Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

ပြင်မရအောင်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ

Sunday, March 02, 2014

Author- စန်းယု

မန္တလေး ဖေဖော်ဝါရီ ၂၆

ဒီမိုကရေစီ စနစ်ကို မဖော်ဆောင်နိုင်ဘူးလို့ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်တွင်းမှာရော လွှတ်တော်ပြင်ပမှာ ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အဓိက အဟန့်အတား ဖြစ်နေတယ်လို့ဆိုကြပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မန္တလေးတိုင်းဒေသကြီးဥက္ကဌ ဦးလှကို၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီး အမြဲတမ်းကော်မတီဝင် ဦးခင်မောင်ဝင်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရွက်နုအောင် တို့နဲ့ မော်ဒန်ဂျာနယ်က စကားဝိုင်းပြုလုပ်ပြီး ဆွေးနွေးထားပါတယ်။

မော်ဒန် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပုဒ်မ၄၃၆ ပါဝင်နေမှုကို ဆရာဦးလှကို က စပြီးဆွေးနွေးပေးပါ။

ဦးလှကို ။ ။ အဲဒီပုဒ်မက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှာပါတယ်။ ဒီပုဒ်မက အခြေခံဥပဒေမှာ အရေးကြီးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေမှာ ဘယ်အချက်တွေ ဘယ်အပိုဒ်တွေ ဘယ်လောက်အရေးကြီးကြီး ဒီဟာနဲ့ချုပ်ထားတာ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရခက်တဲ့ဥပဒေလို့သတ်မှတ်မလား။ လွယ်တဲ့ဥပဒေလို့ သတ်မှတ်မလားမေးရင် လုံးဝပြင်လို့မရသော ဥပဒေကိုဖြစ်နေတာ။ ဒီ ၄၃၆ မှာ အရေးကြီးတဲ့အချက်တွေထည့်လိုက်တယ်။ အဆိုးဆုံးက ဒီ ၄၃၆ ကို ပြင်ဖို့ကို ၄၃၆ ပုဒ်မထဲမှာထည့်ထားတာ။ ပြင်လို့မရအောင်။ ၄၃၆ ကဘာလဲဆိုရင် လွှတ်တော်ရဲ့ ၂၀ ရာခိုင်နှုန်းက အဆိုပြုရမယ်။ အဲဒါကို ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်လို့ရမယ်။ အဲဒါကို ပြည်သူတွေကို ဆန္ဒခံယူပေါ့။ ခံယူတဲ့အခါကျတော့လည်း မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်လို့ တင်းကျပ်ထားတာ။

မော်ဒန် ။ ။ အခြေခံဥပဒေမှာ ၄၃၆ ကပြင်ရခက်ဆုံး ပုဒ်မလို့ ဆရာဆိုလိုတာလား။

ဦးလှကို။ ။ ဟုတ်တယ်။ ဘယ်လိုမှ ပြင်မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းကျော်မှာဆို အမတ်တွေကိုရေတွက်လိုက်။ ကချင်ပြည်နယ် မတည်ငြိမ်လို့ဆိုပြီး မရွေးရသေးတာရှိတယ်။ ရှမ်းပြည်မှာရှိတယ်။ သေသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိတယ်။ နောက်တခါ ၀န်ကြီးဖြစ်သွားသူကို အမတ်အစားထိုးရမယ်။အပြည့်အ၀ မထိုးဘူး။ အဲဒီတော့ ၇၅ရာခိုင်နှုန်း မပြည့်ဘူး။ မပြည့်တော့ ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး။ ၇၅ရာခိုင်နှုန်း ပြည့်လို့ သဘောတူပါတယ်ဆိုတောင်မှ တပ်မတော်သားတစ်ယောက်ထောက်ခံမှရမယ်။ တပ်မတော်သားကလည်း သူ့သဘောနဲ့သူ လုပ်လို့မရဘူး။ ကာချုပ်က ခွင့်ပြုမှ။ ဒါကြောင့် ပြင်လို့မရသော အခြေခံဥပဒေလို့ပြောတာ။

မော်ဒန်။ ။ ဦးခင်မောင်ဝင်းကရော ဘယ်လိုမြင်လဲဗျ။

ဦးခင်မောင်ဝင်း။ ။ ဆရာဦးလှကိုနဲ့ အမြင်ချင်းတူပါတယ်။ လုံဝပြင်မရဘူးဆိုတာကိုတော့ ပြန်စဉ်းစားဖို့ လိုလာတယ်။ လုံးဝပြင်မရအောင် ခက်ထားတယ်ဆိုရင် အစွန်းတရားခုပဲ။ လုံးဝလွယ်အောင် ဆိုရင်လည်း အစွန်းတရားတစ်ခုပဲ။ လက်ရှိအနေအထားရ ဒီပုဒ်မက အစွန်းရောက်နေတာကိုသွားတွေ့တယ်။ ဘယ်လိုမှ လုပ်လို့ ထိလို့ မရဘူး။

မော်ဒန်။ ။ အစ်မကရော ၄၃၆ ကို ဖြည့်ဆွေးနွေးပေးပါဦး။

ဒေါ်ရွက်နုအောင်။ ။ ၄၃၆ ပုဒ်မသည် လုံးဝ ပြင်ဆင်ဖို့ မလွယ်ကူသော ပုဒ်မအဖြစ်ရှိနေပါတယ်။ သူက အခြေခံဥပဒေရဲ့ အချုပ်လည်းဖြစ်တယ်။ စစ်အာဏာရှင်ကို တည်မြဲအောင်လုပ်ထားတဲ့ ပုဒ်မလို့ မြင်ပါတယ်။ ၄၃၆ ပြင်ဖို့ကို ပုဒ်မ ၄၃၆ ထဲမှာပြန်ထည့်ထားတာက တော်တော် ရုပ်ပျက်ဆင်းပျက် နိုင်တယ်။

မော်ဒန်။ ။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ တွေမှာရော ဥပဒေတွေပြင်ဆင်ဖို့ ဘယ်လိုပုဒ်မမျိုး ထည့်သွင်းခဲ့ပါသလဲ။

ဦးလှကို။ ။အဲဒီဥပဒေတွေတုန်းကပြင်ဖို့ခက်ခဲအောင်လုပ်မထားဘူး။ဒီ၂၀၀၈လောက် မခဲယဉ်းတာသေချာတယ်။

ဒေါ်ရွက်နုအောင်။ ။ အခြေခံဥပဒေပြင်ဖို့ ၁၉၄၇ မှာ ကျ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၆၇ ရာခိုင်နှုန်း ကပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်လို့ရတယ်လို့ ပြဌာန်းခဲ့တယ်။ ၁၉၇၄ ခြေခံဥပဒေကျ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ချင်ရင် ပြင်ဆင်လို့ရတယ်။ ၂၀၀၈ ကျ ၇၅ ရာခိုင်နှုန်းကျော်မှ။ဥပဒေ သုံးခုက ခြားနားချက်ရှိတယ်။ ၂၀၀၈ ဥပဒေက ပြည်သူက ဘယ်လိုပြင်ချင် ပြင်ချင် တပ်မပါပဲ ပြင်လို့ကိုမရဘူး။

မော်ဒန်။ ။ ပြင်လို့မရဘူးခက်တယ်လို့ ဆရာတို့ ဆွေးနွေးကြပါတယ်။ အဲဒါကတစ်ပိုင်းပေါ့။ တကယ်လို့ ၄၃၆ ပုဒ်မ နေရာ ကို အစားထိုးပါလို့ ဆိုရင် ဘယ်လိုအချက်တွေနဲ့ အစားထိုးချင်ပါလဲ။

ဦးခင်မောင်ဝင်း။ ။ လက်ရှိ ၇၅ ရာခိုင်နှုန်းကျော်ကနေ ၇၅ ရာခိုင်နှုန်းလုပ်မလား။ ၁၉၄၇ ဥပဒေလို ၆၇ ရာခိုင်နှုန်း လုပ်မလားဆိုတာ ၀ိုင်းစဉ်းစားရမယ့်ကိစ္စပါ။ ၆၇ ရာခိုင်နှုန်း နဲ့ ၇၅ ကြားဖြစ်သင့်တာအမှန်ပဲ။

ဦးလှကို။ ။ တော်တော်များများဆန္ဒခံယူတဲ့ကိစ္စတွေမှာ တစ်ဝက်ကျော်မျိုးပဲထားသင့်တယ်။ လက်ရှိတက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းလို့ ဖြည့်ချင်ဖြည့်။

ဒေါ်ရွက်နုအောင်။ ။ ဆရာဦးလှကိုပြောတာကောင်းပါတယ်။ လက်ရှိတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်ကျော်။ ဒါလည်းဖြစ်သင့်တယ်. သမာသမတ်ကျတယ်လို့မြင်ပါတယ်။

မော်ဒန်။ ။အခုလ ၁၆ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ဟာ ပုဒ်မ ၄၃၆ ပြုပြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီပုဒ်မဟာ ၂၀၁၅ ခု မတိုင်ခင် ပြင်နိုင်မယ်လို့ ထင်ပါသလား။

ဦးလှကို။ ။ ကျနော်အထင်မရနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်အချက် အာဏာရပါတီကလွှတ်တော်နေရာ အများကြီးရထားတာ၊ နှစ်အချက် ပြည်နယ်က ပုဂ္ဂိုလ်တွေ၊ လူမျိုးစုတွေနဲ့ NLD ပါတီနဲ့ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဘယ်လိုစည်းလုံးမလဲ။ အဲသည်ပြသနာတွေ အများကြီးရှိတယ်။ ပြည်ခိုင်ဖြိုးကိုရော သဘောပေါက်အောင် စည်းရုံးရမယ်။ သူတို့က အများကြီးရထားတာကိုး။သူတို့သဘောပေါက်လို့ပြင်ချင်ရင် ဒီမိုကရေစီ အင်အားစုတွေကို သိမ်းသွင်းယူရဦးမှာ။

မော်ဒန်။ ။ ဆရာဦးလှကိုက ၂၀၁၅ မတိုင်မီ ပြင်လို့မရနိုင်ဘူးလို့ ပြောပါတယ်။ အစ်မကရော ဘယ်လိုမြင်ပါလဲ။

ဒေါ်ရွက်နုအောင်။ ။ဒီ ၄၃၆ ကြီးကိုမပြင်ပဲနဲ့ ၂၀၁၅ ဖြစ်လာပြီဆိုရင် တိုင်းပြည်ပြောင်းလဲရေး ဘာမှမဖြစ်လာနိုင်ဘူးလို့မြင်တယ်။ တိုင်းပြည်အနာဂတ်ကိုတကယ်စေတနာရှိတဲ့ ခေါင်းဆောင်မှန်ရင် ၄၃၆ ကို ပြင်ရမှာ။ ၄၃၆ ရှိနေသမျှ တိုင်းပြည်ကောင်းအောင်လုပ်နိုင်မယ့် ခေါင်းဆောင်ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ ပြည်သူအားလုံးရဲ့ အသံနဲ့ တောင်းဆိုမှုတွေ ဆန္ဒခံယူမှုတွေ ဆန္ဒထုတ်ဖော်မှုတွေနဲ့ အဆင့်ဆင့် ကြိုးစားပြီးလုပ်သင့်တယ်လို့ ယူဆတယ်။ တောင်းဆိုမှုတွေများပြားလာရင် အပြောင်းအလဲတစုံတရာ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

မော်ဒန်။ ။ ဆရာဦးခင်မောင်ဝင်းကရော ယုံကြည်ပါလား။

ဦးခင်မောင်ဝင်း။ ။ဓမ္မဓိဌာန် ကျကျ ပြောမယ်ဆိုရင်တော့မလွယ်ဘူး။ ပြုပြင်ဖို့မလွယ်နိုင်သေးဘူး။ လက်တလောဖြစ်နေတဲ့ ပြသနာက လောဘကြီးလွန်းတယ်လို့မြင်တယ်။ဒီမှာက နုနုနယ်နယ်လေးပဲရှိသေးတာလေ။ ကျနော်ပြင်ဖို့ လက်မခံဘူးလို့ပြောတာမဟုတ်ဘူးနော်။

