မန္တလေး၊ မတ် ၂၃
မန္တလေးမြို့တော်ရှိ တက္ကသိုလ်တက်ဆဲ လူငယ်များနှင့် ဘွဲ့ရလူငယ်များ စုစည်းထားသည့် မန္တလေးအခြေစိုက် လင်းရောင်ခြည် လူငယ်ပရဟိတ အဖွဲ့က မြို့ပေါ် လက်ဖက်ရည်ဆိုင်များတွင် အလုပ် လုပ်ကိုင်လျက်ရှိသော ကလေးလုပ်သား များကို ဧပြီလဆန်းပိုင်းမှ စတင်ကာ ရွေ့လျား စာသင်ဝိုင်းများဖြင့် စာသင်ကြားပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဦးဇော်ဇော်က ပြောကြားသည်။
အဆိုပါအဖွဲ့သည် မန္တလေးမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် အများဆုံး တည်ရှိရာ အောင်မြေသာစံနှင့် ချမ်းအေးသာစံ မြို့နယ်တို့ရှိ လက်ဖက်ရည်ဆိုင်များနှင့် ဈေးချိုဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်များမှ ကလေးလုပ်သားများကို ၎င်းတို့ သင်ယူခဲ့သည့် ပညာရေး အဆင့်အတန်းနှင့်ညီသည့် အတန်းပညာများကို သင်ကြားပေးမည် ဖြစ်ပြီး စာအုပ်စာတမ်းများကို မော်တော်ယာဉ် သို့မဟုတ် မော်တော်ဆိုင်ကယ်များဖြင့် တင်ဆောင်ပြီး လှည့်လည် သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။
ယင်းသို့ ကလေးလုပ်သားများကို စာသင်ကြားပေးရန်အတွက် လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင်များ နားလည် သဘောပေါက်စေရန် စည်းရုံးသွားမည် ဖြစ်ပြီး မြို့နယ်အလိုက် စုရပ်များ သတ်မှတ်ကာ အသင်းရှိ စာသင်ရန် ဝါသနာပါသူများက သွားရောက် သင်ကြားပေးမည် ဖြစ်သဖြင့် ယင်းအစီအစဉ် အကောင်အထည် ဖော်ရန် စာအုပ်စာတမ်းနှင့် ငွေကြေးများ စတင်စုဆောင်းနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“စာသင်မယ့်အချိန်က ကလေးတွေ အလုပ်အားတဲ့ ညနေပိုင်းနဲ့ ညပိုင်း အချိန်တွေမှာ သင်ဖို့ စီစဉ်ထားပါတယ်။ စာသင်ကြားခြင်းနဲ့အတူ စိတ်ပျော်ရွှင်စရာတွေပါ ထည့်သွင်း သင်ကြားပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ လက်ဖက်ရည်ဆိုင်များရှိ ကလေးလုပ်သားများကို စာသင်ပေးမည့် အစီအစဉ်တွင် STRONG ပရဟိတက တတ်နိုင်သည့် စာအုပ်စာတမ်းနှင့် ငွေကြေးများ ဝိုင်းဝန်းပံ့ပိုးသွားမည် ဖြစ်ကြောင်း ယင်းပရဟိတမှ တာဝန်ရှိသူ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
မန္တလေးမြို့တော် ဝန်းကျင်ရှိ ကျေးလက်ဒေသများမှ အထက်တန်း၊ အလယ်တန်း စာမေးပွဲများ ပြီးစီးချိန်တွင် ကျောင်းစရိတ် ရှာဖွေရန်အတွက် အသက် ၈ နှစ်အရွယ်မှစ၍ ၁၆ နှစ်အရွယ်အထိ ယောက်ျား ကလေးများကို မြို့ပေါ် လက်ဖက်ရည်ဆိုင်များတွင် ဝင်ရောက် အလုပ်ခိုင်းစေမှု နှစ်စဉ် ပိုများလာကြောင်း မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်ဝန်းကျင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်များက တညီတညွတ်တည်း ပြောကြားသည်။
“တောမှာ ဘာမှလုပ်စရာ မရှိဘူးလေ။ ယာကလည်း အထွက်မကောင်းတော့ မြို့ပေါ် တက်လုပ်ရတာပေါ့။ မြို့ပေါ် တက်လုပ်တော့ မိဘတွေ အတွက်လည်း အထောက်အကူ ဖြစ်စေတယ်” ဟု မန္တလေးမြို့ပေါ်သို့ တံတားဦးနယ်ဘက်ရှိ ကျေးရွာတစ်ခုမှ လာရောက် လုပ်ကိုင်သည့် အသက် ၁၃ နှစ်အရွယ် မောင်ကိုကိုက ဆိုသည်။
ယင်းအပြင် မန္တလေးမြို့တော် အခြေစိုက် လောကပါလ လူမှုကူညီရေး အသင်းကလည်း မတ်လ ၃ ရက်နေ့မှ စတင်ကာ ကလေးလုပ်သားများကို ကျောင်းပြင်ပ ပညာသင်ကြားပေးလျက် ရှိကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။
၁၉၅၁ ခုနှစ် အလုပ်ရုံများအက် ဥပဒေ ပုဒ် ၇၅ တွင် အသက် ၁၃ နှစ် မပြည့်သေးသည့် မည်သည့် ကလေးကိုမှ အလုပ်ရုံတစ်ခုခုတွင် အလုပ်မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရဟူသော တားမြစ်ချက်များ ရှိနေသဖြင့် ယင်းဥပဒေကို လက်ဖက်ရည်ဆိုင် ပိုင်ရှင်များ သတိပြုသင့်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ထောက်ပြပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ၂၀၁၃ ခုနှစ် စာရင်းများအရ မန္တလေးမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်နှင့် စည်ဘီယာဆိုင်ပေါင်း တစ်သောင်းကျော်ရှိပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်လျှင် အနည်းဆုံး ကလေးလုပ်သား သုံးဦးမှ လေးဦးအထိ ရှိသည်။

No comments:
Post a Comment