CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 14, 2014
|မြန်မာအလှမယ်တွေဟာ မကြာခင်မှာ နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲတွေမှာ သရဖူဆွတ်ခူးနိုင်တော့မှာပါ|
ဖိလစ်ပိုင်အခြေစိုက် Missosology အဖွဲ့အစည်းကြီး၏ International
Correspondant ဖြစ်သူ မစ္စတာ Macoy Manlapaz နှင့် တွေ့ဆုံမေးမြန်းခြင်း
မေစနိုး -- တွေ့ဆုံမေးမြန်းသည်
နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲကြီး များကို အစဉ်စောင့်ကြည့်ပြီး အွန်လိုင်းမှ မဲအများဆုံးဆုများ၊ လူကြိုက်အများဆုံးဆုများကို ရွေးချယ် ချီးမြှင့်လေ့ရှိသည့် ဖိလစ်ပိုင်အခြေစိုက် Missosology အဖွဲ့အစည်းကြီးက မတ် ၅ ရက် တွင် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ပြီး မစ်ဆူ ပရာနေရှင်နယ် မြန်မာမယ်ခင်ဝင့်ဝါကို Missosolist’s Choice Award လာရောက် ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှာ MissGlobe Myanmar ၂၀၁၄ ကိုလည်း လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး အဆိုပါ အဖွဲ့အစည်း၏ မြန်မာမယ်များအပေါ်အမြင် နှင့် မြန်မာပရိသတ်၏ အားပေးမှုများအပေါ် အမြင်များ၊ ဖိလစ်ပိုင်မယ်များကမယ်ပြိုင်ပွဲ သရဖူများကို အများဆုံးရယူနိုင်ခြင်းအပေါ် အရှေ့တောင်အာရှ အာဆီယံဖိလစ်ပိုင် အလှမယ် အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်ပြီး ဖိလစ်ပိုင် အခြေစိုက် Missosology အဖွဲ့ အစည်းကြီး၏ International Correspondant ဖြစ်သူ မစ္စတာ Macoy Manlapaz နှင့် မေးမြန်းချက်များကို
ကောက်နုတ်ဖော်ပြပေးလိုက် ရပါသည် -
“ ဖိလစ်ပိုင်အခြေစိုက်တဲ့ Missosology အဖွဲ့ အစည်းအနေနဲ့ မြန်မာမယ်ခင်ဝင့်ဝါကို ဘယ်အချက်တွေနဲ့ စိစစ်ပြီး Missosolist’s Choice Award ကို ကိုယ်တိုင်လာရောက် ချီးမြှင့်ခဲ့တာပါလဲ။ ”
Miss Supranational အလှမယ်တွေ ထဲမှာ ဒီနှစ်မှစတင်ပြီး မစ်ဆူပရာနေရှင်နယ် အလှမယ်ခင်ဝင့်ဝါကို ပေးခဲ့တာဖြစ်ပါတယ်။ သူက သဘာဝအလှလေးနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေး ရှိတယ်။ ဒါကြောင့်လည်း ပါပါတယ်။ ဒါ့အပြင် ဘယ်လာရုစ်မှာကျင်းပတဲ့ Miss Supranational 2013 မှာလည်း သူက နောက်ဆုံးပြိုင်ပွဲ အဆင့်စာရင်းထဲပါဝင်ပြီး ဆက်လက် ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ကျွန်တော်မြင်ဖူးတဲ့ မြန်မာအလှမယ် တွေကြားထဲမှာ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ အလှမယ်တစ်ယောက်အနေနဲ့ မြင်မိပါတယ်။ သူ့ကို ရွေးချယ်ခဲ့မှုက ကျွန်တော်တို့ Missosology အဖွဲ့အစည်းရဲ့ ရွေးချယ် မှု၊ မဲပေးမှုအပါ အ၀င် မြန်မာနိုင်ငံက မြန်မာပရိသတ်တွေရဲ့ အားပေးမှု ကိုလည်း ကြည့်ပြီးမှ ဒီဆုအတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
“မြန်မာအလှမယ်တွေရဲ့ ဘာသာစကားကျွမ်းကျင်မှု၊ အလှအပ၊ အရည်အသွေးနဲ့ အခြားပရဟိတ လှုပ်ရှားမှုတွေကို ဘယ်လိုသုံးသပ်မိသလဲ။ သူတို့ရဲ့အားသာချက်နဲ့အားနည်းချက်တွေကရော
ဘာတွေဖြစ်မလဲ။”
မြန်မာနိုင်ငံအလှမယ်တွေကို ကျွန်တော် သတိအပြုမိဆုံးအချက်က ဥပမာပြောရရင် Globe Myanmar 2014 ဆိုရင် အရမ်းကို အရည် အသွေးရှိတာကို တွေ့ရတယ်။ သူတို့တစ် တွေက ကနိုင်၊ဆိုနိုင် ပြီး အရမ်းကိုထူးခြားတဲ့ တင်ဆက်မှုတွေကိုလည်း လုပ်နိုင်တယ်။ သူတို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို သူတို့ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာကို သိနားလည်အောင် ရိုးရာသီချင်းတွေ၊ ကပြဖျော်ဖြေမှုတွေကို အကောင်းဆုံးလုပ်နိုင်ကြတယ်။ သူတို့ရဲ့အလှက လုံးဝ ပြိုင်ဘက်ကင်း ပြီးတော့ အများရဲ့ချီးကျူးမှုကိုလည်း ခံရတယ်။ မြန်မာမယ်တွေရဲ့ အားသာချက်ကတော့ သူတို့က အရမ်းကို နိုးကြားတက်ကြွပြီး သင်ယူတတ်မြောက်လွယ်တဲ့သူတွေလို့ ပြောလို့ရတယ်။ သူတို့က ဘယ်နေရာကိုရောက်ရောက်၊ဘယ်အလှအပအဖွဲ့စည်းက လေ့ကျင့်ပေးပေးတတ်မြောက်လွယ်ကြတယ်။ နာခံတတ်ကြတယ်။ အဲဒါကတော့ သူတို့ရဲ့အားသာချက်ပဲ။ အခုလောလောဆယ်တော့ မြန်မာမယ်တွေရဲ့ အားနည်းချက်ကို ကျွန်တော်မတွေ့ရသေးဘူး။ ဒါပေမဲ့ သူတို့အနေနဲ့က သူတို့ကိုယ်သူတို့ လက်ရှိအနေ အထားထက် ပိုလေ့ကျင့်ဖို့လိုအပ်ပြီး သူတို့ကိုအကြံဥာဏ်ကောင်းပေးတဲ့သူတွေရဲ့စကားကို နားထောင်ပြီး
ဆောင်ရွက်ကြဖို့ပဲလိုတယ်။
“ မြန်မာနိုင်ငံက နိုင်ငံတကာအဆင့် မယ်ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်မှု နှစ်အတော်ကြာအောင် အားနည်းခဲ့တယ်။ ၂၀၁၂ လောက်ကမှ ပြန်ပြီးတော့ မယ်ပြိုင်ပွဲတွေ ပြန်ယှဉ်ပြိုင်လာခဲ့တာ ဆိုတော့ ဒီအချက်က အခုလက်ရှိ မယ်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မှုမှာ အခြားအလှမယ်တွေနဲ့ တန်းတူယှဉ်ပြိုင်နိုင် ဖို့အတွက်အားနည်းချက်
