Written by မိုးသူ
အမေရိကန်ဒေါ်လာ ၅၀၀ မှ ၃,၀၀၀ အထိရှိသည့် ဆန်းသစ်သည့် အတွေးအခေါ်များ
တူညီကြသည့် ပန်းချီဆရာလေးဦး၏ ပန်းချီကားများကို KZL ပန်းချီပြခန်းတွင်
"Sparkle 2014 Volume 2" အမည်ဖြင့် ပြသမည် ဖြစ်သည်။ ယင်းပန်းချီကားများကို
မတ် ၂၂ ရက်မှ ဧပြီ ၂၂ ရက်အထိ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်တွင်
ကျင်းပမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူ ခင်ဇော်လတ်က မဇ္ဈိမသို့ ပြောသည်။
“ဒီပွဲမှာက ကျွန်တော်တို့ ပြခန်းအဖွဲ့ဝင်တွေရဲ့ လက်ရာတွေအပြင် အပြင်က
ပန်းချီဆရာတွေလည်း ပါဝင် ပါတယ်။ အခုပွဲကတော့ ပန်းချီဆရာတွေရဲ့ လက်ရာတွေက
တစ်ယောက်နဲ့ တစ်ယောက် သိပ်မတူပေ မယ့် သူတို့ရေးဆွဲကြတဲ့ စိတ်ကူး၊
ဆန်းသစ်တဲ့တီထွင်မှုတွေ တူညီကြလို့ အခုလို ပူးတွဲပြီးတော့ ပြသထား တာပါ။
ဒီပွဲပြီးရင်တော့ လက်ရာတူညီတဲ့ နောက်ထပ် ပန်းချီဆရာလေးဦးရဲ့ ပန်းချီကားကို
ဆက်လက် ပြ သမှာပါ” ဟု ၎င်းက ပြောသည်။
"Sparkle 2014 Volume 2" ပြပွဲတွင် မတူညီသည့်လက်ရာမျိုးစုံကို တွေ့မြင်ရမည်ဖြစ်ပြီး ယခုနှစ်တွင် အပြောင်းအလဲများသည် ကောင်းသည့်ဘက်ကို ဦးတည်နေသည်ဟု ယူဆသဖြင့် တောက်ပသည့် အဓိပ္ပာယ်ပါဝင်သည့် ရည်ရွယ်ချက်ဖြင့် ပြသခြင်း ဖြစ်သည်။
အဆိုပါပြပွဲတွင် ပန်းချီ မွန်သက်၊ ပန်းချီ ၀င်းတင့်၊ ပန်းချီ ရွှေသိန်းနှင့် ပန်းချီ ပန်းကြည် ပန်းချီဆရာ လေး ယောက်တို့က သာမန်ဖြစ်ပျက်နေသည့် အရောင်များထက် စုတ်တံအကြီးများဖြင့် သာမန်ထက် ကဲလွန်း နေသည့် အရောင်များဖြင့် ရေးဆွဲထားသည့် ပန်းချီကားများကို ပြသကြမည် ဖြစ်သည်။
ယင်းပြပွဲတွင် ရွှေတိဂုံဘုရား၊ မြန်မာ့ အထင်ကရရှုခင်းများ၊ မန္တလေး ရှုခင်းများ၊ သင်္ဘောဆိပ်ကမ်းပုံများ၊ ညဘက်မြင်ရသည့် ၀ါးတောအလှ၊ သစ်တောများ၊ မြန်မာ့ရိုးရာမိန်းကလေးနှင့် ပန်းများကို ပေါင်းစပ်ရေး ဆွဲထားသည့် ပန်းချီကား ၂၀ ကို ဆီဆေး၊ အခရိုင်းလစ်ဆေးများကို အသုံးပြုကာ အရောင် တောက် တောက်များဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။
KZL ပန်းချီပြခန်းသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ပန်းချီပြခန်းဖြစ်ပြီး ပန်းချီတစ်မျိုးတည်းသာ သီးသန့်ပြသခြင်း ဖြစ်သည်။

No comments:
Post a Comment