Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 9, 2014

ဒို့မြန်မာ လူမှုကွန်ရက်ကို တည်ထောင်သူ ဦးအောင်ကျော်ဟိန်းနှင့် တွေ့ဆုံခြင်း

မြန်မာ လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ “ဒို့မြန်မာ” ကို ဦးဆောင် တည်ထောင်ခဲ့တဲ့ ကိုအောင်ကျော်ဟိန်းနဲ့ တွေ့ဆုံပြီး ဒို့မြန်မာ လူမှုကွန်ရက်ကို စတင်တည်ထောင်ဖို့ စိတ်ကူးရခဲ့ပုံ၊... လုပ်ငန်း စတင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အခြား လူမှုကွန်ရက် တွေနဲ့ “ဒို့မြန်မာ” နဲ့ မတူတဲ့ အချက်လေးတွေကို မေးပေးထားပါတယ်။

Voice : ကိုအောင်ကျော်ဟိန်းရဲ့ ပညာရေးဖြတ်သန်းမှု သမိုင်းကြောင်းကနေ စပြီးပြောပြပေးပါဦး။

AKH : ကျွန်တော်က မြန်မာနိုင်ငံမှာ ဆယ်တန်းအထိ ကျောင်းတက် ခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ စင်ကာပူ နိုင်ငံမှာ Poly သွားတက်တယ်။ Poly အောင်တော့ အင်္ဂလန်က University Of Portsmouth မှာ ဆက်လက်ပညာ သင်ကြားခဲ့ပါတယ်။ အဲဒီကနေ ကျောင်းပြီးတော့ စင်ကာပူမှာရှိတဲ့ National University Of Singapore မှာ မာစတာဘွဲ့အတွက် ကျွန်တော် ဆက်တက်ခဲ့ပါတယ်။

Voice : အစ်ကို ကျင်လည်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်း နယ်ပယ်တွေကို ပြောပြပေးပါဦး။

AKH : ကျွန်တော် ကျောင်းပြီးကတည်းက IT နည်းပညာလောကမှာ ကျင်လည်ခဲ့ပါတယ်။ ကျွန်တော်က ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေမှာ ရှိတဲ့ IT ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ Solfware ပိုင်း၊ Data Center ပိုင်းနဲ့ Network ပိုင်းတွေမှာ IT မန်နေဂျာ အနေနဲ့ ကျွန်တော် ဆောင်ရွက်ခဲ့ပါတယ်။

Voice : ဒို့မြန်မာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာလဲ။

AKH : မြန်မာပြည် ပွင့်လင်းလာတဲ့အခါမှာ ပြည်ပနိုင်ငံတွေက နည်းပညာ ကုမ္ပဏီတွေ ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ခံစားချက် တစ်ခုရှိပါတယ်။ ငါတို့မြန်မာ လူမျိုးတွေထဲမှာလည်း အရည်အချင်းရှိတဲ့ သူတွေရှိရဲ့သားနဲ့ တခြားနိုင်ငံက လူတွေလာပြီး ကြီးစိုးတာကို ဘာကြောင့် ခွင့်ပြုရမှာလဲလို့ ကျွန်တော် တွေးမိပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေစုပြီး သူများနိုင်ငံက သူတွေကတော့ နည်းပညာ နယ်ပယ်မှာ လက်ဦးမှုရအောင် လာလုပ်နေကြပြီ၊ ငါတို့လည်း တစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး တိုင်ပင်ကြတယ်။ ၂၀၁၁ ခုနှစ်လောက်မှာ ကတည်းက ကျွန်တော်ဒို့မြန်မာ လူမှုကွန်ရက်ကို စပြီးစမ်းသပ်နေပါပြီ။ တကယ်တမ်း စသုံးနိုင်တာကတော့ ကျွန်တော့်သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ပါ။ အဲဒီနေ့မှာစပြီး ဒို့မြန်မာ လူမှုကွန်ရက်လေးက ရုပ်လုံး စပေါ်ခဲ့ပါတယ်။ တကယ်တော့ ဒို့မြန်မာကို ပုံဖော်တဲ့နေရာမှာ အသုံးပြုရတဲ့ နည်းပညာပိုင်းတွေက ဘာမှမခက်ခဲပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ မသိသူကျော်သွား၊ သိသူဖော်စားလို့ ပြောရမှာပေါ့။