ဖြစ်နေနိုင်သလား။”
ပြောရရင်တော့ နိုင်ငံတကာအလှအပ အဖွဲ့အစည်းတွေက မြန်မာအလှမယ်
တွေအပေါ်မှာ အဆိုးအမြင်ထားတာမျိုးတွေ မရှိပါဘူး။ ဘာလို့လဲဆိုရင်
မြန်မာနိုင်ငံတစ်ခုပဲ မကြာသေးခင် နှစ်ကပြန်ပြီး မယ်ပြိုင်ပွဲတွေမှာ ချိတ်ဆက်ပါဝင် လာခဲ့တာလေ။ ကျွန်တော်တို့ဆီက ဖိလစ်ပိုင်အလှမယ် ဆိုရင် ၁၉၅၄ ခုနှစ်ကတည်းက မယ်စကြ၀ဠာပြိုင်ပွဲ နောက်ဆုံးဆန်ခါ တင်အဖြစ် ပါဝင်ခဲ့တယ်။ ကျွန်တော်တို့ဆီက ပထမဆုံး စတင် ယှဉ်ပြိုင်ချိန်ကတည်းက နောက်ဆုံးဆန်ခါတင် ၁၅ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကျန်ခဲ့တာမျိုးတွေရှိတယ်။ တကယ်တော့ ဒီအလှမယ် ပြိုင်ပွဲဆိုတာကလည်း ကစားပွဲတစ်ခုလိုပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ အစကတည်းက ပြိုင်ပွဲဝင်လှခဲ့တယ်။ မြန်မာနိုင်ငံက မယ်အဖွဲ့ အစည်းတွေကလည်း အခြားနိုင်ငံက မယ်အဖွဲ့ အစည်းတွေကို ပညာတွေ၊ လေ့ကျင့်မှုတွေ ဖလှယ်ကြဖို့ ကြိုဆိုတယ်။ ဒီအချက်က အရမ်းကိုကောင်းတဲ့ အားသာချက်တစ်ခုပါ။ မြန်မာက ဒီအချက်ကို ထိန်းသိမ်းထားသင့်တယ်လို့ ထင်ပါတယ်။
“နိုင်ငံတကာအဆင့် မယ်ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်မယ်တွေက မယ်သရဖူတွေ၊ အမြင့်ဆုံးဆုတွေကို ရသွားတာ များတယ်။ ဒီအတွက် ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ၊ ဘာကြောင့်လဲ ဆိုတာကို ပြောပြနိုင်မလား။”
ဟုတ်ပါတယ်။ ဒီလို ကျွန်တော်တို့မယ်တွေ ဒီလို နိုင်ငံတကာအဆင့် မယ်ပြိုင်ပွဲတွေကနေ သရဖူတွေ၊ ဆုတွေကို သယ်ဆောင်လာပေးနိုင်တဲ့ အတွက် အရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒါဟာ ဖိလစ်ပိုင်နိုင်ငံ တစ်ခုတည်း အနေနဲ့တင် မဟုတ်ပါဘူး။ အာဆီယံအသိုက်အ၀န်းကြီး တစ်ခုလုံးအတွက်လည်း ဂုဏ်ရှိပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အလှမယ်တွေမှာ ထူးထူးခြားခြား လျှို့ဝှက်ချက်မျိုးရှိမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ဆီက အလှမယ်တွေက ပွဲအတွက် ကြိုတင်လေ့ကျင့်ပြင် ဆင်မှုတွေ၊ လမ်းလျှောက်ပုံ၊ ရုပ်ရည်ပိုင်းပြင်ဆင်မှု၊ပြိုင်ပွဲတွင်းဖြေဆိုရမယ့်
မေးခွန်းနဲ့ အဖြေလေ့ကျင့်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိရမယ့်ပုံစံ၊ မိတ်ကပ် ပြင်ဆင်မှုကအစ အခြားနိုင်ငံကအလှမယ်တွေလိုပဲ ပြင်ဆင်
