Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

မော်လမြိုင်မြို့၌ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်၍ ငါးနှစ် အရစ်ကျစနစ်ဖြင့် ဝန်ထမ်းများအား ရောင်းချပေးမည်

မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် (၉) ဧက၌သီရိမင်္ဂလာ တန်ဖိုး နည်း အိမ် ရာအား ငါးနှစ် အရစ်ကျဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများမှ အသက် ၅၅ နှစ် အထက်ရှိပြီး ဝန်ထမ်း လုပ်သက် ၃ဝ နှစ် အထက် ရှိသူများကို ပထမ ဦးစားပေးပြီး လုပ်သက် ၂၅ နှစ်မှ ၃ဝ နှစ် အထိကို ဒုတိယ ဦးစားပေး စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
၎င်းသီရိမင်္ဂလာအိမ်ရာ စီမံကိန်းကို ပထမအဆင့် အနေဖြင့် မြေနှစ်ဧကပေါ်တွင် ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ငါးလုံးအား တည်ဆောက်မည်ဖြစ်၍ အခန်းပေါင်း ၁၆ဝ အား ရောင်းချပေးမည် ဖြစ်သည်။ တိုက်ခန်း တစ်ခန်းလျှင် အကျယ်အဝန်း စတုရန်းပေ ၆ဝဝ ရှိပြီး အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်းနှင့် သန့်စင်ခန်းတို့ ပါရှိပြီး ရေ၊ မီး ၂၄ နာရီ ရရှိမည် ဖြစ်သည်။
၎င်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် သိန်း ၁၃ဝ၊ ဒုတိယထပ် ငွေကျပ် ၁၂၅ သိန်း၊ တတိယထပ် ငွေကျပ်သိန်း ၁၂ဝ၊ စတုတ္ထထပ် ငွေကျပ် ၁၁၅ သိန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ပထမအရစ် ပေးသွင်းမှု အဖြစ် ငွေကျပ် သိန်း ၄ဝ အား တစ်ကြိမ်လျှင် ငွေကျပ်သိန်း ၂ဝ နှုန်းဖြင့် နှစ်ကြိမ်ခွဲ၍ ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေများကို ငါးနှစ်အတွင်း တစ်လလျှင် ငွေကျပ် တစ်သိန်း လေးသောင်း နှုန်းဖြင့် လစဉ် ပေးသွင်းရမည် ဖြစ်သည်။ လျှောက်လွှာများကို မတ် ၁ ရက်မှစ၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည် ဖြစ်ပြီး တန်ဖိုးနည်း အိမ်ရာများကို သီရိမင်္ဂလာ ရပ်ကွက်၌ ဆောက်လုပ်သဖြင့် သီရိမင်္ဂလာ ရပ်ကွက်နေ အိမ်ရာမရှိသည့် ပြည်သူ ၃၂ ဦးအားလည်း ထည့်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတန်ဖိုးနည်းအိမ်ရာ ရောင်းချရာတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ၊ ကိုယ်ပိုင်နေအိမ် ခြံမြေမရှိသူများ ဖြစ်ရမည်။ နိုင်ငံတော် အစိုးရမှ ချထားပေးသည့် မြေကွက် ရရှိထားသူများ မဖြစ်စေရ၊ နေအိမ် တိုက်ခန်းအား ဝယ်ယူပြီးပါက ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ၍ မရကြောင်း၊ မြေညီထပ် အခန်းများအား မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများနှင့် ပတ်သက်၍ ရာထူးကြီးငယ် အပေါ် ဦးစားပေးမည် မဟုတ်ဘဲ လုပ်သက်ကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး ဆောက်လုပ်သည့် အခန်း ၁၆ဝ ကို လက်ရှိ ဝန်ထမ်းမိသားစုများ သို့ ရောင်းချပေးပြီး လျှောက် လွှာ အနည်းအများပေါ် မူတည်၍ ကျန်ရှိသည့် မြေခုနစ်ဧကတွင်လည်း ထပ်မံ ဆောက်လုပ် သွားမည် ဖြစ်သည်။
ယခု ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂ဝ၁၄ ခုနှစ် မတ် ၁ ရက်မှ စတင်၍ ၂ဝ၁၅ ခုနှစ် မတ်လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောကြားခဲ့ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment