Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 2, 2014

အာဏာပါးကွက်သား

Sunday, March 02, 2014

Written by  သန့်ဇင်စိုး

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အကျဉ်းထောင်မှ သေဒဏ်ကျ အကျဉ်းသားများကို အပြစ်ပေးရာ နေရာဖြစ်သည်။ အေးစက် တိတ်ဆိတ်လျက်ရှိသော အခန်းအတွင်းမှ လျှပ်စစ် ကုလားထိုင်သည် သေဒဏ်ကျ အကျဉ်းသားကို စောင့်နေသယောင်ပင် ရှိသည်။ ဒေါက်တာအလန်အော့သည် အဆိုပါ သေဒဏ်ပေး အခန်းကို ကြီးကြပ်ရသည့် အကျဉ်းဌာနဝန်ထမ်း ဖြစ်သည်။ ထိုနေ့က ရက်စက်သော လူသတ်မုဒိမ်းမှုကို အုပ်စုဖွဲ့ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးအား သေဒဏ်ပေးရမည့် နေ့ဖြစ်၏။

ခရစ္စတိုဖာဘာဂါ ဆိုသူသည် အသက် ၁၇ နှစ်အရွယ်က အဆိုပါ ရက်စက် ကြမ်းကြုတ်လွန်းသည့် လူသတ်မုဒိမ်းမှုတွင် ပါဝင်ခဲ့သည်မှာ အမှန်ဖြစ်ပြီး ထိုစဉ်က သူ့စိတ်ကျန်းမာရေး ဦးနှောက် အဆင့်အတန်းက အလွန်နိမ့်ကျခဲ့သည်။ သို့သော်သူသည် အမှုရင်ဆိုင်ရင်း ထောင်ထဲမှာ ၁၇ နှစ်ကျော် နေခဲ့ရသည်။ သူ့ကို သေဒဏ်ပေးသည့်နေ့က ထောင်ဝန်ထမ်း ဒေါက်တာအော့ မျက်မြင် ကြည့်နေခဲ့ရသည်။

ငယ်စဉ်က အလွန်းကြီးကျယ် ရက်စက်သော ရာဇဝတ်မှု ကျူးလွန်ခဲ့သူသည် ယခုအခါ ထောင်ထဲတွင် ပညာသင်ရင်း ဦးနှောက်လည်း ဖွံ့ဖြိုးလာခဲ့ကာ ရင့်ကျက်မှုလည်း ရှိလာပြီ ဖြစ်ကြောင်း စိတ်ပညာရှင် တစ်ဦးအနေနှင့် ဒေါက်တာအလန်အော့က သိသည်။ မှန်ပါသည်။ သူသည် အလွန်ဆိုးဝါးသော ပြစ်မှုကို ကျူးလွန်ခဲ့သည်။ ထို့အတူ သူသည် အလွန်ဆိုးဝါးသော နောင်တရမှုကိုလည်း တစ်ပြိုင်နက် ခံစားနေရသည်။

“ထိုင်ခုံကို လျှပ်စစ်လွှတ်ခါနီး နောက်ဆုံး ပြောသွားတာက-ကျွန်တော့်ကို ခွင့်လွှတ်ကြပါဗျာ-တဲ့” ဒေါက်တာ အော့က ပြန်ပြောင်း ပြောပြသည်။ ထိုအကြောင်းအရာများကို ပြန်ပြောပြတိုင်း သေဒဏ်တိုက် ဝန်ထမ်းဟောင်း ဒေါက်တာ အလန်အော့အတွက် အလွန်ပင်ပန်းရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဖြစ်အပျက်များ ဖြစ်သော်လည်း လူများကို လျှပ်စစ် ကုလားထိုင်ပေါ် ထိုင်စေပြီး ခလုတ်ဖြုတ်ရသော အလုပ်သည် သူ့စိတ်နှလုံးကို ယခုအချိန်အထိ ပင်ပန်းစေတုန်း ဖြစ်သည်။
“သူ့ကိုယ်ခန္ဓာပေါ်ကို လျှပ်စစ်ဓာတ်တွေ စီးနေတာကိုတောင် မြင်ရတယ်ဗျာ။ ခေါင်းနောက်ကို လန်ထွက်သွားပြီး နောက်တော့ ငြိမ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးမိတာကတော့ ငါနောက်ထပ် လူတစ်ယောက်တော့ ထပ်သတ်မိပြန်ပြီ ဆိုတာပါပဲ” ဟု သေဒဏ်ခန်း တာဝန်ခံဟောင်းက ခက်ခဲစွာ ပြန်လည် ပြောဆိုနေသည်။