လေ့ကျင့်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွာခြားချက် တစ်ခုကတော့ ကျွန်တော်တို့ဆီက အလှမယ်တွေဆီမှာ ဘာကြောင့် သူတို့ ဖိလစ်ပိုင်အလှမယ်အဖွဲ့ အစည်းနဲ့ဆက်သွယ်ပြီး ဘာကြောင့် ပြိုင်ပွဲဝင်ရတယ်၊ ဘာကြောင့် သရဖူကို ဆွတ်ခူးချင်တယ်ဆို သူတို့ထားတဲ့ ရည်မှန်းချက်ပေါ်ထားတဲ့စိတ်ထား ပေါ်မူတည်မယ်လို့ ထင်တယ်။ သူတို့အများစုက အများအားဖြင့် မပြည့်စုံတဲ့ဘ၀တွေကလာတာ များတယ်။ ဒီတော့ သူတို့မိသားစုတွေကို သူတို့ ကူညီချင်တယ်။ ဒီဆုရရင် သူတို့ပညာရေးကိုဆက်ပြီး အဆင့်မြှင့်တက်ရောက်နိုင်မှာဖြစ်တယ် ဆိုပြီးတော့ ရည်မှန်းထားကြတာတွေ ရှိတယ်။ အခြားမယ်တွေကတော့ သူတို့နိုင်ရင် အဖွဲ့ အစည်းတွေရဲ့ သံတမန်တွေဖြစ်မယ်။ ဒါဆိုရင် သူတို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ လူမှုရေးပရဟိတ လုပ်ငန်းတွေနဲ့
အေအိုင်ဒီအက်စ်လို ရောဂါပညာ ပေးအစီအစဉ်တွေမှာအားပေးကူညီမှုတွေ
ပြုနိုင်မယ်ဆိုပြီးတော့ ရည်ရွယ်ထားတာမျိုးတွေရှိတယ်။ဒီရည်မှန်းချက်
ပေါ်မူတည်ပြီး ခံယူချက်ပြောင်းသွားတယ်လို့ ပြောနိုင်ပါတယ်။
“မြန်မာမယ်တွေနဲ့ဖိလစ်ပိုင်မယ်တွေကြားက စိတ်နေစိတ်ထား၊ ခံယူချက်၊ အရည်အသွေးနဲ့ အခြား ပရဟိတလုပ်လိုတဲ့စိတ်တွေ နှိုင်းယှဉ်ရင် ဘယ်လိုကွာဟချက်တွေ ရှိနိုင်လဲ။”
တကယ်တော့ ကျွန်တော် မြန်မာအလှမယ်နဲ့ ဖိလစ်ပိုင်အလှမယ်ကြားက ကွာခြားမှုတွေ ကို အဓိကထားပြီး မပြောလိုပါဘူး။ ဘာလို့လဲဆို တော့ သူတို့ဟာ တစ်ယောက်ချင်းအလိုက်ကို ကွာခြားမှုခံယူချက်တွေ အင်အားတွေရှိနိုင်တယ်။ တစ်ခုကတော့ သူတို့နှစ်ဦးစလုံးဟာ သဘာဝ အလှတရားတွေနဲ့ပြည့်စုံတယ်။ အရမ်း အရည် အချင်းပြည့်တယ်။ ပရဟိတလုပ်ငန်းတွေကို ဘယ်နေရာမျိုးကမဆို လုပ်ရပါစေ၊ ပျော်ပျော်ပဲ လုပ်ကြတယ်။ အခုအချိန်မှာ ပြောနိုင်တာတစ်ခု ကတော့ ဖိလစ်ပိုင်က အခြားနိုင်ငံတကာအလှ အပအဖွဲ့ အစည်းတွေနဲ့ ပိုပြီးပူးပေါင်းဆောင် ရွက်နိုင်မှုတွေ ရင်ပေါင်တန်းနိုင်မှုတွေရှိတယ်။ ဒါကလည်း မြန်မာက မယ်ပြိုင်ပွဲတွေ စတင်ဝင် ရောက်လာတဲ့အချိန်မှာ ဖိလစ်ပိုင်က အခြားအဖွဲ့ အစည်းတွေ နဲ့ပူးပေါင်း ဆောင်ရွက်မှုက ရှည်ကြာနေတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မကြာခင်မှာပဲ ဖိလစ်ပိုင်လိုပဲ အလှအပ အဖွဲ့အစည်းတွေ မယ်အဖွဲ့အစည်းတွေ ကောင်းမွန်ပြည့်စုံလာနိုင်မယ်လို့ ကျွန်တော်မျှော်မှန်းထား ပါတယ်။ မြန်မာအလှမယ်တွေဟာ မကြာခင် မှာနိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲတွေမှာ သရဖူ ဆွတ်ခူးနိုင်တော့ မယ်လို့ ကျွန်တော်ထင်ပါတယ်။
