Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 22, 2014

သံလွင်မြစ်ကမ်းဘေးက ကိုရီးယား အိမ်မက်များ

Written by  နီနီမြင့်

သောင်တွေထွန်းနေတဲ့ သံလွင်မြစ်ကမ်းနားက လယ်တဲလေး တစ်ခု။ အဲဒီပေါ်မှာတော့ အသက် ၆၃ နှစ် ကနေ ၇၂ နှစ်အရွယ် လူကြီးလေးယောက်က အနားမှာရှိတဲ့ ဆင်တောင်ကိုကျောပေးပြီး ထိုင်နေလေရဲ့။ တချို့က ကရင်အမျိုးသားနဲ့ တူသလို၊ တချို့ကတော့ သိပ်မတူလှ။ သို့ပေမယ့် သူတို့ အားလုံးမှာ တူညီတဲ့ အရာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ သားသမီးတွေ ကိုယ်စီရှိနေကြတယ် ဆိုတာပါပဲ။
“သားက တောင်ကိုရီးယားရောက်တာ လေးနှစ်ရှိပြီ။ တစ်လ ဆယ်သိန်း ပြန်ပို့တယ်။ သမီးကတော့ ဘန် ကောက်မှာလေ။ အိမ်ထောင်တောင်ကျနေပြီ”လို့ ပြုံးရင်း စကားပြောတတ်တဲ့ ဦးကျော်ငြိမ်းက ဆိုပါတယ်။ အသက် ၂၄နှစ် အရွယ်သားက ကိုရီးယားစကားသင်ပြီး အလုပ်သွားရောက် လုပ်ကိုင်ခဲ့တာဖြစ်လို့ အလုပ်အကိုင် အဆင်ပြေကြောင်းနဲ့ ရွာမှာဆိုရင် လယ်လုပ်တာကလွဲလို့ ကြီးကြီးမားမား ၀င်ငွေမရှိလို့ ရပ်တည် ဖို့ခက်ခဲကြောင်းလည်း သူကပြောပါတယ်။
ဘားအံမြို့ကနေ ခြောက်မိုင်ခွဲလောက် အကွာအဝေးမှာရှိတဲ့ သံလွင်မြစ်ကမ်းဘေးက ကော့ကူး ကျေးရွာ ကလေးပါ။ ဘားအံ-ဖာပွန်လမ်းမပေါ်ကနေ ဖုန်ထူတဲ့ မြေနီလမ်းကို မိနစ်၂၀ လောက် ကားမောင်းရင် ရောက်ရှိနိုင်တဲ့ ရွာလေးပါ။ လူဦးရေ ၁,၄၈၁ ဦးရှိပြီး အိမ်ခြေ ၂၃၇ လုံး ရှိပါတယ်။ ရွာမှာနေတဲ့ လူငယ် အများစုဟာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင် ကြပါ တယ်။
“ထိုင်းထက်စာရင် တောင်ကိုရီးယားက လစာ ပိုများတယ်လေ။ ကိုရီးယားစကားကို ရန်ကုန်မှာ သွားသင် ကြတယ်။ ဘားအံမှာလည်း သင်လို့ရတယ်။ ဘားအံက ဘုန်းကြီးတစ်ပါးက စာသင်ဖို့၊ လုပ်ငန်းခွင်နဲ့ ပတ် သက်လို့ အချိတ်အဆက်လုပ်ဖို့ ကူညီပေးတယ်” လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။
ကော့ကူးရွာကနေ တောင်ကိုရီးယားကို အလုပ်သွားလုပ်နေတဲ့ လူငယ်ဦးရေ အတိအကျ စာရင်း မရှိပေ မယ့် ဆယ်ယောက်နဲ့ ဆယ့်ငါးယောက်ကြားမှာ ရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ကိုရီးယားဘာ သာစကား စာမေးပွဲဖြေပြီးလို့ အလုပ်ခေါ်စာ စောင့်နေတဲ့လူငယ်တွေလည်း ဆယ်ယောက်လောက် ရှိပါ တယ်တဲ့။ ဒီအထဲမှာ အသက် ၂၁ နှစ်အရွယ် စောသိန်းဇော်ဝင်းလည်း ပါ,ပါတယ်။ “လယ် လုပ်တယ်၊ မြေ ပဲစိုက်တယ်။ ဒီနှစ်ဆို အရင်းတောင် မရဘူး။ ရာသီဥတု မကောင်းလို့။ ဒါ့ကြောင့် နိုင်ငံခြား သွားတာ” လို့ သူက ဆိုပါတယ်။
အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်းနဲ့ အာဆင်နယ် ဘောလုံးအသင်းအကျီကို ၀တ်ထားတဲ့ စောသိန်းဇော် ၀င်းက ၂၀၁၂ သြဂုတ်လကတည်းက ကိုရီးယားဘာသာ စာမေးပွဲဖြေပြီး အောင်မြင်ခဲ့လို့ ကိုရီးယားကို အလုပ်သွားလုပ်ဖို့ စောင့်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။
“စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ အလုပ်ကို လျှောက်ခဲ့တယ်။ ဒီနှစ် သြဂုတ်လဆိုရင် ကိုရီးယားဘာသာ စကား စာမေးပွဲ ဖြေထားတဲ့ သက်တမ်းက ကုန်တော့မယ်။ အဲဒါ မကုန်ခင် မသွားဖြစ်မှာ စိုးရိမ်နေတယ်” လို့ သူကပြောပါတယ်။ ရန်ကုန်မှာ ကိုရီးယားဘာသာစကား သင်တန်းကို သွားတက်ဖို့ စားစရိတ်၊ လမ်း စရိတ်၊ အသုံးစရိတ်တွေနဲ့ပဲ မြန်မာငွေ သိန်း ၂၀ လောက်လည်း အကုန်အကျ ခံထားတယ်လို့ စောသိန်း ဇော်ဝင်းက ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ် စောကနိုင်စော ကတော့ ဧပြီလ ၂၈ ရက်ဆိုရင် တောင်ကိုရီးယားကို အလုပ်သွားရောက် လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။
“ကုန်ထုတ်ဓာတုနဲ့ ပတ်သက်ပြီး လုပ်ရမှာ။ ဒီမှာနေလည်း ၀င်ငွေက မရဘူးလေ” လို့ သူကပြောပါတယ်။
ထိုင်းနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ်က လူငယ်တွေအတွက် မြန်မာနိုင်ငံထက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ရှေ့ပြေးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အိမ်ဖော်၊ စားသောက်ဆိုင်၊ စက်ရုံစတာတွေမှာ အလုပ် သွားလုပ်ခဲ့ကြတာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး အဲဒီနိုင်ငံသားနဲ့ အိမ်ထောင်ကျခဲ့တဲ့ ကရင် အမျိုး သား၊ အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ကော့ကူးရွာက ဦးရွှေမောင်းလည်း တစ် ဦး အပါအ၀င် ဖြစ်ပါတယ်။
“သမီးက အဲဒီမှာပဲ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးမှ တစ်ခါမှ ပြန်မလာဘူး။ သူဖုန်းဆက်လည်း သူ့အမေပဲ ကိုင်တယ်။ အဘတော့ သွားမကိုင်ဘူး။ စီးပွားရေး အဆင်မပြေတဲ့အခါတော့ သားသမီးတွေကို လွှတ်ရတာပဲ။ ဒီမှာတော့ အဘနဲ့အဘ အမျိုးသမီးပဲ ရှိတယ်။ သူတို့ ပြန်ပို့တဲ့ ဟာနဲ့ စားလောက်ရုံပေါ့” လို့ သူက ဆိုပါတယ်။
လယ်ဧက စုစုပေါင်း ၁,၀၀၀ ခန့်ရှိတဲ့ အဲဒီရွာမှာ မိုးဆိုရင် စပါး၊ နွေဆိုမြေပဲနဲ့ ကိုင်းသီးနှံတွေ စိုက်ပျိုးလေ့ ရှိပါတယ်။ သံလွင် မြစ်ရေတက်ရင် စိုက်ပျိုးမြေဧက ဆုံးရှုံးတာနဲ့၊ ရာသီဥတု မမှန်ရင် မြေပဲ အထွက်နှုန်း လျော့ကျတတ်တာကြောင့် ၀င်ငွေ ကောင်းလှတယ် မရှိပါဘူးလို့လည်း ဒေသခံဦးကြီးတွေက ဆိုပါတယ်။
“သွပ်မိုးထားတဲ့အိမ်တွေ ကြည့်လိုက်၊ အဲဒါနိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ ပြန်ပို့တဲ့ပိုက်ဆံနဲ့ လုပ်ထားတာ။ အိမ်တိုင်းနီးပါးမှာရှိတဲ့ လူငယ်တွေက အနည်းဆုံး ဘန်ကောက်မှာတော့ သွားလုပ်တယ်။ သားသမီး နည်းတဲ့ လူတွေလောက်ပဲ အတူနေကြတယ်” လို့လည်း သူတို့က တညီတညွှတ်တည်း ဆိုပါတယ်။
အလုပ်အကိုင်ရှားပါးမှု ပြဿနာ၊  ၀င်ငွေနည်းပါးမှုပြဿနာတွေကြောင့် မြန်မာနိုင်ငံက အနှံ့အပြားက လူငယ်တွေ ဟာ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာ မဆန်းလှပါဘူး။ အထူးသဖြင့် ထိုင်းနဲ့ နယ်စပ်ချင်းနီးတဲ့ ဘားအံလိုနေရာမျိုးမှာ ကော့ကရိတ်၊ မြ၀တီက တစ်ဆင့် မဲဆောက်၊ ဘန်ကောက်တွေမှာ အလုပ်သွားလုပ်တဲ့ လူတွေဟာ အိမ်တိုင်းနီးပါး ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ အစိုးရက ကရင်ပြည်နယ်အတွင်းမှာ စက်မှုဇုန် ဖော်ထုတ်ပေးပြီး စက်ရုံ၊ အလုပ်ရုံတွေကို တည်ဆောက်ပေးပေမယ့် ဒါဟာ ဒေသခံတွေရဲ့ ကျွမ်းကျင်မှုနဲ့ကိုက်ညီပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုစေမယ့် အလုပ်မျိုးတွေ မဟုတ်ဘူးလို့ ကရင်သဘာဝ ပတ်ဝန်းကျင် နဲ့ လူမှုကွန် ရက်အဖွဲ့က ကိုစောသာဘိုးက ပြောပါတယ်။
“စက်ရုံထောင်တယ် ပြောတယ်။ စက်ရုံမှာ တစ်နေ့ သုံးထောင်လေးထောင်လောက်ပဲ အများဆုံးရတယ်။ ထိုင်းဘက်မှာဆို ၇၀၀၀၊ ၈၀၀၀ လောက် ရတယ်။ ဒီတော့ ဒီစက်ရုံတွေမှာ အလုပ်လာလုပ်တဲ့ သူတွေက တခြားနယ် (ဥပမာ-ဖြူးတို့၊ ဧရာဝတီတိုင်းတို့) ဘက်တွေက ဖြစ်တယ်။ ဒေသခံတွေကတော့ နိုင်ငံခြားကို ထွက်နေတုန်း” လို့ သူက ဆိုပါတယ်။
ရေမြေတောတောင်၊ သဘာဝ ပတ်ဝန်းကျင်လှပတဲ့ ကရင်ပြည်နယ်အတွက် Eco Tourism လုပ်ငန်းစီမံ ကိန်းတွေ လုပ်ဆောင်နိုင်ရင် ဒေသခံတွေအတွက် ၀င်ငွေကောင်းနိုင်တဲ့ အလုပ်တွေ ပေါ်ထွက်လာနိုင် တယ်လို့လည်း သူက ပြောပါသေးတယ်။
ဝင်ငွေကောင်းတဲ့ အလုပ်တွေကြောင့် လက်ရှိနိုင်ငံခြားကို ရောက်နေသူတွေရော၊ သွားမည့်သူတွေရော အားလုံးမှာလည်း တူညီတဲ့ ဆန္ဒအိပ်မက်တွေက တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ သူတို့ဟာတစ်ချိန် ကျရင် မိမိနေရပ်ကိုပြန်လာပြီး ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုတာပါပဲ။ ကျန်ခဲ့တဲ့မိသားစုဝင်တွေမှာလည်း ရရှိလာမယ့် ၀င်ငွေနဲ့ ရည်မှန်းချက် ကိုယ်စီ ရှိနေပါတယ်။
“နိုင်ငံခြားသွားလုပ်တဲ့လူတွေ များလာရင် သူတို့ပေးတဲ့ ပိုက်ဆံလေးတွေကိုစုပြီး ကျေးရွာမှာ စာကြည့်တိုက် ဖွင့်ချင်တယ်။ ရွာမှာ မီးစက်ထားချင်တယ်။ ဒါကလည်း ဦးလေးတို့ ဆန္ဒတစ်ခုပဲ။ ခုတော့ ကိုယ့်မိသားစုအတွက်ပဲ ကိုယ်စုနေရသေးတယ်” လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။
Mizzima

No comments:

Post a Comment