Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

မိဂါရမာတာ ၀ိသာခါ



တစ်နေ့ တွင် မိဂါရသူဌေးကြီးသည် နို့ ဃနာထမင်းကို
ရွှေခွက်၌ ထည့်၍ စားနေ၏။ ၀ိသာခါကလည်း
သူဌေးကြီးကို ယပ်ခတ်ပေးလျက်ရှိ၏။ ထိုအချိန်တွင်
ရဟန်းတော်တစ်ပါးသည် မိဂါရသူဌေးကြီး၏ အိမ်ရှေ့ ၌
ဆွမ်းလာရပ်၏။ သူဌေးကြီး မမြင်ဘူးထင်သဖြင့်
ဝိသာခါက နေရာရွှေ့ ပေး၏။ သူဌေးကြီးသည် မူလကပင်
ရဟန်းတော်ကို မြင်ပြီး ဖြစ်၏။ ဆွမ်းမလောင်းလိုသဖြင့်
မမြင်ယောင်ဆောင်နေခြင်း ဖြစ်၏။ ဤသဘောကို
ဝိသာခါက မရိပ်မိ၊ နောက်မှ ရိပ်မိသောအခါ ၀ိသာခါသည်
ယောက္ခမကြီးအတွက် များစွာ စိတ်မကောင်း ဖြစ်ရလေသည်။

သို့ ရာတွင် ၀ိသာခါသည် မိမိအနေဖြင့် ယောက္ခမကြီးအတွက်
ကလျာဏမိတ္တ ဖြစ်လာအောင် ကြိုးစားရန် ဆုံးဖြတ်လိုက်၏။
ကလျာဏမိတ္တဖြစ်လာအောင် ဆောင်ရွက်ရာတွင်
အကြမ်းနည်းကို သုံးသည်လည်း ရှိ၏။ ဤ`နေရာတွင်
အကြမ်းနည်းကို သုံးရန် ဆုံးဖြတ်ပြီး မိမိတို့ ၏
အိမ်ရှေ့ ၌ ဆွမ်းရပ်နေသော ရဟန်းတော်အား
“ကန်တော့ပါသေး၏ ဘုရား၊ တပည့်တော်မ၏
ယောက္ခမသည် အဟောင်းကိုသာ စားသောက်ပါသည်”ဟု
လျှောက်ထားလိုက်၏။

ထိုအခါ မိဂါရသူဌေးကြီးသည် အဟောင်းဆိုသည်မှာ
မစင်ကို ဆိုလိုသည်ဟု အဓိပ္ပါယ်ယူပြီး များစွာ စိတ်ဆိုး၏။
ဝိသာခါသည် မိမိ၏ ဆရာတိတ္ထိတို့ အား မထီမဲ့မြင် ပြုစဉ်က
သူဌေးကြီးသည် သည်းခံနိုင်ပါ၏။ ဤအကြိမ် မိမိအား
အဟောင်းကို စားနေသည်ဟု ဆိုသောအခါ
သည်းမခံနိုင်တော့။ သူဌေးကြီးသည် ပေါက်ကွဲသွားလေပြီ။