“မြန်မာအလှမယ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်မယ့်အစီအစဉ်
တွေရှိလား။”
ခုချိန်ထိတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Missosology အဖွဲ့အစည်းကြီးရဲ့ လက်အောက်အဖွဲ့ အစည်းတွေက အကူအညီ လိုတယ်ဆိုရင်တော့ ကျွန်တောတို့ အမြဲတမ်းကူညီပေးတယ်။ ကျွန်တော်တို့ ဒီနှစ် မေလအတွင်းမှာပဲ မြန်မာနိုင်ငံက Miss Golden Land Myanmar အဖွဲ့အစည်းက ကိုယ်စားပြုအလှမယ်တွေကို လေ့ကျင့်သင်ကြားပေးဖို့
ပြန်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ကျရင်လည်း ပနားမားတို့၊
ဂရိတို့ ၊ ဂျပန်တို့လို နိုင်ငံတွေမှာတောင်မှ လေ့ကျင့်သင်ကြားမှုတွေ အခြားအဖွဲ့အစည်းတွေကိုကူညီ ပေးမှုတွေကို တောင် ဆောင်ရွက်ပေးသွား ဖို့ရှိပါတယ်။
“မြန်မာမယ်တွေအပေါ် မြန်မာပရိသတ်တွေရဲ့ အားပေးမှုအနေအထားကို ဘယ်လိုသုံးသပ်မိသလဲ။ ဖိလစ်ပိုင်ပရိသတ်ရဲ့အားပေးမှုကလည်း
ပြင်းထန်တာကို တွေ့ရတယ်။ ဒီပရိသတ်တွေရဲ့ အားပေးမှုတွေကို ဘယ်လိုသုံးသပ်ချင်သလဲ။”
တကယ်တော့အားပေးမှုနှစ်ခုကြားမှာ ခြားနားမှုမရှိသလောက်ပါပဲ။ မြန်မာ ပရိသတ်နဲ့ ဖိလစ်ပိုင်ပရိသတ်တွေက အများအားဖြင့် တူကြတယ်။ သူတို့တွေက သူတို့နိုင်ငံရဲ့ ကိုယ်စားပြုကို အရမ်းကိုအားပေးပြီး အရမ်းကို ထောက်ခံမဲပေးတာမျိုးတွေ လုပ်ကြတယ်။ အထူးသဖြင့် အလှမယ်တွေဆိုရင် ပိုပြီးကောင်းတယ်။ ဘာလို့လဲဆိုရင် သူတို့က နိုင်ငံက အမျိုးသားအများစုရဲ့ ထောက်ခံမှုကို ရရှိနိုင်တယ်လေ။ တစ်ချိန်တည်းမှာပဲ ဒီလိုအားပေးမှုကပဲ နိုင်ငံကိုယ်စားပြုတွေကို အခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အကောင်းဆုံးအင်အားနဲ့ ယုံကြည်မှုကို ပေးလိုက်တာနဲ့ တူတူပဲ။
“အလှမယ်တော်တော်များများက အလှမယ်ပြိုင်ပွဲမ၀င်ခင်မှာ
နိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်ချင်လို့ လူမှုရေးလုပ်ငန်းတွေကို ပိုပြီးအားစိုက်လုပ်ချင်လို့ဆိုပြီး ပြောကြပေမယ့် ပြိုင်ပွဲကဆုရရှိပြီး
