Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 18, 2014

ယာဉ်မောင်း မဟုတ်သူ အုတ်စက်လုပ်သားမှ အုတ်သယ်ယာဉ်အား မောင်းနှင်ခဲ့၍ ရေကန်တွင်း ကျပြီး ကလေး(၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရ

18 April 2014

ရန်ကုန်၊ ဧပြီ ၁၈

၁၈.၄.၂၀၁၄ရက်နေ့ ၁၃၃၀အချိန်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအုပ်စု၊ ခြောက်တိုင်ကွေ့ ကျေးရွာရှိ ဦးချစ်ဦး၏ အုတ်ကွင်း၌ ယာဉ်တစ်စီး အုတ်ကျင်းရေကန်ထဲသို့ ကျကာ တိမ်းမှောက်နေ ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ကိုဇော် မောင်းနှင်သော ၆ဂ/---၊ ဖောအမျိုးအစား အပြာရောင်အုတ်သယ်ယာဉ်မှာ အလျား(၂၀၀)ပေ၊ အနံ(၁၀၀)ပေ၊ အနက်(၁၅)ပေခန့်ရှိ ရေကန်အတွင်းသို့ ကျကာ တိမ်းမှောက်နေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းစစ်ဆေးရာ ၁၂၃၀ အချိန်ခန့်က ယာဉ်မောင်း ကိုဇော် သည် အုတ်စိမ်းများတင်၍ ယာဉ်အားရပ်ကာ ထမင်းစားသွားနေစဉ် ၎င်းယာဉ်ကို အုတ်ကွင်းရှိအုတ်လုပ်သားဖြစ်သူ ကျော်ဝင်းကိုမှ တက်၍ မောင်းနှင်ရာမှ ရေကန်အတွင်းသို့ကျသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ ရေကန်အတွင်းတိမ်းမှောက်သွားစဉ် ယာဉ်ပေါ်တွင်ဆော့ကစား နေသူများဖြစ်သည့် ကလေးငယ် မစုစုမှုံ (၉)နှစ်မှာ အပေါ်နှုတ်ခမ်းပေါက်ပြဲ သွေးထွက်၊ မေးစေ့ပေါက်ပြဲ၊ ယာပါးညိုမဲပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး မသီရိကိုကို (၁၁)နှစ်နှင့် မသန်းသန်းချို (၁၄)နှစ်တို့တွင် ဖူးရောင်၊ပေါက်ပြဲ၊နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် တိုက်ကြီး မြို့နယ်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ) များအဖြစ် တက်ရောက်ကုသ လျက်ရှိပါသည်။

ယင်းကဲ့သို့ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ယာဉ်ကိုမောင်းနှင်သူ ကျော်ဝင်းကို၊ (၁၉)နှစ်၊ (ဘ)ဦးပေါက်ကြီး၊ ခြောက်တိုင်ကွေ့ကျေးရွာ၊ တိုက်ကြီးမြို့နယ် နေသူမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

Post a Comment