ထို့ ကြောင့် သူဌေးကြီးက
“ဤအယုတ်မကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့”ဟု
ကျွန်အမှုလုပ် တို့ အား အမိန့် ပေးလိုက်၏။
သို့ ရာတွင် ထိုအချိန်၌ ၀ိသာခါ၏
ကျွန်အမှုလုပ်များသာ ရှိကြလေရာ ၀ိသာခါကို
နှင်ထုတ်ဖို့  မဆိုထားနှင့်၊ လက်ဖြင့်ထိဝံ့သူ မရှိပါချေ။
မိမိ၏ ယောက္ခမကြီးအား ကယ်ချွတ်ရမည့် အချိန်သို
့ရောက်ပြီဟု ၀ိသာခါက သိ၏။ ထို့ ကြောင့် ၀ိသာခါက
သူဌေးကြီးအား ဖခင်က နှင်ထုတ်တိုင်း မိမိသွားမည်
မဟုတ်ကြောင်း၊ မိမိကို ဆောင်ယူစဉ်က မိမိ၏ ဖခင်
ဓနဉ္စယသူဌေးကြီးက မိမိနှင့် ပက်သက်၍ ဖြစ်ပေါ်လာသော
အပြစ်ကြီး အပြစ်ငယ်များအပေါ် အဆုံးအဖြတ်ပေးရန်
သူဌေးကြီးရှစ်ဦးတို့ အား အပ်နှံလိုက်ကြောင်း၊
သို့ ဖြစ်၍ သူဌေးကြီးရှစ်ဦးတို့ ၏ အဆုံးအဖြတ်ကို ခံယူမည်
ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောဆို၏။ ၀ိသာခါသည်
ဓမ္မနှင့်အညီ ပြောတတ်သူ ဖြစ်၏။
ထို့ ကြောင့် မိဂါရသူဌေးကြီးသည်
ဝိသာခါပြောသည့်အတိုင်းပင် သူဌေးကြီးရှစ်ဦးတို့ အား
မိမိ၏ အိမ်သို့ ဖိတ်ကြားရလေ၏။ သူဌေးကြီးရှစ်ဦးတို့ ရောက်လာသောအခါ
ဝိသာခါ ကျူးလွန်သော အပြစ်များကို တင်ပြ၏။ ထိုအပြစ်များကြောင့် ၀ိသာခါကို ဤအိမ်မှ နှင်ထုတ်တော့မည် ဖြစ်ကြောင်းကိုပါ ပြောဆို၏။

မိဂါရသူဌေးကြီးက ၀ိသာခါအပေါ် တင်ပြသော
အပြစ်များတွင် ပထမတင်ပြသော အပြစ်မှာ ၀ိသာခါက
မိမိအား မစင်ကို စားနေသည်ဟု ရိုင်းပြစွာ ဆဲရေးသည်
ဟူသော စွပ်စွဲချက်ဖြစ်သည်။ ၀ိသာခါကမူ မိမိအနေဖြင့်
သူဌေးကြီးအား မစင်ကို စားနေသည်ဟု
မဆိုကြောင်း၊ အဟောင်းကို စားနေသည်ဟုသာ ဆိုကြောင်း၊
အဟောင်းဟူသည်မှာ ဤပစ္စုပ္ပန်ကာလ၌
ကောင်းမှုကုသိုလ်အသစ်ကို မပြုဘဲ
အတိတ်ဘ၀က ပြုခဲ့သော ကောင်းမှုကုသိုလ်
အဟောင်းအကျိုး ကိုသာ ခံစားနေခြင်း ဖြစ်သည်ဟု ဆိုလိုပါကြောင်း ပြန်လည်တင်ပြရာ
ဝိသာခါအပေါ် တင်ထားသော မိဂါရသူဌေးကြီး၏
စွဲချက်သည် ပျက်ပြယ်သွား၏။

ပထမစွဲချက်ပျက်လျှင် ဒုတိယစွဲချက်ကို သူဌေးကြီးက ၀ိသာခါအပေါ် တင်ပြန်၏။ ဒုတိယစွဲချက်မှာ
ဝိသာခါသည် ဂုဏ်သရေရှိ အမျိုးသမီး
ဖြစ်ပါလျက် တစ်ခုသောနေ့ ၏ ညဥ့်သန်းခေါင်ချိန်တွင် မီးရှူးမီးတိုင်များ ထွန်းညှိကာ ကျွန်မိန်းမများ
ခြံရံလျက် အိမ်၏ အနောက်ဘက်သို့ 
ဆင်းသွားသည်ဟူသော စွပ်စွဲချက် ဖြစ်၏။
ထိုစွပ်စွဲချက်နှင့် ပက်သက်၍ ၀ိသာခါက မြင်းဇောင်းတွင် အာဇာနည်မြင်းမ သားဖွားသဖြင့်
သွားရောက်ပြုစုခြင်း ဖြစ်ကြောင်း ရှင်းပြရာ
မိဂါရသူဌေးကြီး၏ ဒုတိယစွပ်စွဲချက်သည်လည်း ပျက်ပြယ်သွားပြန်၏။

