( နိုင်ငံရေးအရ မည်သူ့မျက်နှာမျှ မထောက်ပဲ လူထုဘက်မှ ရဲဝံ့
ပြတ်သားစွာ အမှန်အတိုင်း ထုတ်ဖော်ပြော ဆိုရေး သား မှုများကြောင့်
မိုးကြိုးပစ်ခြင်းကို ထန်းလက်နှင့်ကာချင်သော လူတစ်စုမှ
ဝါရင့်သတင်း စာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အား နာမည်မရှိသော ကလောင်မျိုးစုံဖြင့်
ကွန်မြူနစ်တစ်ဦး အဖြစ် သမုတ်ပြီး တိုက်ခိုက်ရေးသားဝါဒဖြန့်နေကြ သည့် အတွက်
ကြွေနှင့်ရှာပြီဖြစ်သော နိုင်ငံသိ ကမ္ဘာသိ သြဇာအ လွန်ကြီး မားသည့်
ကလောင်ရှင်တဦးဖြစ်သူ ဆရာကြီး လူထုစိန်ဝင်း မှ ဖြောင့်မတ်သော အမြင်ဖြင့်
ရှင်းရှင်းလင်း လင်း ဝေဖန် သုံးသပ်ရေးသားခဲ့သည့် အမှာစာကို ယနေ့ခေတ်လူငယ်များ
ဝါဒမှိုင်းမမိစေ ရန် ကောက်နုတ်ဖော်ပြ အပ်ပါသည်။
ေ-နေစကြာနိုင် ( အယ်ဒီတာချုပ် )
-ခေတ်လူများ၏မှတ်စု ဂျာနယ် )
""""""သဘောထား အတင်းမာဆုံးသူ""""""
အကြောင်းမသိသူတိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊
မာကြောလွန်းတယ်လို့လည်း ကောက်ချက်ချကြတယ်။ တချို့ကဆို
ကွန်မြူနစ်လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြတယ်။
နှစ်ပေါင်းငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီးနဲ့ အတူလက်တွဲ
လုပ်ကိုင်ခဲ့သူတယောက်အနေနဲ့ ဒီလိုပြောဆိုသံတွေ ကြားရတဲ့အခါတိုင်း
ပြုံးမိတယ်။ စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြားဝေဖန် သုံးသပ်မှုမျိုး မလုပ်ပဲ
ကိုယ်လိုချင်ရာဆွဲပြီး ပြီးစလွယ် ကောက်ချက်ချ၊ တံဆိပ်တပ်မှုမျိုးတွေကြောင့်
နှစ်ပေါင်းခြောက်ဆယ်ကျော် ရေစုန်မျောခဲ့ရတာပါလားလို့ မတွေးဘဲ မနေနိုင်
ဖြစ်ရတယ်။
နိုင်ငံရေးပါတီကြီးတစ်ခု စတင်တည်ထောင်ရာမှာ အဓိက
အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ကြီးလေးတဲ့ တာဝန်ကို ယူခဲ့ရပေမယ့် သူဟာ
နိုင်ငံရေးသမားနဲ့ နည်းနည်းလေးမှကို မတူတဲ့ သူတယောက် အဖြစ်ပဲ ရှိနေသေးတာ
တွေ့ရတယ်။ နိုင်ငံရေးသမားဆိုတာ ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကိုယ်
ပေါ်ပြူလာဖြစ်အောင် လုပ်ကြရတယ်။ လူရှေ့ထွက်ပြီး လူလုံးပြတာနဲ့ စင်ပေါ်တက်ပြီး
ဟောရပြောရတာကို မဖြစ်မနေ လုပ်ကြတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် သူ
နိုင်ငံရေးလုပ်တဲ့ လမ်းခရီးမှာ သူဟာ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ
သိပ်မလုပ်ဘဲ လုပ်စရာအလုပ်တွေကို ကန့်လန့်ကာ နောက်ကွယ်ကပဲ
သိမ်းကြုံးလုပ်နေလေ့ရှိတယ်။
နိုင်ငံရေးသမားအများစုဟာ စားပွဲနဲ့
ကုလားထိုင်ကို သိပ်ခုံမင်ကြပြီး ရာထူးကို ဖော်ပြတဲ့
