ချစ်စရာကောင်းသော အဘိုးကြီးတစ်ယောက်
ထောင်ထဲတွင် ကျွန်တော်နှင့် ညီအလတ်
ကိုကျော်တို့ တည်းခိုခဲ့စဉ် ညီအငယ်ဆုံး
ကိုဇွဲထံ သို့ စာအုပ်တစ်အုပ် လက်ဆောင်
ရောက်လာသည်။
ညီအစ်ကိုသုံးယောက်စလုံးအတွက် လက်ဆောင်ပေးလာသော စာအုပ်ဖြစ်၏။
ကိုဇွဲနှင့် ညီအစ်ကိုများ-သို့ စာရေးသူထံမှ ဟံသာဝတီဦးဝင်းတင် ၂၆-၃-၂ဝ၁၃ ဟူ၍ ရေးထိုးထားသည်။
အဘဦးဝင်းတင်က ကျွန်တော်တို့ မတိုင်ခင် လွတ်နှင့်နေပြီမို့ ထောင် အကြောင်းရေးထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်းရေးထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်း အမှတ်တရ တွေ့ခဲ့ပုံလေးများ ထည့်ရေးထားသဖြင့် ဖတ်စေ ချင်လို့ဟု ဆိုသည်။
မနေ့က အလွမ်းပြေပြန်ဖတ်မိလိုက်တော့ ဆို့နင့်မှုတစ်ခုကို ခံစား လိုက်ရသည်။
ဦးဝင်းတင်ပြန်ကြားရေးဌာနတွင် အရာရှိကြီးတစ်ဦးအဖြစ် မန္တလေး ၌ တာဝန်ကျစဉ်က ကျွန်တော်တို့အဘိုးက နန်းတော်ထဲသို့ဖိတ်ကာ ထမင်း ကျွေးရင်း စကားစမြည်ပြောကြကြောင်းကို လူတော်တော်များများ သိသည်။
လူသိနည်းသည်မှာ တစ်ခါက ဦးဝင်းတင်သည် အစိုးရတာဝန်တစ်ခု ဖြင့် လန်ဒန်မြို့သို့ ရောက်နေတုန်း ကျွန်တော်တို့ မိသားစုကလည်း ခရီးစဉ်တစ်ခုနှင့် ရောက်သွားသည်။ လန်ဒန်တွင် မြန်မာအရာရှိများ ခရီး ထွက်လာသည့်အခါတွင် ဈေးချိုချိုနှင့် အိမ်အပြန်လက်ဆောင်များဝယ်လေ့ ရှိသော Sheppard's Bush ဆိုသောဈေးရှိသည်။
ထိုဈေးသို့ ဦးဝင်းတင်နှင့် ဆရာကြီးတက်တိုးတို့ ရောက်နေကြချိန် သူတို့ကို လိုက်ပို့သော မြန်မာသံရုံးက အရာရှိက အဘိုးကခေါ်၍ သံရုံး ဧည့်ဂေဟာကို မြန်မြန်ပြန်လာကြဖို့ ဖုန်းဆက်လာကြောင်း ပြောသည်။ ဦးဝင်းတင်က ဖုန်းပြန်ဆက်ကာ ဟိုတယ်ပြန်ပြီး အဝတ်အစားလဲပါရစေဆို သည်ကို ကျွန်တော်တို့အဘိုးက နေပစေဟုဆို၏။
ဆရာကြီးများရောက်လာပြီးနောက် အဘိုးနှင့် မိုးလင်းခါနီးအထိ စကားပြောကြသည်။
ထူးသည်က ထိုနေ့ ဆရာတက်တိုး (ဦးအုန်းဖေ)ဝတ်လာသည့် ဝတ်စုံမှာ လေဟာပြင်ဈေးက ပြန်လာတာဖြစ်သောကြောင့် ခပ်နွမ်းနွမ်းဖြစ် နေသည်။
ထိုအချက်ကို မြင်သောအဘိုးက ''ကိုအုန်းဖေရယ်၊ ခင်ဗျားမလဲ အဝတ်ဝတ်တာ ပေစုတ်စုတ်ဖြစ်နေလိုက်တာ၊ နောက်ကို မဖြစ်တော့ဘူး၊ ကျွန်တော်တို့ဆီကလူတွေ နိုင်ငံခြားလာရင် သူများ အထင်မသေးရအောင် ဝတ်စုံကောင်းကောင်းချုပ်ပေးလိုက်မှ ဖြစ်မယ်''ဟုဆိုကာ လောလော ဆယ် ဆရာတက်တိုးအတွက် ဘိလပ်မှာ အင်္ကျီချုပ်ပေးသည်။
သို့သော် လူသားတစ်ဦးအဖြစ် ချစ်စရာကောင်းသော ဦးဝင်းတင်ကို ကား အမှန်တကယ်တွေ့ဖူးသူများကသာ သိနိုင်သည်။ ဟယ်ရီပေါ်တာ ပုံပြင်စာအုပ်များ၊Peopleကဲ့သို့သော အပျော်ဖတ်စာစောင်များကို ဖတ် တတ်သော နူးညံ့သည့်ဦးဝင်းတင်၊ သီချင်းဆိုတတ်သော ဦးဝင်းတင်ကို တွေ့ဖူးကြပါက လေးစားကြည်ညိုသည့်အပြင် ပိုချစ်ကြလိမ့်မည် ထင် သည်။
ထောင်ထဲတွင် သူနှင့် ကျွန်တော်တို့ ညီအစ်ကိုများ တစ်ဦးနှင့်တစ်ဦး စိတ်သက်သာရာရအောင် စာအကြောင်း ပေအကြောင်း ပြောခဲ့တာမျိုးများ ရှိသလို နိုင်ငံရေးအကြောင်းများကိုလည်း ဆွေးနွေးဖြစ်သည်။
သို့သော် ကျွန်တော်တင်ပြလိုသည်မှာ အဘဦးဝင်းတင်ရေးသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ထွက်လာသောအခါ ထောင်ထဲတွင် ကျန်နေသူများ အား ငဲ့ညှာစိတ်ဖြင့် သူလွတ်သည့်နေ့က မပြန်ဘူးလုပ်နေခဲ့သည်။
နံနက် ပိုင်းစောစောလွတ်ဖို့ရှိသည်ကို ညနေအထိ ပေကပ်ကာနေသွားသည့် အာဂအဘိုးကြီးပင်တည်း။ သူမသွားလိုသည့်အကြောင်းမှာ သူ့ကိုအိုနာကျိုး ကန်းအဖြစ်တော့ လွှတ်မှာကိုလက်မခံဟု ဆိုသည်။
ပြောလိုသည်မှာ အသက်ကြီးလို့ သနားစရာအဖြစ် လွှတ်ပေးတာ လက်မခံလိုသည့်သဘော ဖြစ်၏။ နိုင်ငံရေးသမားကို နိုင်ငံရေးလုပ်ဖို့ လွှတ်သင့်သူအဖြစ် သတ်မှတ် လွှတ်မှ သွားမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။
ညနေပိုင်း ဒုညွှန်ချုပ်လာတော့ ကျွန်တော်တို့နှင့် လာထိုင်နေသည်။ နှစ်ယောက်တည်း အတွေ့မခံ။ ဦးဝင်းတင်က သူ့ကိုနိုင်ငံရေးလုပ်ဖို့ လွှတ်ပါသည်ဆိုပါမှ ပြန်သွားသည်။
ကျွန်တော်တို့ သားအဖလေးယောက်ကို သက်သေထားကာ ပြောသွားမှ သူပြန်ခဲ့သည်။ နောက်ကို အကျဉ်းဦးစီး ဒုညွှန်ချုပ်က သူ့ကို မပြောပါ ဘူးဆိုလို့ မရအောင် သက်သေခံခိုင်းထားသည်မို့ အခုလို သူဆုံးချိန်တွင် ဖော်ကောင်လုပ်ကာ သက်သေလိုက်ပေးရခြင်းဖြစ်သည်။
နောက်နောင်လာ သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တို့တွင် နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်ရန်ဟု ဖော်ပြလာခြင်းမှာ ထိုအတွက်ကြောင့် ဖြစ်သည်။ အဘဦးဝင်းတင် မရစ်ခင်ကဆိုလျှင် သနားငဲ့ညှာသဖြင့်တို့ ဘာတို့လောက်သာ ကြေညာတာ ဖြစ်သည်။ ထောင်ကထွက်ပြီး အပြင် ရောက်လို့ မကြာမီ နေအိမ်အကျယ်ချုပ်ကျနေသော ကျွန်တော်တို့မိခင်ကို သူဆက်သွယ်သည်။ ဆက်သားမှတစ်ဆင့် သားအဖများ ကျန်းမာကြောင်း သတင်းပေးသည်။
အပြင်ရောက်ပြီးနောက်ပိုင်းတွင်လည်း ကျွန်တော်တို့ တွေ ထောင်ဝ်စာတွေ့ခွင့်လုံးဝမရသည့်ကိစ္စကို မကျေနပ်ကြောင်းပြောကာ အရေးဆိုရှာသည်။ သူ့စာအုပ်တွင် အမေ့ထံဆက်သွယ်ပုံကိုလည်း ကြား လူတွေ ပြဿနာမဖြစ်ရလေအောင် ဖုံးဖုံးဖိဖိ ရေးသွားရှာသည်မှာ ချစ်စရာ ကောင်းလှသည်။
အဘဦးဝင်းတင်က . . .
ယနေ့တော့ ဦးဝင်းတင်မရှိတော့ပြီ၊
သူကြိုက်သော မုန့်လေးများ ကို ကျွန်တော်သွားကန်တော့လည်း သူမစားနိုင်တော့ပြီ၊ ကျွန်တော်က တော့ အခုတိုင် သူသေသည်ဆိုသည့်အကြောင်းကို လက်မခံနိုင်သေး။
ဘောက်ထော်ဘက်ရောက်လို့ သူ့အိမ်ဝင်ဖြစ်လျှင် ပြုံးရွှင်သော မျက်နှာနှင့် ဆီးကြိုနေဦးမည်ဟု မဟုတ်မှန်းသိသော်လည်း မှတ်ထင်နေတော့သည်။
News Watch

No comments:
Post a Comment