မိဂါရသူဌေးကြီးသည် အတန်ငယ်စိတ်သက်သာရာ
ရသွား၏။ သို့ ရာတွင် ဓနဉ္စယသူဌေးကြီးက
ဝိသာခါအား ပေးလိုက်သော
အိမ်ထောင်ရှင်မဆိုင်ရာ သြ၀ါဒ(၁၀)ချက်နှင့်
ပက်သက်၍ သူ၏ စိတ်ထဲ၌ မတင်မကျရှိနေ၏။
ဓနဉ္စယမိသားစုတို့ ၏ လျှို့ ဝှက်ချက်များ
ဖြစ်နေမည်လား ဟူ၍လည်း သံသယဖြစ်မိပြန်၏။
ထို့ ကြောင့် မိဂါရသူဌေးကြီးသည် ၀ိသာခါအပေါ်
ထိုသြ၀ါဒ(၁၀)ချက်နှင့် ပက်သက်၍
တတိယစွပ်စွဲချက်များအဖြစ် စွပ်စွဲပြန်ရာ ၀ိသာခါက
တစ်ချက်ချင်း ဤသို့ ပြန်လည် ရှင်းပြ၏။

၁။ အတွင်းမီးကို အပြင်သို့ မထုတ်ရ ဟူသည်မှာ
ချွေးမတစ်ယောက်အနေဖြင့် မိမိတို့ ၏ အိမ်တွင်းရေးကို
အခြားသူများသို့ မပြောရဟူ၍ ဖြစ်၏။

၂။ အပြင်မီးကို အတွင်းသို့ မသွင်းရ ဟူသည်မှာ အခြားသူများ၏
အိမ်တွင်းရေးကို မိမိတို့ ၏ မိသားစုများအား မပြောရ ဟူ၍ ဖြစ်၏။
၃။ ပေးကမ်းတတ်သူအားသာ ပေးကမ်းရ၏ ဟူသည်မှာ
မိမိတို့ ၏ ပစ္စည်းများကို ငှားရမ်းပြီး အမေ့မခံဘဲ ပြန်လည်
ပေးတတ်သူအားသာ ပစ္စည်းများကို ငှားရမ်းရမည်ဟူ၍ ဖြစ်၏။

၎။ မပေးကမ်းသူအား မပေးရ ဟူသည်မှာ မိမိတို့ ၏ ပစ္စည်းများကို
ငှားရမ်းပြီး ပြန်မပေးတတ်သူအား ပစ္စည်းများကို မငှားရမ်းရ ဟူ၍
ဖြစ်၏။

၅။ ပေးကမ်းသည်ဖြစ်စေ မပေးကမ်းသည် ဖြစ်စေ ပေးကမ်းရ၏
ဟူသည်မှာ ဆင်းရဲသော ဆွေမျိုးနှင့် မိတ်ဆွေများအား
ပြန်ရကောင်းစေ ဟူ၍ သဘောမထားဘဲ မိမိ၏ စွမ်းနိုင်သလောက်
ထောက်ပံ့ရမည် ဟူ၍ ဖြစ်၏။

၆။ ချမ်းသာစွာ နေထိုင်ရမည် ဟူသည်မှာ လူကြီးမိဘများနှင့်
နေထိုင်ရာတွင် မနီးလွန်း မဝေးလွန်း ၊ လေတင် လေအောက်
စသည်ဖြင့် အပြစ်ခြောက်ပါးကင်းသည့် နေရာများ၌ နေထိုင်ရမည်
ဟူ၍ ဖြစ်၏။

၇။ ချမ်းသာစွာ စားရမည် ဟူသည်မှာ ယောက္ခမ၊ မိဘ၊ ခင်ပွန်းတို့ ကို
ရှေးဦးစွာ ကျွေးမွေးပြီးမှ မိမိအနေဖြင့် ကျန်လျှင်စားပြီး မကျန်လျှင်
သင့်လျော်သလို စီစဉ်၍ စားရမည် ဟူ၍ ဖြစ်၏။

၈။ ချမ်းသာစွာ အိပ်ရမည် ဆိုသည်မှာ ယောက္ခမ၊ မိဘများနှင့်
ခင်ပွန်းသည်တို့  မအိပ်မီ သင့်လျော်သော ၀တ္တရားကို ပြု၍
သူတို့ အိပ်ပြီးမှ အိပ်ရမည် ဟူ၍ ဖြစ်၏။

၉။ မီးကို ရိုသေစွာ လုပ်ကျွေးရမည် ဟူသည်မှာ ခင်ပွန်းသည်၏
မိခင်နှင့် ဖခင်ကို ယဇ်မီးကဲသို့  အလေးအမြတ်ပြု၍ သူတို့ အိပ်ပြီးမှ
အိပ်ရမည် ဟူ၍ ဖြစ်၏။

၁၀။ အိမ်ဦးနတ်ကို ရိုသေရမည် ဟူသည်မှာ မိမိ၏ ခင်ပွန်းကို
အိမ်ဦးနတ်ကဲ့သို့  ရိုသေလေးစားစွာ ဆက်ဆံရမည် ဟူ၍ဖြစ်၏။

ဝိသာခါ၏ ရှင်းပြချက်ကို ကြားရသောအခါ သူတို့ မကြားဖူးသော
ဓမ္မနှင့်ယှဉ်သော သြ၀ါဒ ဖြစ်သောကြောင့် သူဌေးကြီး ရှစ်ဦးတို့ သည်
ဝိသာခါအပေါ် များစွာ ကြည်ညိုသွားကြ၏။ မိဂါရသူဌေးကြီးသည်လည်း
ဝိသာခါအပေါ် အထင်မှားခဲ့သည့်အတွက် များစွာ နောင်တရ၏။
အမှန်အားဖြင့် ၀ိသာခါသည် တကယ်ပင် သူတော်ကောင်းဖြစ်ကြောင်း
သူတို့ တွေ့ ကြပြီ။ လောကတွင် သူတော်ကောင်း ဖြစ်ဖို့ အတွက်
အမှားကို အမှားမှန်း သိဖို့ သာ အရေးကြီး၏။ အမှားကို အမှားမှန်း
သိခြင်းသည် ယထာဘူတဥာဏ် မည်၏။ အမှားကို အမှားမှန်း
မသိဘဲ အမှန်အဖြစ် သိခြင်းသည် ဒိဋ္ဌိမည်၏။ ယထာဘူတဥာဏ်သည်
ကုသိုလ်ဖြစ်၍ ကောင်းကျိုးကို ပေး၏။ ဒိဋ္ဌိသည် အကုသိုလ်ဖြစ်၍
မကောင်းကျိုးကို ပေး၏။ မိဂါရသူဌေးကြီးသည် ၀ိသာခါနှင့် ပက်သက်၍
အမှားကို အမှားမှန်း သိလေပြီ။ ထို့ ကြောင့် သူသည် သူ၏ အမှားကို
ပြင်ရန် စိတ်စောလျက် ရှိ၏။ မိဂါရသူဌေးကြီးသည် ပါရမီရှိသူ ဖြစ်၏။
မြင့်မြတ်သော စိတ်ထားရှိသူ ဖြစ်၏။

ထို့ ကြောင့် သူသည် သူလိုငါလို ပုဂ္ဂိုလ်မျိုးကဲ့သို့  မိမိ၏အယူကို မှားမှန်း
သိပါလျက် မြဲမြံသူ စွဲကိုင်သူ အာမာနဂ္ဂါဟီ ပုဂ္ဂိုလ်မဟုတ်၊ မိမိ၏ အယူကို
မှားမှန်းသိသည်နှင့် တပြိုင်နက် ချက်ချင်းစွန့် လွှတ်နိုင်သူ ဖြစ်လေ၏။