၂၀၁၄ ခုနှစ် ဇန်နဝါရီလကနေစပြီး ဒို့မြန်မာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်အတွက် မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ပြီး တရားဝင် စတင်လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာဖြစ်တဲ့ အကြောင်းရင်းကလည်း ကျွန်တော် နိုင်ငံခြားမှာနေပြီး ဒို့မြန်မာ လူမှုကွန်ရက်ကို စမ်းသပ်နေတုန်းမှာ ကျွန်တော်တို့ နိုင်ငံကို ပြည်ပကုမ္ပဏီတစ်ခု ဝင်လာပြီး လူမှုကွန်ရက်တစ်ခု အကောင်အထည် ဖော်ဖို့ ကြိုးစားတာကို တွေ့ရတယ်။ သူတို့က မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူမှုကွန်ရက်ကို လုပ်နိုင်တဲ့သူ မရှိလို့ လာလုပ် ရတာပါလို့ ပြောတာကို ကြားရတော့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ကျွန်တော် မခံနိုင်ဘူး။ အဲဒါနဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် တိုင်ပင်တယ်။ မြန်မာပြည်ကို ပြန်လာပြီး ဒို့မြန်မာ လူမှုကွန်ရက်ကို လုပ်ငန်းတစ်ခု အနေနဲ့လုပ်ဖို့ ငွေရေးကြေးရေးပိုင်းက အတိုင်းအတာ တစ်ခုအထိ လိုအပ်တာတော့ မှန်တယ်။ ဒါပေမဲ့ ငါတို့အားလုံး ပထမဆုံး သုံးလေးနှစ်လောက် စပြီး ကြိုးစား ကြည့်ရအောင်လို့ တိုင်ပင်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာပါ။

Voice : မြန်မာနိုင်ငံရဲ့ နည်းပညာ နယ်ပယ်က အရမ်းကြီး မတိုးတက်သေးဘူးလေ။ ဒို့မြန်မာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကို တည်ထောင်တဲ့ နေရာမှာ ပြည်ပက ရင်းနှီး မြှုပ်နှံသူတွေလည်း ပါနေတာကို တွေ့ရတော့ သူတို့ ဒီနိုင်ငံရဲ့ နည်းပညာ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ချင်လာအောင် အစ်ကို ဘယ်လို ဆွဲဆောင်ခဲ့ရလဲ။

AKH : ဒို့မြန်မာ ဝက်ဘ်ဆိုက်ကို ဒီပြန်လာပြီး တရားဝင် တည်ထောင် လုပ်ကိုင်ဖို့အတွက် ကျွန်တော် ကျင်လည်နေတဲ့ ပြည်ပနိုင်ငံ IT နည်းပညာ နယ်ပယ်က သူတွေနဲ့ စကားပြောကြည့်တဲ့အခါ သူတို့က ကျွန်တော့်ကို ဒါကို မြန်မာနိုင်ငံမှာ ပြန်သွားလုပ်ရင် အောင်မြင် နိုင်ပါ့မလား၊ ဘယ်အခြေအနေအထိ ရောက်နိုင်လဲဆိုပြီး မေးခွန်းတွေ အမျိုးမျိုး ထုတ်ကြပါတယ်။ တချို့ညတွေမှာဆို ဒါနဲ့ ပတ်သက်ပြီး အတွေးတွေနဲ့ ချာချာ လည်နေတဲ့အတွက် မနက်သုံးနာရီ ထိုးတဲ့အထိ မအိပ်နိုင်ခဲ့တဲ့ ညတွေလည်း ရှိခဲ့ပါတယ်။ အခုဒီမှာ ကျွန်တော်နဲ့ လက်တွဲ ပူးပေါင်းမယ့် ပြည်ပက ရင်းနှီးမြှုပ်နှံသူနှစ်ဦးက ကျွန်တော့်ရဲ့ ပညာရေးပိုင်းနဲ့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြင်းပြတဲ့ စိတ်ဓာတ်ကို ကြိုက်တဲ့အတွက် ပူးပေါင်းခဲ့တာပါလို့ ပြောပါတယ်။
ကျွန်တော်တို့ ဒို့မြန်မာ လူမှုကွန်ရက်ကို ဝိုင်းဝန်း ပုံဖော်နေတဲ့ သူတွေထဲက ကိုမင်းဇင်ဦးဆိုရင် ဆရာဝန် တစ်ယောက်ပါ။ နိုင်ငံခြားကနေလည်း ဆေးပညာနဲ့ ပတ်သက်ပြီး Ph.D ဘွဲ့ ရထားပါတယ်။ သူက ကျွန်တော်တို့ ဝက်ဘ်ဆိုက်အတွက် Public Media ပိုင်းကို တာဝန်ယူထားပါတယ်။ နည်းပညာပိုင်းကို တာဝန်ယူထားတဲ့ ကိုသန်းထိုက်တို့၊ နှင်းနှင်းတို့ ဆိုလည်း စင်ကာပူမှာ လုပ်နေတဲ့ အလုပ်ကနေ ထွက်ပြီး ဒီကို ပြန်လာခဲ့ကြတာပါ။ ဒီကစာနယ်ဇင်း လောကမှာ လုပ်နေတဲ့ ပုဂ္ဂိုလ်အချို့လည်း ကျွန်တော်တို့ ကုမ္ပဏီမှာ ပါပါတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ကတော့ စင်ကာပူက စီးပွားရေး လုပ်ငန်းရှင် အချို့နဲ့ ကျွန်တော် ကျောင်းတက်ခဲ့တဲ့ NUS က ပါမောက္ခ တစ်ယောက်လည်း ပါပါတယ်။ သူတို့က ကျွန်တော့်လုပ်ငန်းရဲ့ တန်ကြေးကို စင်ကာပူဒေါ်လာ ငါးသိန်း သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံ ပေးထားကြတာပါ။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ပါပေမယ့် ကျွန်တော်က ရှယ်ယာ အများဆုံးသူ တစ်ယောက်အနေနဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ ကိစ္စအဝဝကို ဦးဆောင် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။

Voice : မြန်မာနိုင်ငံမှာက Facebook လူမှုကွန်ရက်ကို လူတော်တော်များများက သုံးနေကြတယ်။ ဒို့မြန်မာမှာက Facebook နဲ့မတူတဲ့ ဘယ်လို အားသာချက်တွေပါလဲ။

AKH : ဒို့မြန်မာမှာလည်း Facebook မှာ လုပ်လို့ရတဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံး ပါနိုင်အောင် ကျွန်တော်တို့ ကြိုးစားထားပါတယ်။ Facebook မှာ လုပ်လို့ရတဲ့ စာတင်တာ၊ ဓာတ်ပုံတင်တာ၊ အချင်းချင်း စာတွေ ဓာတ်ပုံတွေ မျှဝေတာမျိုးတွေ အားလုံး ဒို့မြန်မာမှာလည်း လုပ်လို့ရပါတယ်။ Facebook နဲ့မတူတဲ့ ထူးခြားချက်က သူငယ်ချင်းချင်း Comment တွေပေးတာမျိုး၊ စာတွေပုံတွေ တင်တာမျိုးတွေအတွက် တစ်ကြိမ်လုပ်ရင် အမှတ်တစ်မှတ် ရပါတယ်။ အဲဒီရတဲ့ အမှတ်တွေကို သူငယ်ချင်း အချင်းချင်းလည်း လက်ဆောင် ပြန်ပေးလို့ ရပါတယ်။ ဒို့မြန်မာ တည်ထောင်ပြီး အချိန် အတိုင်းအတာ တစ်ခု ကြာတဲ့အခါမှာ Online Store လေးတစ်ခု ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ အဲ့ဒီအခါမှာ ကိုယ်ရထားတဲ့ အမှတ်လေးတွေနဲ့ အခမဲ့ ဈေးဝယ်လို့ ရမှာပါ။

