Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

အငြင်းပွား ကျွန်းစုများအနီး စစ်စခန်းတည်ဆောက်ရေး ဂျပန်လုပ်ဆောင်


တိုကျို၊ ဧပြီ ၁၉

တရုတ်နှင့် ဂျပန် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ဆန်ကာကူ ကျွန်းစုများအနီးတွင် ဂျပန်နိုင်ငံက စစ်ဘက် ရေဒါစခန်းတစ်ခု စတင်တည်ဆောက်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ ထိန်းချုပ်ထားသည့် ဆန်ကာကူ ကျွန်းစုအနီး ကီလိုမီတာ ၁၅၀ (မိုင် ၉၀) အကွာတွင် တည်ရှိသည့် ယိုဂါဂူနီ ကျွန်းပေါ်တွင် စစ်စခန်းသစ် တစ်ခုကို စတင်တည်ဆောက်နေခြင်း ဖြစ်သည်။

တည်ဆောက် ပြီးစီးမည့် စစ်စခန်းသစ်ပေါ်တွင် ဂျပန်တပ်ဖွဲ့ဝင် ၁၅၀ ခန့်ကို လာမည့် ၂ နှစ်အတွင်း တပ်ဖြန့်ချထားမည် ဖြစ်သည်။

ထို့အပြင် ဂျပန် ကာကွယ်ရေးဝန်ကြီး အိုနိုဒီယာက ယူဂါဂူနီကျွန်း ပေါ်တွင်သာမက ဒေသတွင်းရှိ အခြားသော ကျွန်းစုများတွင်လည်း စစ်စခန်းများ ချထားမှုကို တိုးချဲ့သွားမည်ဟု စီမံကိန်း စတင်သည့် အခမ်းအနားတွင် ပြောကြားသည်။

ယင်းကဲ့သို့ နယ်စပ်ဒေသအနီး စစ်စခန်းများ တိုးချဲ့ဆောက်လုပ်မှုကြောင့် တရုတ်နိုင်ငံအပေါ် ဂျပန်နိုင်ငံက တိုးချဲ့ထောက်လှမ်းနိုင်မည် ဖြစ်ပြီး ဂျပန်၏ လုပ်ဆောင်ချက်များကို တရုတ်က စိတ်ဆိုး ဒေါသထွက်မည် ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

“အမေရိကန်က အိုကီနာဝါကျွန်းကို ပြန်လွဲပြောင်းပြီး နောက်ပိုင်း (၁၉၇၂) မှာ ပထမဆုံးအကြိမ် ဒီနေရာက တပ်ဖြန့်မှု ဖြစ်ပါတယ်။ ဂျပန်နယ်မြေထဲမှာ ပါဝင်တဲ့ ကျွန်းတွေကို ကာကွယ်နိုင်ရေး လုပ်ဆောင် သွားချင်ပါတယ်” ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဆန်ကာကူကျွန်းစုများ အပါအဝင် အရှေ့တရုတ်ပင်လယ်တွင်းရှိ အငြင်းပွားကျွန်းစုများ နေရာတွင် တရုတ်နိုင်ငံက ပြီးခဲ့သည့်နှစ်အတွင်း လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု စတင် တည်ထောင်ပြီးသည့် နောက်ပိုင်းမှ စတင်၍ နှစ်နိုင်ငံကြား တင်းမာမှုများ တိုးပွားလာခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံ၏ တစ်ဖက်သတ် လုပ်ဆောင်မှုများကို ဝေဖန် ပြစ်တင်ထားသည်။

No comments:

Post a Comment