ဝိသာခါသည် သူမ၏ ယောက္ခမကြီးအပေါ် အောင်ပွဲကို ရလိုက်၏။
ထိုအောင်ပွဲကို မိမိ၏ အကျိုးစီးပွားအတွက် အသုံးမချဘဲ
ယောက္ခမကြီး၏ အကျိုးစီးပွားအတွက် အသုံးချရန် ၀ိသာခါက
ဆုံးဖြတ်လိုက်၏။ ထို့ ကြောင့် ၀ိသာခါက မိမိသည် သာဝတ္ထိပြည်
မိဂါရသူဌေးကြီး၏ အိမ်၌ မနေတော့ဘဲ သာကေတမြို့ ရှိ မိဘအိမ်သို့ 
ပြန်တော့မည်ဖြစ်ကြောင်း သူဌေးကြီးရှစ်ဦးနှင့်တကွ ယောက္ခမဖြစ်သူ
မိဂါရသူဌေးကြီးအား ပန်ကြားလိုက်၏။ ထိုအခါ မိဂါရသူဌေးကြီးသည်
သူ၏အပြစ်ကို ၀န်ခံပြီး ၀ိသာခါအား မပြန်ရန် မေတ္တာရပ်ခံ၏။
သူဌေးကြီးရှစ်ဦးတို့ ကလည်း မပြန်ရန် ၀ိုင်းဝန်း၍ မေတ္တာရပ်ခံ၏။
ထိုအခွင့်အရေးကို ၀ိသာခါ စောင့်မျှော်နေခဲ့၏။ ယခုထိုအခွင့်အရေးကို
သူမရလေပြီ။ ထိုအခါ ၀ိသာခါက မြတ်စွာဘုရားနှင့်တကွ ရဟန်း
သံဃာတော်များကို ကိုးကွယ်ခွင့်ရပါမှသာ မပြန်ဘဲ ဤအိမ်၌
ဆက်လက်နေထိုင်မည်ဖြစ်ကြောင်

း ပြန်လည်ပြောဆိုလေရာ
မိဂါရသူဌေးကြီးက ခွင့်ပြုလိုက်လေ၏။ ထို့ ကြောင့် ၀ိသာခါသည်
မိဂါရသူဌေးကြီးအိမ်၌ပင် ဆက်လက်နေထိုင်၏။ ဤသို့ ဖြစ်လာမည်ကို
ဝိသာခါက ကြိုတင်၍ သိ၏။ အမှန်အားဖြင့် ဤအိမ်၌ ၀ိသာခါသည်
သီရိနတ်သမီးပင် ဖြစ်လေ၏။ မိဂါရသူဌေးကြီး မောင်နှံတို့ သည်
ဝိသာခါကို အကြောင်းပြု၍ သောတာပန်များ ဖြစ်ကြပေလိမ့်မည်။
နောက်တစ်နေ့ ၌ ၀ိသာခါသည် မြတ်စွာဘုရား အမှူးပြုသော
ရဟန်းသံဃာတော်များကို မိမိအိမ်သို့ ပင့်၍ ဆွမ်းကပ်၏။
မိဂါရသူဌေးကြီးအိမ်၌ မြတ်စွာဘုရား အမှူးရှိသော
ရဟန်းသံဃာတော်များအား ၀ိသာခါက ဆွမ်းကပ်ကြောင်း
သတင်းကြားရလျှင် တိတ္ထိတို့ သည် သူဌေးကြီးအား
မြတ်စွာဘုရားနှင့် မတွေ့ နိုင်စိမ့်သောငှာ သူဌေးကြီးကို
ဝိုင်းဝန်းတားရန်အတွက် သူဌေးကြီးအိမ်သို့ ရောက်လာ၏။
သူဌေးကြီးကိုလည်း ၀ိုင်းဝန်းတားကြ၏။ သူဌေးကြီးကလည်း
အလိုက်သင့် အလျားသင့် ပြောဆိုနေရ၏။
ဝိသာခါသည် ဆွမ်းကပ်ပြီးသောအခါ မြတ်စွာဘုရားထံမှ
တရားတော်ကို နာယူရန် ယောက္ခကြီးအား ဖိတ်၏။ ထိုအခါ တိတ္ထိ
တို့ က သူဌေးကြီးအား မြတ်စွာဘုရားထံသို့  တရားနာမသွားရန်
တားမြစ်၏။ သူဌေးကြီးကလည်း ၀ိသာခါအား မိမိဘာသာ
မိမိတရားနာယူရန် ပြန်ကြား၏။ သို့ ရာတွင် ၀ိသာခါက
သူဌေးကြီးအား ဒုတိယအကြိမ် ဖိတ်ပြန်၏။ ဤအကြိမ်၌မူ
သူဌေးကြီးသည် မနေသာတော့၊ တရားနာ သွားရတော့မည် ဖြစ်၏။
တိတ္ထိတို့ ကလည်း တရားနာလျှင် အပြင်ဘက်သို့ ထွက်မနာဘဲ
တင်းတိမ် အတွင်းကနေပြီး တရားနာရန် သူဌေးကြီးအား မှာလိုက်၏။
တိတ္ထိတို့ မှာလိုက်သည့် အတိုင်းပင် သူဌေးကြီးသည် တင်းတိမ်အတွင်း
မှနေ၍ တရားတော်ကို နာယူ၏။ မြတ်ဟွာဘုရားသည် သူဌေးကြီး၏
ပါရမီအလျောက် တရားဒေသနာတော်ကို ဟောကြားတော်မူရာ
သူဌေးကြီးသည် သစ္စာလေးပါးကို ထိုးထွင်းသိပြီး သောတာပန်
ဖြစ်သွားလေ၏။ ထို့ နောက် သူဌေးကြီးသည် တင်းတိမ်ကိုမပြီး
ချွေးမဖြစ်သူ ၀ိသာခါထံသို့ သွား၍ ၀ိသာခါကို မိမိ၏ မိခင်အရာ၌
ထားကြောင်း ပြောကြား၏။