သုံးမျှောင့်တုံးကိုလည်း သိပ်စုံမက်ကြတယ်။ သူက အဆောင်ယောင် အခမ်းအနားတွေကို
သိပ်မုန်းတီးသူဖြစ်တယ်။ သူ ပုဂ္ဂလိကကြေးမုံသတင်းစာကို တာဝန်ယူလုပ်နေစဉ်က
မျက်နှာချင်းဆိုင် စီတန်းထားတဲ့စားပွဲတွေမှာ တခြား အယ်ဒီတာတွေ
သတင်းထောက်တွေနဲ့ အတူတူထိုင်ပြီး အလုပ်လုပ်တယ်။ မန္တလေးက ပြည်သူပိုင်
ဟံသာဝတီသတင်းစာကို သူပဲ စတင်တည်ထောင်ပြီး သူပဲ တာဝန်ယူ လုပ်ကိုင်ရတော့လည်း
သူ့အယ်ဒီတာချုပ် ရုံးခန်းမှာ တံခါးမရှိပါဘူး။ စာစီတွေ၊ ဖိုမင်တွေ၊
စက်ဆရာတွေဟာ သတင်းထောက်တွေလိုပဲ ဥဒဟို ဝင်ထွက်နေတာ တွေ့ရတယ်။
မန္တလေးနန်းရှေ့က ယူဂိုဆလမ်တိုက်တန်းတွေက သူ့အခန်းမှာ သူရှိတဲ့ အချိန်ဆိုရင်
ကလေးတွေ တရုန်းရုန်းနဲ့ စည်ကားနေတတ်တယ်။ ဘယ်အရပ်ရောက်ရောက် သူ ပထမဦးဆုံး
မိတ်ဆွေဖြစ်တာ ကလေးတွေပဲ။ သူ့ဟာသူ ထမင်းနပ်မှန် စားချင်မှစားပေမယ့် ရုံးက
ပြန်ရင်တော့ ကလေးတွေ စားဖို့ မုန့်ပဲသရေစာ ဝယ်သွားဖို့ သူ ဘယ်တော့မှ
မမေ့ဘူး။ ရှားရှားပါးပါး အားလပ်ရက်ရတဲ့အခါများဆိုရင် ကလေးပရိသတ်
တအုပ်ကြီးကို ထမင်းဟင်းချက်ပြုတ်ကျွေးရင်း သူ တပြုံးပြုံးနဲ့ ဖြစ်နေတတ်တယ်။
ကွယ်လွန်သူ ကျွန်တော်တို့ မိတ်ဆွေ၊ သူ့မိတ်ဆွေ သတင်းစာဆရာ စာရေးဆရာ
မောင်နေဝင်းရဲ့ သားသမီးတွေဖြစ်ကြတဲ့ မောင်နေဦး၊ မောင်ကြည်လင်၊ ရီရီဝင်း၊
မောင်ဥာဏ် တို့ဆို သူ သိပ်ချစ်တယ်။ စလည်း စလေ့ရှိတယ်။ အခု သူ နေတဲ့
သူ့သူငယ်ချင်း ကိုအုန်းထွန်းသမီးတွေဆိုလည်း သူ့သမီးတွေလို့ သူက
သတ်မှတ်ထားတယ်။ ကိုအုန်းထွန်းကို သံယောဇဉ်ရှိလို့ အတူနေတာထက် သူ့သမီးတွေကို
သံယောဇဉ် ပိုရှိလို့ အတူနေတာလို့တောင် ထင်မှတ်ရတယ်။ ရောက်လေရာအရပ်မှာ
ကလေးတွေ တရုန်းရုန်းကြားမှာ နေတတ်သူမို့ ကျွန်တော်တို့၊ ကိုနေဝင်းတို့တတွေက
သူ့ကို ကလေးဗိုလ်ကြီးလို့ ခေါ်ကြတယ်။
ကျွန်တော့်သားကြီးဆိုရင်
တကယ်ကို သူ့လက်ပေါ်မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ ၁၉၆၇၊ ဇူလိုင်မှာ
လူထုသတင်းစာ အပိတ်ခံရပြီး ကျွန်တော် အဖမ်းခံရတော့ သားကြီးက ဆယ်လသားအရွယ်ပဲ
ရှိသေးတယ်။ သူ့အမေက မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်းမှာ ဆရာမ
လုပ်နေတာဆိုတော့ ကလေးကို တစ်နေကုန် မျက်နှာလွှဲထားခဲ့ရတယ်။ အဲဒီတော့ ကလေးက
ချူချာတယ်။ နည်းနည်းလေး ကိုယ်ပူတာနဲ့ တက်တတ်တယ်။ ကလေးအမေကလည်း
မင်္ဂလာဒုံမှာဆိုတော့ ပြန်မလာနိုင်ဘူး။ အိမ်သားတွေက သူ့ဆီပဲ လှမ်းပြီး
ဖုန်းဆက်ရတယ်။ သူ ချက်ချင်းရောက်လာပြီး ကလေးဆေးရုံ လိုက်ပို့ရတယ်။ တစ်ကြိမ်
တစ်ခါ မဟုတ်ဘူး။ တစ်ခါတလေ တစ်လနှစ်ကြိမ်လောက်၊ တစ်ခါတလေ