မော်ဒန်။ ။ ဘယ်သူကလောဘကြီးနေတာလဲဗျ။

ဦးခင်မောင်ဝင်း။ ။ပြင်ချင်တဲ့ဘက်ကလောဘကြီးနေတာ။ လက်ရှိအခြေအနေအရ အခက်အခဲတွေအများကြီးဖြစ်နေတယ်။

မော်ဒန်။ ။ ၄၃၆ ပြင်ဖို့ အချိန်မတန်သေးဘူးလို့ဆိုလိုချင်တာလား။

ဦးလှကို။ ။ ဟုတ်တယ်။သူက( ဦးခင်မောင်ဝင်း) အဲဒီလိုပြောချင်တာ။

ဦးခင်မောင်ဝင်း။ ။ အဲဒီလိုပြောချင်တာ။

မော်ဒန်။ ။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ရော တပ်မတော်ရဲ့သဘောထားကရော ဘယ်လိုရှိနိုင်ပါလဲ။

ဦးလှကို။ ။ တပ်မတော်အနေနဲ့ကလည်း ထောက်ခံမယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအတွက်ပဲဆွဲထားတာကိုး။

ဦးခင်မောင်ဝင်း။ ။ ၄၃၆ အပေါ် တပ်မတော်ရဲ့သဘောထားကပြောရခက်ပါတယ်။ ၃၁ ဦး ကော်မတီ ထဲမှာပါတဲ့ ဗိုလ်မှူးတစ်ယောက်ကပြောတယ်။ ၄၃၆ ပုဒ်မအတိုင်းပြင်ပါလို့။ မထိနဲ့လို့ပြောတာ။

ဒေါ်ရွက်နုအောင်။ ။ ကာချုပ်က အခြေခံဥပဒေရဲ့ အချုပ်ဖြစ်နေတော့ ဒီအပေါ်မှာ ပြင်ဖို့ နက်နက်နဲနဲ စဉ်းစားလိမ့်မယ်လို့ထင်တယ်။

မော်ဒန်။ ။ တကယ်လို့ ၂၀၁၅ မတိုင်ခင် ၄၃၆ ပုဒ်မကို ပြင်မပေးနိုင်ဘူးဆိုရင်ကော နောက်ဆက်တွဲ ဘာဖြစ်လာနိုင်ပါသလဲ။

ဦးလှကို။ ။ကျနော်ကတော့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ၂၀၀၈ ဥပဒေက ကောင်းကောင်း မကောင်းကောင်း ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လုပ်ပေးခဲ့တာ။ဒါကြောင့် ၄၃၆ မပြင်လည်း ၂၀၁၅ ရွေးကောက်ပွဲကို ညင်ညင်သာသာနဲ့ ရောက်သွားလိမ့်မယ်။

မော်ဒန်။ ။ အစ်မကရော ဘယ်လိုဖြစ်လာမယ်ထင်ပါလဲ။
ဒေါ်ရွက်နုအောင်။ ။အဓိက နစ်နာမှာက ပြည်သူတွေပဲ။ အာဏာရပါတီရော တပ်မတော်ရော ဘာမှမဖြစ်ပါဘူး။ ၄၃၆ ကို မပြင်ပဲ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာရင် ၂၀၁၅ အလွန် အာဏာရပါတီသည် ပြည်သူအကျိုးကို ထိထိရောက်ရောက်မလုပ်နိုင်ဘူးဖြစ်သွားမှာပဲ။

ဦးခင်မောင်ဝင်း။ ။ ဘာမှမဖြစ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေတုန်းကလည်း No Vote, Vote No ဆိုပြီး အောင်သွားတာပဲ။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ၄၃၆ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ ရောက်သွားမှာပဲ။ ပြည်သူတွေ အုတ်အော်သောင်းနင်း ဖြစ်မယ့် ၈၈ လိုဟာမျိုးကတော့ ပေါ်လာစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။

မော်ဒန်။ ။ အခုလိုဝိုင်းဝန်းဆွေးနွေးပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။

ပုဒ်မ ၄၃၆ ဆိုတာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၁၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင်ပါဝင်သောပုဒ်မတစ်ခုဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင်တယ်။
၄၃၆။(က)ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉ ၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ(က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှ အပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်။

The Modern News Journal

No comments:

Post a Comment