တရားစီရင်ရေး စနစ်၏ ချမှတ်လိုက်သော အမိန့်များကို ဦးလည်မသုန် ထမ်းရွက်ခဲ့သော ဝန်ထမ်းဟောင်း ဒေါက်တာ အလန်အော့သည် ယခုအခါ အမေရိကန် ပြည်ထောင်စုမှ သေဒဏ် ပယ်ဖျက်ပေးရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးအဖြစ် ရှေ့ဆုံးတွင် အရေးဆိုနေသည်။ ဂျော်ဂျီယာထောင်တွင် ထောင်ကျန်းမာရေး ဌာန၌ ရောဂါရှာဖွေရေး ကဏ္ဍတွင် စိတ်ပညာရှင် တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာမှ ရာထူးတက်ပြီး သေဒဏ်တိုက်ကို ရောက်သွားခြင်း ဖြစ်သည်။

ဘာကြောင့် ထိုအလုပ်ကို ထွက်မပစ်သနည်းဟု မေးကြသည့်အခါ “နောက်ဆုံးတော့လည်း ကျွန်တော် ထွက်ခဲ့ပါတယ်ဗျာ” ဟု သက်ပြင်းချရင်း ပြန်ပြောပြသည်။ သူထွက်ခဲ့သည့် အချိန်က အလွန်နောက်ကျ နေခဲ့ပြီ ဖြစ်သည်။ သေဒဏ်တိုက်တွင် တာဝန်ယူခဲ့ရသော အချိန်တိုင်း၊ လျှပ်စစ်ကုလားထိုင် ခလုတ်မောင်း တင်ခဲ့ရသော အကြိမ်တိုင်းအတွက် နောင်တများနှင့် နေထိုင်ခဲ့ရသည်။

ဒေါက်တာအော့သည် ၁၉၉၅ ခုနှစ်တွင် ဂျော်ဂျီယာ၏ သေဒဏ်ဆိုင်ရာ အကျဉ်းထောင် တာဝန်ခံအဖြစ်မှ အလုပ်ထွက်ခဲ့သည်။ ထိုနောက်ပိုင်း သူကိုယ်တိုင် နှစ်သိမ့် အကြံပေးခြင်းကို အကြိမ်ကြိမ် ခံယူခဲ့ရသည်။ နောက်တော့ သူ့ဘဝကို ပြောင်းလဲစေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

အမေရိကန်ပြည်ထောင်စု တရားစီရင်ရေး စနစ်ထဲမှ သေဒဏ်ကို ပယ်ဖျက်ပေးရေးအတွက် စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ထောင်ဝန်ထမ်း များကိုလည်း သူ့လို မခံစားစေချင်တော့ သကဲ့သို့ သေဒဏ် ပေးခြင်းဖြင့်လည်း သက်ရောက်မှု မရှိဟု သူယုံကြည် လာခဲ့သောကြောင့် ဖြစ်သည်။

သို့ဖြင့် ဒေါက်တာ အလန်အော့သည် အမေရိကန် ပြည်ထောင်စုအနှံ့ ခရီးလှည့်လည်ခဲ့ကာ သေဒဏ် ပယ်ဖျက်ရေးအတွက် တောင်းဆို နေခဲ့ကြသော တက်ကြွ လှုပ်ရှားသူများနှင့်တွဲပြီး သေဒဏ် ပယ်ဖျက်ရေး ဟောပြောပွဲများ၊ လှုပ်ရှားမှုများတွင် လိုက်လံ ဆောင်ရွက် ပေးခဲ့သည်။ ကိုယ်ပိုင် အတွေ့အကြုံမျာ၊ ခံစားမှုများပါ ပါဝင်သဖြင့် ၎င်း၏ ဟောပြောချက်များ၊ သေဒဏ် ဖျက်သိမ်းသင့်ကြောင်း တောင်းဆိုချက်များက ခွန်အား ရှိသည်။