သုံးလတစ်ကြိမ်လောက်။ ဒါကြောင့် သားကြီးဟာ တကယ်ပဲ သူ့လက်ပေါ်မှာ
ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။
တခြား နိုင်ငံရေးသမားတွေနဲ့ သူ
မတူကွဲပြားတဲ့ နောက်တစ်ချက်ကတော့ "နင်ဘဲငဆ" မငြင်းတတ်တာ ဖြစ်တယ်။
နိုင်ငံရေးသမား အများစုဟာ အငြင်းသန်ကြတယ်။ "င့ါစကားနွားရ" ပြောတတ်တယ်။
နောက်ပြီး နိုင်ငံရေးသမားတွေက လက်ဖဝါးလို ကျင့်လေ့ရှိတယ်။ မှောက်ချီလှန်ချီ
လုပ်တတ်တယ်။ သူက ဗလောင်းဗလဲ မလုပ်တတ်ဘူး။ သူ ကိုင်ခဲ့တဲ့မူကို အခိုင်အမာ
ဆုပ်ကိုင်ပြီး ခြေဖဝါးလို ခိုင်ခိုင်မာမာ ရပ်လေ့ရှိတယ်။ ဒါကို နားမလည်တဲ့
သူတွေက သဘောထားတင်းမာတာလို့ သတ်မှတ်ကြတာ ဖြစ်တယ်။ နိုင်ငံရေးသမားဆိုတာ
ရပ်တည်ချက် ခိုင်မာရတယ်။ အခြေခံမူကို အရောင်းအဝယ် မလုပ်ရဘူး။
စည်းရုံးရေးနဲ့ ဆက်ဆံရေးမှာတော့ ပျော့ပျောင်းငြင်သာရမယ်။
အဲဒီလိုဆိုကြတဲ့အတိုင်း သူ ကျင့်ကြံ နေထိုင်ခဲ့တာ ဖြစ်တယ်။
သူဟာ
နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီးခေါင်းဆောင်ကြီး
တစ်ယောက်ဖြစ်နေပေမယ့် ကျွန်တော်ကတော့ သူ့ကို အခုထိ နိုင်ငံရေးသမားလို့
မမြင်ဘဲ သတင်းစာဆရာ တစ်ယောက်လို့သာ မြင်နေဆဲဖြစ်တယ်။ မူကို အပြုအပြင်
မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံအကျဆုံး
ကျင့်ဝတ်ဖြစ်တယ်။ သတင်းသမားဆိုတာ ဖြစ်တာကို ဖြစ်တဲ့အတိုင်း၊ မြင်တာကို
မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရသလို ဖြုတ်တာဖျောက်တာလည်း
မလုပ်ရဘူး။ သနပ်ခါးလိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင်
မကောင်းလို့ ဆိုပြီး ထိန်ချန်တာလည်း မလုပ်ရဘူး။
သတင်းစာဆရာ
ဗီဇစိတ်နဲ့ နိုင်ငံရေး ဝင်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ
မလုပ်ချင်တဲ့ သဘောထား တင်းမာသူလို့ မြင်နေကြတာ ဖြစ်တယ်။ တကယ်တော့ သူ
ကိုယ်တိုင်က နိုင်ငံရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့လည်း
သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ မလုပ်မဖြစ်လို့
အရေးတော်ပုံကြီးအတွင်း ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ ဇွတ်အတင်း "ပေါ်တာ" ဆွဲသလို
အဆွဲခံခဲ့ရလို့ နိုင်ငံရေးသမား ဖြစ်သွားခဲ့ရတာသာဖြစ်တယ်။
လူထုစိန်ဝင်း
၂၂.၁၁.၁၁
( ဥတ္တရအလင်း-ဝင်းတင် (ဘာသာပြန်) အမှာစာ မှ ကောက်နုတ်ချက် )
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 21, 2014
""""""သဘောထား အတင်းမာဆုံးသူ""""""
""""""သဘောထား အတင်းမာဆုံးသူ""""""
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment