ဆွီဇလန်နိုင်ငံမှာ
တောင်ပတ်လည်ဝန်းရံထားတဲ့ မြို့ငယ်လေးတစ်မြို့ရှိတယ်။ မြို့ငယ်လေးမှာ
သစ်သားအိမ်ကြီးတစ်အိမ်ရှိတယ်။ မှတ်တမ်းအရ ၁၇၅၄ခုနှစ်မှာ
သူကြွယ်ကြီးတစ်ဦးဟာ အဲဒီဒေသကအကောင်းဆုံးဗိသုကာဆရာကိုခေါ်ပြီး
အဲဒီအိမ်ကြီးကိုဆောက်လုပ်ခဲ့ပါတယ်။ အိမ်ကြီးကို မြို့လယ်လောက်မှာတည်ပြီး
သစ်ကတိုးပင် ၂ဝဝနဲ့ အချိန်၎နှစ်ကြာဆောက်လုပ်ခဲ့တယ်။ အိမ်ကြီးမှာ
အခန်းပေါင်း၎ဝနဲ့ ပြတင်းပေါက်ပေါင်း ၁ဝဝကျော်ပါရှိပါတယ်။
သူကြွယ်ကြီးဟာ မရိုးမဖြောင့်ဘဲရခဲ့တဲ့ငွေနဲ့ အဲဒီအိမ်ကြီးကို ဆောက်လုပ်ခဲ့လို့ထင်ပါရဲ့.. ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ခံစားခဲ့ရလို့ ဗိသုကာဆရာကို တံခါးဝထိပ်တစ်နေရာမှာ ဒီလိုစာတစ်ကြောင်း ထွင်းထုရေး သားခိုင်းခဲ့တယ်။
"ခန္ဓာကိုယ်က နောက်ဆုံးမှာမြေကြီးထဲရောက်ပြီး ပိုးမွှားပုရွတ်ဆိတ်တွေရဲ့အစာဖြစ်သွားမယ်ဆိုတာကို မမေ့ပါနဲ့"
၁၉၇၇ခုနှစ်ရောက်တော့ ပြင်သစ်ပန်းချီပညာရှင် Balthus က ဆွီဇလန်ကိုအလည် အပတ်ရောက်လာ ခဲ့တယ်။ မထင်မှတ်ဘဲ ပြင်ပလောကနဲ့အဆက်ပြတ်နေတဲ့ ဒီသစ်သားအိမ်ကြီးကို သွားတွေ့မိခဲ့တယ်။ တံခါးဝပေါ်ထွင်းထားတဲ့စာလုံးတွေကိုကြည့်ပြီး သူ့ဂျပန်ဇနီးသည်ကို "သစ်သားအိမ်ပိုင်ရှင်လို အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ငါတို့မခံစားရပေမယ့် ငါတို့ဟာ ဘဝကို အလျင်စလိုဖြတ်သန်းနေကြတဲ့ခရီးသည်တွေဆိုတာကိုတော့ မေ့ထားလို့မရဘူး" လို့ ပြောခဲ့တယ်။
အဲဒီနောက် သူခေါင်းချရာနေရာအဖြစ် အဲဒီအိမ်ကြီးကိုဝယ်ယူဖို့ သူဆုံးဖြတ်ခဲ့တယ်။
Balthusဟာ အိမ်ကြီးထဲမှာနေပြီး သူ့ဘဝသစ်ကိုဖြတ်သန်းခဲ့တယ်။ မနက်လင်းလာတာနဲ့ ပန်းချီခန်းထဲဝင်ပြီး ညနေနေဝင်ချိန်အထိ သူအလုပ်လုပ်ခဲ့တယ်။ သူ့ရဲ့ပန်းချီက ပန်းချီလောကမှာ လုဝယ်ရတဲ့ပန်းချီတွေပါ။ ပန်းချီတစ်ကားကို ဒေါ်လာသန်းကျော်တန်ဖိုးရှိပါတယ်။ ဒါပေမယ့် သူ့မှာ ပန်းချီလောကသားတွေ ရင်နာရတဲ့အကျင့်တစ်ခုရှိတယ်။ အဲတာကတော့ ဆွဲတာမကောင်းဘူးလို့ သူထင်တဲ့သူ့ပန်းချီတွေကို ဖျက်ပစ်လိုက်တတ်တာပါပဲ။
အချိန် ၁ဝနှစ် ၂ဝနှစ် ကုန်လွန်သွားခဲ့တယ်။ Balthus ဟာ အဲဒီတောင်ထဲကနေ အပြင်လောကဆီ ထွက်ကိုမထွက်တော့ဘူး။ အပြင်လောကထဲ သူမဝင်ခဲ့တော့ပေမယ့် သူနဲ့ပတ်သက်တဲ့သတင်းတွေက အပြင်လောကမှ မပြတ်ရှိနေခဲ့တယ်။ လူအများက သူ့ကိုတွေ့ချင်ခဲ့ကြတယ်။ သတင်းထောက်တွေ တစ်သိုက်ပြီးတစ်သိုက်၊ သူ့ကိုလေးစားမြတ်နိုးသူတွေ တစ်စုပြီးတစ်စု တောတောင်တွေဖြတ်ပြီး အဲဒီမြို့လေးဆီသွားရောက်ခဲ့ပေမယ့် သစ်သားအိမ်ကြီးကတော့ တံခါးပိတ်မြဲပိတ်လျက်ပဲတွေ့ခဲ့ရတယ်။
သွားရောက်တွေ့ဆုံသူတွေဟာ Balthusကို မတွေ့ခဲ့ရလို့ မကျေမနပ်မဖြစ်ခဲ့ပါဘူး။ ဒီဒဏ္ဍာရီဆန်တဲ့ သစ်သားအိမ်ကြီးကို အပြင်ကငေးကြည့်ပြီး အိမ်ကြီးထဲက အခန်းတစ်ခန်းခန်းမှာ ပဟေဠိဆန်တဲ့ပန်းချီပညာရှင်ကြီး ပန်းချီဆွဲနေမယ်ဆိုတာကို သိရရုံနဲ့တင် သူတို့ကျေနပ်ခဲ့ကြပါတယ်။ Balthusဟာ သူ့သစ်သားအိမ်ကြီးလိုပဲ ဒဏ္ဍာရီဆန်ခဲ့ပါတယ်။
၂ဝဝ၁ခုနှစ် အသက်၉၃နှစ်ပြည့်တဲ့နှစ်မှာ Balthus ကွယ်လွန်သွားခဲ့ပါတယ်။ သစ်သားအိမ်ကြီးထဲမှာပဲ လူ့လောကထဲကနေ သူထွက်သွားခဲ့ပါတယ်။ အသက်ရှင်စဉ်တုန်းက သူပြောခဲ့သလို "ကျွန်တော့်ပန်းချီကားထဲကနေ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲအတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဖြေက ကျွန်တော်မတည်မြဲခဲ့ပါဘူး"။ သူမတည်မြဲတာကို သူလုပ်နိုင်ခဲ့ပေမယ့် တခြားလူရဲ့ရင်ထဲမှာ သူ မတည်မြဲဖို့ကိုတော့ သူမလုပ်နိုင်ခဲ့ပါဘူး။ လူတချို့ကတော့ မရိုးသားတဲ့နည်းနဲ့ တခြားလူရဲ့ရင်ထဲမှာ တည်မြဲအောင်လုပ်ပေမယ့် မတည်မြဲခဲ့ကြပါဘူး။
http://en.wikipedia.org/wiki/Grand_Chalet
Readers မဂ္ဂဇင်းထဲဖတ်ခဲ့ရတာလေးပါ.. ဗဟုသုတအဖြစ် ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (March.3.2014)

No comments:
Post a Comment