“ကျန်းမာတဲ့ လူငယ်တစ်ယောက်ကို သေဒဏ်ပေးတဲ့ အခန်းထဲခေါ်လာပြီး လျှပ်စစ် ကုလားထိုင်မှာ ချည်နှောင်ပြီး အေးအေးဆေးဆေးနဲ့ နည်းပညာသုံးပြီး သတ်ရတဲ့အလုပ်မျိုး ဘယ်လို အလုပ်မှာမှ ရှိမှာမဟုတ်ဘူး” ဟု မစ္စစ္စပီပြည်နယ် အကျဉ်းထောင်မှ ထောင်မှူးဟောင်း ဒိုနယ်ကာဗာနာကလည်း ခါးသီးသော ၎င်း၏ အတွေ့အကြုံများကို ပြောပြသည်။

မစ္စတာ အလန်အော့နှင့် အဖွဲ့သည် သေဒဏ် ပယ်ဖျက်ပေးရေး လှုပ်ရှားမှုများအတွင်း သေဒဏ်သည် လူသတ်မှုများ လျော့ပါးအောင် လုပ်ဆောင်ရာတွင် မထိရောက်ကြောင်း၊ အကုန်အကျ ပိုများနေကြောင်း၊ သေဒဏ် ပေးရာတွင်လည်း ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း စသည့် သုတေသန ပြုထားသော အချက်များကို ဟောပြောကြကာ နိုင်ငံရေးသမား များကိုလည်း ချဉ်းကပ်ပြီး သေဒဏ် ပယ်ဖျက်ပေးရေး တောင်းဆိုမှုများ ပြုလုပ်ကြသည်။

ဒေါက်တာ အလန်အော့ကို BBC ၏ ခဲရာခဲဆစ် မေးမြန်းခန်း Hardtalk အစီအစဉ်က တစ်ကြိမ်တွင် ဖိတ်ပြီး အင်တာဗျူးသည်။ အင်တာဗျူး ပြုလုပ်သူက မှတ်ချက်ပြုရာတွင် ယင်းအစီအစဉ်သို့ လာရောက် အဖြေခံကြသော နယ်ပယ်စုံမှ လူများသည် ကျဉ်းထဲကျပ်ထဲ မေးခွန်းများကို ဖြေနိုင်ရန်အတွက် ကြိုတင် ကာကွယ်ပြင်ဆင် လာခဲ့သော်လည်း ဒေါက်တာအလန်သည် အေးအေး သက်သာဖြင့် နူးနူးညံ့ညံ့သာ ဖြေသွားသည်ဟု ဆိုထားသည်။ ဒေါက်တာ အလန်အော့အဖို့ လျှပ်စစ် ကုလားထိုင်ကို ခလုတ်နှိပ်ရခြင်း သို့မဟုတ် ခလုတ်နှိပ်ရန် အမိန့်ပေးရခြင်းလောက် သူ့ဘဝတွင် ကျဉ်းထဲကျပ်ထဲ ရောက်သည့် ကာလမရှိတော့၍လောဟု ထင်စရာ ရှိသည်။ လူများစွာကို သတ်ခဲ့သဖြင့် အပြစ်မကင်းသလို ခံစားနေရသော ဒေါက်တာအော့သည် သေဒဏ် ပယ်ဖျက်ပေးရေးအတွက် သူ့ဘဝကျန်သည့် အချိန်များကို နှစ်မြှုပ်ကာ လှုပ်ရှားရင်း ရင်ထဲမှ အပြစ်မကင်းသည့် ခံစားချက်ကို ဆက်လက် သယ်ဆောင်သွားနေသည်။


The Voice

No comments:

Post a Comment