Voice : ပြည်ပမှာ အလုပ်အကိုင် ကောင်းကောင်း တစ်ခုလည်း ရှိပြီး၊ အခြေတကျလည်း ဖြစ်နေပြီးမှ မြန်မာနိုင်ငံ ပြန်လာပြီး ဒို့မြန်မာ လူမှုကွန်ရက်ကို တည်ထောင် ဖြစ်တာက ဆက်သွယ်ရေးကဏ္ဍရဲ့ ပြောင်းလဲမှုတွေကြောင့်လား။

AKH : အဲဒါလည်း ဆိုင်တော့ ဆိုင်ပါတယ်။ ဒီလုပ်ငန်းတွေက ဆက်သွယ်ရေး မကောင်းရင် လုပ်ဖို့ အဆင်မပြေဘူးလေ။ အခုဆို ဆက်သွယ်ရေး ကဏ္ဍမှာ အော်ရီဒူးတို့၊ တယ်လီနောတို့လို ပြည်ပ ကုမ္ပဏီတွေကလည်း လုပ်ငန်း စကြတော့မှာဆိုတော့ မကြာခင် အင်တာနက် သုံးစွဲသူတွေ များလာတော့မှာလေ။ ကျွန်တော့် အနေနဲ့ ပြောချင်တာကတော့ မြန်မာလူမျိုး အချင်းချင်း ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေရဲ့ လူမှုကွန်ရက်ကို အားပေးမှ ဒါက ကမ္ဘာကို ပျံ့နှံ့မှာပါ။

Voice : ဒို့မြန်မာ လူမှုကွန်ရက်နဲ့ ပတ်သက်ပြီး အစ်ကို့ဘက်က ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

AKH : ဒို့မြန်မာ လူမှုကွန်ရက်ကို ရည်ရွယ်ချက် သုံးချက်နဲ့ ကျွန်တော် တည်ထောင်ခဲ့တာပါ။ ပထမအချက်က မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍမှာ တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီဖို့နဲ့ နောင်လာနောက်သား လူငယ်တွေကို နည်းပညာ ဖြန့်ဝေပေးဖို့ပါ။ နည်းပညာပိုင်းနဲ့ ပတ်သက် ပြီးတော့လည်း ကိုယ့်နိုင်ငံသားတွေအတွက် တကယ် အသုံးဝင်မယ့် နည်းပညာမျိုး ဖြစ်ဖို့ ကျွန်တော်တို့ အဓိက ထားပါတယ်။ နောက်တစ်ချက်က နိုင်ငံ တော်တော်များများမှာ Facebook အပြင် သူတို့ကိုယ်ပိုင် လူမှုကွန်ရက်လေးတွေ ရှိကြပါတယ်။ ကိုယ်ပိုင် လူမှုကွန်ရက် လေးတွေကို သုံးစွဲခြင်းဖြင့် နိုင်ငံသား အချင်းချင်း မိမိတို့ ဘာသာစကားနဲ့ လွတ်လပ်စွာ ပြောဆို ဆက်ဆံနိုင်ကြသလို ကိုယ့်ရဲ့ ကိုယ်ရေး သတင်းအချက်အလက်တွေကို တခြား နိုင်ငံသားတွေက ထိန်းချုပ်ထားတာကို ခံစရာ မလိုတော့ဘူး။ ဒို့မြန်မာ လူမှုကွန်ရက်ကို မြန်မာ့ ယဉ်ကျေးမှုတွေနဲ့ အစစအရာရာ သဟဇာတ ဖြစ်အောင် ဂရုတစိုက် စီစဉ်ထားတဲ့ အတွက်လည်း သုံးစွဲသူတွေ စိတ်ကျေနပ်မှု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(သန့်ဇင်ဦး)

No comments:

Post a Comment