ထို့ နောက် မြတ်စွာဘုရားကို ရှိခိုးဦးချ၍ သူဌေးကြီးက မိမိ၏
ချွေးမကြောင့် သူသည် အပါယ်လေးပါးမှ လွတ်မြောက်သူ
ဖြစ်ရပါပြီဟု လျှောက်ထား၏။ ထိုအခါမှစ၍ ၀ိသာခါသည်
“မိဂါရမာတာ”ဟု အမည်တွင်၏။ မိဂါရမာတာ ဟူသည်မှာ
မိဂါရသူဌေးကြီး၏ မိခင်ဟူ၍ ဖြစ်၏။ အမှန်အားဖြင့်
အရိယာပုဂ္ဂိုလ်များသည် ပုထုဇဉ်များအပေါ် မိခင်သဖွယ်
အမြဲတမ်း ခွင့်လွှတ်ထားတတ်ကြပါ၏။ ဓမ္မတာအရ ယုတ်ညံ့
သူများအပေါ် ခွင့်လွှတ်တတ်လေသောအခါ ထိုသုသည် ဓမ္မ၏
အာနုဘော်ကြောင့် မြင့်မြတ်သူအဖြစ်သို့  ရောက်သွားလေ၏။

နောက်တစ်နေ့ ၌ ၀ိသာခါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာ
တော်များကို ပင့်၍ ဆွမ်းကပ်ပြန်၏။ ဤအကြိမ်၌ မိဂါရသူဌေးကြီး၏
ဇနီး သူဌေးကတော်ကြီးသည် သောတာပန် ဖြစ်သွားလေ၏။
ထို့ ကြောင့်ပင် လောက၌ ကလျာဏမိတ္တကိုသာ ရဖို့ လို၏။
ကလျာဏမိတ္တကို ရလျှင် အရာရာတိုင်းကို ပြီးစေနိုင်၏ဟူ၍
မြတ်စွာဘုရားက ဟောတောမူခြင်း ဖြစ်ရာ၏။

ထိုအချိန်မှစ၍ မိဂါရသူဌေးကြီး၏ အိမ်သည် မြတ်စွာဘုရား၏
သာသနာတော်အတွက် ဟင်းလင်းဖွင့်ထားသော တံခါးသဖွယ်ဖြစ်လေ၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ – ၀ိသာခါဝတ္ထု မှ)မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment