော့ ပန်းချီဆရာတွေ အများကြီး ပေါ်လာတယ်။ ဆိုပါတော့ Humanism ဆိုရင် သူမြင်မြင်သမျှ အရာတွေကို ပတ်ဝန်းကျင်မှာ အလင်းသား၊ အလင်းတိုင်အဖြစ် မြင်ပြီး အရောင်သော်မှာလည်းကောင်း၊ မျဉ်းကြောင်းတွေမှာသော်လည်းကောင်း အလင်းဆုံးအပိုင်းတွေ ဖြစ်အောင် ရေးကြတယ်။ ပန်းချီဝါဒတွေကတော့ အများကြီးရှိပါတယ်။ ဆိုလိုတာကတော့ သူတို့နိုင်ငံတွေမှာ အနည်းဆုံး နှစ်ပေါင်းတစ်ရာ ရှိနေပြီးသား ဖြစ်တဲ့ ပန်းချီဝါဒတွေက ကျွန်တော်တို့ဆီမှာ အခုမှ ထွန်းကားနေပြီးတော့ ပန်းချီကတစ်ဆင့် တခြားအနုပညာရပ်တွေပေါ်မှာလည်း သက်ရောက်သွားတဲ့သဘောပါ။ ဒီတော့ သူတို့ ဆွဲတဲ့၊ ရေးတဲ့ပုံစံတွေက သူများဟန်တွေကို သက်ဝင်ပြီး ရေးကြ၊ ဆွဲကြဖြစ်လာတော့ နောင်အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ဆိုတာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူးဖြစ်သွားတယ်။ ဒီအစဉ်အလာကိုပဲ မလိုက်ဘဲနဲ့ ထပ်ပြီး ဆင့်ပွားသင့်တယ်။ အခုက ကျွန်တော်တို့ဆီမှာက မော်ဒန်ဆိုတဲ့ ဝေါဟာရက ၁၉၅၀ နောက်ပိုင်းမှ ဖြစ်လာတော့ မော်ဒန်ဆိုတာ ဘာလဲ။ မော်ဒန်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေ၊ တွေ့နေရတဲ့ ပုံတွေ မဟုတ်ဘူးဆိုတာမျိုး ထင်နေကြတယ်။
မေး။ နောက်တစ်ခုက ဒီနေ့ခေတ်မှာ ဘ၀သရုပ်ဖော် စာပေတွေ ရေးတာနည်းသွားတာ ဘာကြောင့်လို့ မြင်မိပါသလဲဆရာ။
ဖြေ။ ပြောရလို့ရှိရင် အစောက ပြောခဲ့သလို မော်ဒန်ရဲ့ လွှမ်းမိုးမှုတွေလည်း ပါတယ်။ ကိုယ်ပိုင် ဖန်တီးမှု Creativity ကျသွားတာပေါ့ဗျာ။ စာဖတ်အား၊ လေ့လာမှုအားတွေ ကျသွားတာတွေပေါ့။
မေး။ လွတ်လပ်တဲ့ နိုင်ငံရဲ့ စာပေ၊ ယဉ်ကျေးမှုပုံသဏ္ဍန်နဲ့ လွတ်လပ်မှုမရှိတဲ့ နိုင်ငံရဲ့ စာပေ၊ ယဉ်ကျေးမှုက ဘယ်လိုတွေ ကွာခြားသလဲဆိုတာ ဆရာ့အမြင်ကို ပြောပြပေးပါဦး။
ဖြေ။ ဒါက စာပေအဆင့်အတန်းနဲ့လည်း ဆိုင်သေးတယ်။ စာပေအဆင့်အတန်း နိမ့်တဲ့ နေရာမှာ လူတွေကလည်း နိမ့်ကျနေမယ်။ နိုင်ငံရဲ့ စာပေအဆင့်အတန်း မြင့်နေရင် လူတွေလည်း မြင့်နေမယ်။ ဒီတော့ မူလ စာပေအဆင့်အတန်းကိုလည်း ထည့်ပြီး စဉ်းစားရလိမ့်မယ်။ တစ်ခုတော့ ရှိတာပေါ့။ လွတ်လပ်တဲ့ နိုင်ငံတွေမှာကကျတော့ သူတို့ရဲ့ စာပေဟာ သူတို့တတွေရဲ့ လူမှုဘ၀အားထုတ်မှုတွေမှာ အများကြီး ထင်ဟပ်စေပါတယ်။ စာပေနဲ့ တင်ပြခွင့်လည်း ရတယ်။ လွတ်လပ်မှုမရှိတဲ့ နိုင်ငံကျတော့ လူတွေက ဒီအပေါ်မှာ ဘာမှ တုန့်ပြန်မလာဘူးပေါ့။
မေး။ အခု ဒီနောက်ပိုင်း စာပေစိစစ်ရေးက ဖြေလျှော့ပေးလာတယ်ဆိုတဲ့ အပိုင်းမှာ စာပေစိစစ်ရေး စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ကာလပိုင်းနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုအနေအထားမျိုးမှာ ရှိတယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ဒါက ကိုင်တွယ်သူတွေရဲ့ သဘောထားနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဦးနေ၀င်းလက်ထက်မှာ စာပေစိစစ်ရေး စထားတယ်ဆိုပေမယ့် ပိတ်ဆို့မှုက မကြီးမားဘူး။ ၁၉၈၀ အထိလောက်ပေါ့။ ထူးထူးခြားခြား ကန့်သတ်တယ်၊ ပိတ်ဆို့တယ် ဆိုတာ သိပ်မရှိသလို လူတွေကလဲ စာပေစိစစ်ရေး ရှိတယ်။ ဒီလောက်ပဲ စိတ်ထဲမှာရှိတာ။ သူတို့ဆီကို သွားတင်ရင်လဲ စာလုံးပေါင်း သတ်ပုံလောက်ပဲ သူတို့က ကြည့်ပေးတာ။ ကျွန်တော် ဆိုဗီယက်ကို သွားရတော့ အဲ့ဒီကနေတဆင့် တခြားနိုင်ငံတွေကို ၀င်တယ်။ ဟိုခေတ်ကတော့ တခြားနိုင်ငံကို ၀င်တယ်ဆိုရင် ပတ်စ်ပို့ပေါ်မှာ တံဆိပ်ထုတာမဟုတ်ဘူး။ စာရွက်လွတ်ပေါ်မှာပဲ ဒီအတိုင်း ထုတ်ပေးလိုက်တာ။ ဒါပေမယ့် သဘောက ခိုးပြီး သွားတဲ့ သဘောပေါ့။ ဒီကို ပြန်ရောက်လာတော့လည်း ထိန်ချိန်မထားပါဘူး။ ဒီလိုပဲ အဲ့ဒီအကြောင်း ဆောင်းပါးတွေ ရေးတယ်။ ဘာအရေးယူမှုမှ မရှိခဲ့ဘူး။ အခုကျတော့ ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့်လဲ ခုနက ပြောတာပေါ့။ စိစစ်ရေးဆိုတာ ကိုင်တွယ်တဲ့ ပုဂ္ဂိုလ်နဲ့ သက်ဆိုင်ပါတယ်။
မေး။ ဟိုတုန်းက ပြည်ပနိုင်ငံတွေကို သတင်းသမားအဖြစ်သွားပြီး လေ့လာရတယ်ဆိုတာက ဘယ်လိုအနေအထားနဲ့လဲ။
ဖြေ။ ဒါကတော့ အစိုးရက လွှတ်မှပဲ သွားနိုင်တာပါ။ နိုင်ငံတွေကနေ သတင်းစာအဖွဲ့ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနကို လှမ်းဖိတ်တဲ့အခါ အစိုးရက ရွေးချယ်တဲ့သူတွေ သွားကြတာပေါ့။ သတင်းစာတိုက်တွေကလည်း ပိုက်ဆံမရှိပါဘူး။ မလွှတ်နိုင်ပါဘူး။ ကျွန်တော်က ကြေးမုံမှာ လုပ်တော့ ကြေးမုံမှာတော့ လုပ်တာတစ်ခုရှိတယ်။ သူတို့က နိုင်ငံခြားကြော်ငြာတွေ လက်ခံတော့၊ အထူးသဖြင့် လေကြောင်းလိုင်းကြော်ငြာတွေပေါ့ဗျာ။ ရစရာရှိတဲ့ ကြော်ငြာခတွေကို သူတို့ဆီမှာပဲ ထားပြီး နှစ်ကုန်လို့ သူတို့က သုံးပါဆိုတဲ့အချိန်မှာ အဲ့ဒီက ငွေနဲ့ သွားကြတာလဲ ရှိတယ်။ ကျွန်တော်ဆိုရင် အာဏာသိမ်းတဲ့ ၁၉၆၂ မှာဆိုရင် အရှေ့နိုင်ငံတွေမှာ ရောက်နေတယ်။ ထိုင်းတို့၊ မလေးရှားတို့၊ ဖိလစ်ပိုင်တို့၊ ဂျပန် အရှေ့နိုင်ငံတလျှောက်ပေါ့လေ။ အာဏာသိမ်းပြီကြားတော့ ကျွန်တော် ပြန်မလာပါဘူး။ ကြေးမုံက အရင်က အတိုက်အခံ သတင်းစာလိုပုံစံမျိုး ရှိခဲ့တော့ ချက်ချင်းပြန်မလာသေးဘူး။ သုံး၊ လေးလကြာခဲ့တယ်။
မေး။ ဒါဆိုရင် သတင်းသမားတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက စပွန်ဆာပေးလာကြတာကျတော့ရော…။
ဖြေ။ စပွန်ဆာပေးတာ ကောင်းပါတယ်။ ဘောလုံးသမားတွေကိုတောင် စပွန်ဆာပေးကြတာတွေ ကြားနေရတယ်။ သတင်းသမားတွေ စပွန်ဆာရတော့ ပိုကောင်းတာပေါ့။ ပိုပြီး ၀င်နိုင် ထွက်နိုင် သွားနိုင် လာနိုင်တာပေါ့။ တစ်ခုတော့ ရှိတယ်။ ဒီသတင်းသမားဟာ ရရှိတဲ့အခွင့်အရေးနဲ့ ကိုယ့်ကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်း မလုပ်ဖို့ဘဲ ပြောချင်တယ်။ သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာကို လုံအောင် ထိန်းရမယ်။ တစ်ဖက်နိုင်ငံက ဖိတ်ကြားတယ်။ ကျင့်ဝတ်သိက္ခာရှိတဲ့ သတင်းသမား တစ်ယောက်အဖြစ် သွားမယ်။ ပြန်လာတဲ့အခါ သတင်းလုပ်ငန်းအနေနဲ့ပဲ လက်ခံရေးသားသင့်တယ်။ ကိုယ့်ရဲ့ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ပြီး ၀ါဒဖြန့်တဲ့ သဘောမျိုး၊ သတင်းမှားတွေ၊ အမြင်မှားတွေ တင်ပြတာမျိုးဆိုရင်တော့ ပြဿနာရှိတယ်။
မေး။ ၁၉၅၄ ခုနှစ်မှာ ဆရာ ဥရောပမှာ သွားပြီးပညာသင်တဲ့အချိန်မှာ “ဒို့ပြည်သတင်း” ဆိုပြီး သတင်းစာလေး ထုတ်ခဲ့သေးတယ်နော်။ ဒီအကြောင်း အမှတ်တရပြောပါပေးပါဦး ဆရာ။
ဖြေ။ နိုင်ငံခြားရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာသတင်း ငတ်တာပေါ့။ နိုင်ငံခြားသတင်းစာတွေမှာ မြန်မာသတင်း ဖတ်ရဖို့ မလွယ်ဘူး။ အဲ့ဒါနဲ့ ကိုယ့်တိုင်းပြည်သတင်းကို ပြည်ပရောက်နေတဲ့သူတွေ ကြားရ၊ သိရအောင်ဆိုပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် လက်နှိပ်စက်အဟောင်းနဲ့ လုပ်ခဲ့တာ။ ဟိုတုန်းက Newsletter အနေနဲ့ ပို့တယ်ဆိုရင် စာပို့ခမပေးရဘူး။ စာရွက်တစ်ရွက်နဲ့ နိုင်ငံအနှံ့ပို့ပြီး သတင်းရှိရင် ရေးပေးဖို့ မိတ်ဆွေတွေကို ပြောရတာပေါ့။ မိတ်ဆွေတွေက မန္တလေးက မမြင့်မြင့်ကြီးတို့၊ ရန်ကုန်က မစိုးမြင့်တို့၊ အရင်က ကျနော်က အေအက်ပီမှာ လုပ်ခဲ့တော့ အဲ့ဒီက သတင်းထောက်တွေက ကူညီကြတယ်။ လေယာဉ်က အဲဒီတုန်းက တစ်ချို့ရက်တွေမှာ ဒီနေ့ပို့ မနက်ဖြန် ရောက်တာမျိုးရှိတယ်။ နောက်တော့ ဒီသတင်းစာကို အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်က သဘောမကျဘူး။ ကိုထင်ကြီး (တက္ကသိုလ် ထင်ကြီး) လာတော့ ခင်ဗျား ဒီသတင်းတွေ ဘယ်ကရတယ်ဆိုတာ သတင်းအရင်းအမြစ်ကို ဖော်ပြသင့်တယ်လို့ အကြံပေးလို့ နောက်ပိုင်း သတင်း Source ကို ဖော်ပြပါတယ်။ သတင်းတွေကတော့ အဲဒီတုန်းက မြန်မာသတင်းစာတွေထဲက သတင်းတွေပါပဲ။
မေး။ အရင်တုန်းက သတင်းစာတွေ၊ ဂျာနယ်တွေရဲ့ပုံစံနဲ့ အခုခေတ်ဂျာနယ်တွေ ဘယ်လိုတွေကွာခြားသလဲ ဆရာ။
ဖြေ။ အခုဟာကတော့ အကြောင်းအရာရော၊ ပုံသဏ္ဍန်ရော အစုံတွေ့နေရတယ်။ ဟိုတုန်းကတော့ သတင်းစာရဲ့ ပေါ်လစီက ခပ်နည်းနည်းပဲ။ အခုကကျတော့ Priority တွေများနေတယ်။ တွက်လို့မရဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ သတင်းသမားတွေ စာဖတ်ဖို့ လိုတယ်။ သတင်းသမားဆိုတာ လူများစွာနဲ့လဲ တွေ့နေရတော့ သူ့ ပတ်ဝန်းကျင်က လူတွေရဲ့ အတွေ့အကြုံကိုပါ မေးမြန်းတတ်တဲ့ အလေ့အထမျိုး ရှိသင့်တယ်။ တလောက သတင်းထောက်တစ်ယောက် ရောက်လာပြီး မေးတယ်။ ဆရာကြီးရဲ့ “ကွိ” ဆိုတဲ့ ဆောင်းပါးရှည်ကြီးကို ထုတ်ဝေခွင့်ရတဲ့အပေါ် သဘောထားကို သိချင်တယ်တဲ့။ ဒီတော့ ဖြေရမယ့်သူတောင် တစ်မျိုးဖြစ်သွားတာပေါ့။ အနည်းဆုံး ကိုယ်မေးမယ့်သူရဲ့ နောက်ခံ ဘက်ဂရောင်းအကျဉ်းလောက်တော့ သိထားသင့်တယ်။
မေး။ ဆရာတို့ သတင်းစာအလုပ်လုပ်ခဲ့တုန်းက မှတ်မှတ်ရရဖြစ်တဲ့ လေးစားခဲ့ရတဲ့ စာပေနယ်ထဲက လူတွေ အကြောင်း ပြောပြပေးပါဦး။
ဖြေ။ သတင်းစာခေတ်မှာ ပြောမယ်ဆိုရင် ကျွန်တော်တို့ခေတ်မှာတော့ ကျော်ကြားရင်တော့ ကျော်ကြားမယ်။ ဒါပေမယ့် ထူးချွန်ချင်မှ ထူးချွန်မယ်။ နောက်ပြီး သူ့ရဲ့ ထူးချွန်မှုဟာ ဘယ်ဘက်သွားပြီး ထူးချွန်တယ်ဆိုတာလည်း ကြည့်ရဦးမှာပေါ့ဗျာ။ ခေတ်ကို ကိုယ်စားပြုသူ၊ ခေတ်ရဲ့ တာဝန်ကို ထမ်းပေးခဲ့သူလည်း ဖြစ်ရမယ်။ ဒါက ကျွန်တော်ရဲ့ တိုင်းတာမှုတွေပေါ့။ ခင်ဗျားတို့လည်း တိုင်းတာမှုတွေ ရှိမှာပဲ။ ကျွန်တော်အနေနဲ့ ပြောနိုင်တာကတော့ သုံး လေးယောက်လောက်ရှိတယ်။ ကျွန်တော်နဲ့ သက်တူ မဟုတ်သော်ငြားလည်း ကျွန်တော့်ထက် အသက် ဆယ်နှစ်လောက်ရှိတဲ့ လူထုဒေါ်အမာ။ နောက်တစ်ယောက် ပြောနိုင်တာက ကျွန်တော်နဲ့ အတူလုပ်ခဲ့တဲ့ ဦးသောင်း၊ ကြေးမုံဦးသောင်းပါ။ နောက်တစ်ယောက်က ဂါးဒီးယန်း ဦးစိန်ဝင်းပေါ့။ ဆိုတော့ ဒီသတင်းစာဆရာကြီးတွေကို လေးစားရတယ်။ ပြောရရင် လူထုဒေါ်အမာဆိုရင် သူတို့က နည်းနည်းလက်ဝဲဆန်တယ်။ မန္တလေးမှာ နေတယ်။ မန္တလေးဆိုတော့လည်း မန္တလေးအစွဲလေးတွေ ရှိတယ်။ ဘယ်လိုပြောပြော ဒေါ်အမာရဲ့ စာပေသြဇာက ကြီးမားတယ်။ ဒီတော့ ဒေါ်အမာတို့ရဲ့ ဘ၀တွေကို ကျွန်တော်တို့ လွယ်လွယ်နဲ့ မေ့လို့မရဘူး။ ကျော်သွားပစ်လို့ မရဘူး။ ပြောရရင်တော့ အများကြီးပေါ့။ ဒေါ်အမာရဲ့ ခံယူမှု၊ ဆောင်ရွက်မှု စသဖြင့်ပေါ့။ ဒါပေမယ့် သူ့မှာ ထူးချွန်တာကို ပြောရမယ်ဆိုရင် အလုပ်တာဝန်ကို ကျေတယ်။ ကလေးကို နို့တိုက်ရင်းတောင် လက်တစ်ဖက်က စာကို အဆက်မပြတ် ရေးတာမျိုးပေါ့။ ဒါမျိုးကို ကျွန်တော် သတင်းစာသမားတစ်ယောက်အနေနဲ့ တွေ့ရခဲတယ်လေ။
မေး။ ဆရာ မနှစ်က မြန်မာပြည်အထက်ပိုင်းကို ခရီးသွားခဲ့သလို ဒီနှစ်ရော ခရီးထွက်ဖို့ အစီအစဉ်ရှိလား။
ဖြေ။ အဲလိုတော့ မရှိပါဘူးဗျာ။ မနှစ်ကလည်း အောင်ပန်းက ဆရာဒဂုံတာရာ့ဆီ သွားတာပါ။
မေး။ ဆရာ့ကို စာပေဟောပြောပွဲတွေ ဖိတ်ရင်ရော ဆရာလက်ခံပြီး ဟောပေးနိုင်မလား။
ဖြေ။ မလုပ်နိုင်တော့ဘူးဗျ။ ဟိုတုန်းကလဲ ကျွန်တော် သိပ်လုပ်လေ့ မရှိပါဘူး။ ကျွန်တော်က သတင်းစာပဲ လုပ်တာလေ။ သတင်းစာတိုက်မှာပဲ နေတယ်။ မနက်ရော ညပါ အလုပ်လုပ်တာ။ အခုကျတော့ကာ သွားနိုင်ဖို့လည်း အခြေအနေမရှိတဲ့အပြင် ဟောပြောပွဲဆိုတာ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဟောပြောတာတို့ဘာတို့မှ ရတာကိုး။ ကျွန်တော်က အဲဒါမျိုးတွေ မလုပ်နိုင်တော့ဘူး။ ဒီအတိုင်း ကိုယ်ပြောချင်တာ ပြောနေလို့မှ မဖြစ်တာ။
မေး။ ဆရာရဲ့ ကိုယ်ရေးအတ္ထုပတ္တိသဘောမျိုး စာအုပ်ထွက်ဖို့ ရှိသလား။
ဖြေ။ အဲလိုတော့ ရေးဖို့ မရှိဘူးဗျ။ အာအက်ဖ်အေမှာတော့ ခေတ်ဝန်ကိုထမ်းပြီး၊ ခေတ်လမ်းကို လျှောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောနေတာတော့ သုံးနှစ်ရှိပြီ။ ထုတ်ဝေသူတွေကတော့ ဒါကို စာအဖြစ် ရေးပေးဖို့ ပြောကြတယ်။ အဲဒါတော့ မလုပ်ပေးနိုင်တော့ဘူး။ အတ္ထုပတ္တိဆိုတာကလည်း ကိုယ့်အကြောင်းတော့ ဘာရေးစရာရှိမလဲဗျာ။ ကိုယ့်ကိုယ်ကိုလည်း ရေးရလောက်အောင် နာမည်ကြီးတယ် မထင်ဘူး။ ကိုယ့်အကြောင်းပဲ ရေးနေတာကိုလည်း ကျွန်တော် စာလို့ မထင်ဘူး။ အဲဒါကြောင့်လဲ စာရေးရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်းပါ ထည့်ရေးတယ်။ ဖတ်ဘူးတယ်မလား။ ကျွန်တော်ရေးခဲ့တဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ထဲမှာလို ထောင်ထဲမှာ တွေ့ရ၊ ကြုံရတဲ့ မိတ်ဆွေတွေအကြောင်း ရေးသလိုပဲ ရေးတယ်။
မေး။ တလောက အင်တာနက်စာမျက်နှာမှာ တွေ့လိုက်ရတယ်။ ဦးဇာဂနာလွတ်လာတော့ သူက ပြောတယ်။ အခု ခေတ် နိုင်ငံရေးသမားလို့ ခံယူထားတဲ့သူတွေက စာမဖတ်ကြဘူးတဲ့။ မြသန်းတင့်ရေးတဲ့ ပါပီမကို ဖတ်ဘူးလား။ ဒဂုံတာရာရေးတဲ့ ကျဉ်တုတ်ခံဝံ့ မခံဝံ့ကို ဖတ်ဘူးလားတဲ့ အဲလို အချင်းချင်းမေးကြတယ်လို့ ပြောထားတယ်။ ဆရာရော အဲလိုလူမျိုးတွေနဲ့ ဆုံဘူးလား။
ဖြေ။ ဒါကတော့ ရှိရင်လဲ ရှိမှာပေါ့ဗျာ။ ကျွန်တော်တော့ မကြုံဘူးပါဘူး။ ဒါကလဲ ဇာဂနာတို့ကျတော့ နာမည်ကြီးတဲ့ လူပုဂ္ဂိုလ်၊ လူသိများတဲ့သူဆိုတော့ သူ့ဆီ ၀င်ထွက်သွားလာနေကြတဲ့သူတွေက အများကြီး။ ကျွန်တော်က သူလိုလဲ လူသိမများဘူးလေ။ ထောင်ကျတော့ ကျွန်တော့်ကို ထားတာကလည်း သီးသန့် ပိတ်ထားတာ။ အော်လို့တောင် သူများတွေ မကြားနိုင်တဲ့နေရာ။ ဘယ်သူနဲ့မှလဲ အဆက်အဆံမလုပ်ခဲ့ရဘူးလေ။
မေး။ ဆရာ့အနေနဲ့ အခု စာဖတ်ချိန်၊ စာရေးချိန်ကို ဘယ်လိုသတ်မှတ်ထားလဲ။
ဖြေ။ အခု မလုပ်နိုင်တော့ဘူးဗျ။ ကျွန်တော်က နိုင်ငံရေးသမားလည်း ဖြစ်နေတော့ နိုင်ငံရေးကိစ္စတွေ၊ နောက် လာပြီးတွေ့ကြတဲ့သူတွေနဲ့ စာဖတ်ဖို့ အချိန်နည်းသွားတယ်။ ညပိုင်းမှာတော့ ဖတ်ပါတယ်။ ဒါပေမယ့် မှန်ဘီလူးနဲ့ ဖတ်ရတယ်။ မျက်စိမကောင်းတော့ အဆင်မပြေဘူး။ အရင်လိုလဲ မရေးနိုင်တော့ဘူး။
မေး။ နောက်ဆုံး မေးချင်တာပါ ဆရာ။ ဆရာက နှစ်ပေါင်းများစွာ အထိန်းသိမ်းခံရပြီး ထောင်ထဲမှာပဲ နေခဲ့ရတယ်။ အဲဒီတုန်းက ရရှိလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို အခုလို အသက်အရွယ်နဲ့ ကြံ့ကြံ့ခံနိုင်တာ ဘယ်လို ခွန်အားတွေကြောင့်လဲ။
ဖြေ။ ပြောရရင်တော့ မသေလို့ပေါ့ဗျာ။ (ပြောရင်းနှင့်ပင် ဆရာက ရယ်ပါသည်) ဒါကတော့ ရယ်စရာပြောတာပါ။ ကျွန်တော် ဒီ့ထက်စောပြီး သေသွားရင် ဦးဝင်းတင်၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ဒီလိုပဲ လူတွေက ကျွန်တော့်သမိုင်းကို ရေးကြလိမ့်မယ်။ ကျွန်တော်က ကျွန်တော်သမိုင်းကို ရေးဖို့၊ ဖြည့်ရေးဖို့အတွက် ဆိုပါတော့ဗျာ။ ဒီလို ခွန်အားနဲ့လို့လည်း ပြောလို့ရပါတယ်။
မျက်ရှု
အောက်တိုဘာ ၂၆၊ ၂၀၁၁ ခုနှစ်
No comments:
Post a Comment