နောက်ပိုင်းမှာ သူတို့က မော်ဒယ်လ်၊ သရုပ်ဆောင်တွေဖြစ် သွားကြတာများတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်
ပြောကြားချင်ပါသလဲ။”
ကျွန်တော်တို့အားလုံး နားလည်ထားသင့်တာကသူတို့အလှမယ်တွေက လည်း လူသားတွေ ဖြစ်တယ်ဆိုတာပါပဲ။ သူတို့က ပြိုင်ပွဲဝင်ဖို့အတွက် အလှမယ်အဖွဲ့အစည်းတွေကို ဆက်သွယ်ချိန်မှာတော့ သူတို့က ပရဟိတ လုပ်ငန်းတွေကို လုပ်ချင်လို့ဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာပြီး နာမည်ကြီးလာတာနဲ့အမျှ သူတို့ကပြောင်းလဲလာကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံးနဲ့အကောင်းဆုံး
နိုင်ငံကိုယ်စားပြုမယ်ကို ရွေးချယ်နိုင်ဖို့လိုတယ်။ အချို့ကသူ့ရဲ့ပင်ကိုအလှ နဲ့ရည်ရွယ်ချက်မြင့်တယ်။ ဒါပေမဲ့ သူဘ၀တစ်ခုတည်းတိုးတက်ဖို့ကိုပဲ ကြည့်တယ်။ အချို့ကတော့ သူကပရဟိတလုပ်ငန်း တွေကိုလည်း
ဆောင်ရွက်ချင်တယ်။ သူ့ဘ၀ကိုလည်း ကောင်းကောင်းရပ်တည်ချင်တယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုတွေရှိတယ်။ ဒါဟာ သူတို့က အကောင်းမြင်ပြီး ကူညီတတ်တဲ့ ဦးဆောင်ဆောင်ရွက်သူဖြစ်နေရင် သူဟာ သရုပ်ဆောင်ဖြစ်စေ၊ မော်ဒယ်လ်ဖြစ်စေ ဒါဟာ ဒုစရိုက်တစ်ခု၊ မကောင်းတဲ့ပြစ်မှုတစ်ခုလို့ မဆိုနိုင်သေးပါဘူး။
“ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။”
ကျွန်တော့်ကို ဒီလိုအင်တာဗျူးလုပ်ပေးတဲ့ စံတော်ချိန်သတင်းစာကို အရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်ရဲ့အသိပညာဗဟုသုတတွေကို မြန်မာနိုင်ငံက အလှမယ် အဖွဲ့အစည်းတွေနဲ့ ပရိသတ်တွေသိအောင် ပြောပြခွင့်ရလို့ပါ။ မြန်မာနိုင်ငံရဲ့ ရိုးရာအလှအပနဲ့ အကြောင်းအရာတွေ အပေါ်မှာလည်း ကျွန်တော်တို့ကို လွတ်လပ်စွာ ပြောဆိုတင်ပြခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့လည်း မြန်မာနိုင်ငံက အလှမယ်တွေ နိုင်ငံတကာ အဆင့်မယ် ပြိုင်ပွဲကြီးတွေမှာ သရဖူရရှိမယ့် ရည်မှန်းချက်ရောက်အောင် မကြာခင်မှာပဲ ပိုပြီးအရည်အသွေး ပြည့်တဲ့ အလှအပအဖွဲ့အစည်းတွေဖြစ်လာအောင်လို့ ကူညီပေးသွားချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
စံတော်ချိန် နေ့စဉ်သတင်းစာ
|မြန်မာအလှမယ်တွေဟာ မကြာခင်မှာ နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲတွေမှာ သရဖူဆွတ်ခူးနိုင်တော့မှာပါ|
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment