Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

ရန်ကုန်အဝေးသင်တက္ကသိုလ်အား Open University အဖြစ် အဆင့်မြှင့်တင်ရေးအတွက် လန်ဒန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည်


၁၃.၂.၂၀၁၄၊ ကြာသပတေးနေ့

အဆင့်မြင့်ပညာကဏ္ဍ ပညာရေး အဆင့်မြှင့်တင်ဆောင်ရွက်မှု တစ်ခုအပါအဝင်အဖြစ် ရန်ကုန်အဝေးသင်တက္ကသိုလ်အား Open University အဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ယင်းသို့အဆင့်မြှင့်တင်ရာတွင်လည်း University Of London နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် မြန်မာနိုင်ငံအဝေးသင်တက္ကသိုလ်များမှ ထုတ်လွှင့်မည့် ရုပ်သံလှိုင်းအသစ်အတွက် ဥပဒေပညာရပ်အပါအဝင် သင်ခန်းစာများကို University Of London မှ ပံ့ပိုးရေးအတွက်ကိုလည်း University Of London နှင့် ညှိနှုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“Open University ဆိုတာက ဘွဲ့တစ်ခုတက်နေရင်းနဲ့ နောက်ထပ်ဘွဲ့တစ်ခုအတွက် Open University မှာ ထပ်တက်ချင်လည်း တက်လို့ရတယ်။ ကန့်သတ်ထားတာမရှိဘူး။ Open ဖွင့်ပေးထားတဲ့ သဘောပါ။ ဘွဲ့နှစ်ခုကိုလည်း ပြိုင်တက်လို့လည်းရတယ်။ အသက်အရွယ် ဘယ်လောက်ကြီးကြီး တက်လို့ရတယ်ဆိုတဲ့ အကန့်အသတ်တွေမရှိ တက်လို့ရအောင် ဖွင့်ပေးထားတယ်ဆိုတဲ့ သဘောပါ။ ရန်ကုန်အဝေးသင်တက္ကသိုလ်ကို Open University အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ကိုလည်း University Of London နဲ့ ဆွေးနွေးခဲ့ပါတယ်။ အွန်လိုင်းကိုအသုံးပြုပြီး ဒီဂရီတွေ၊ ဒီပလိုမာ သင်တန်းတွေ သင်ကြားပို့ချဖို့ သူတို့ဆီမှာ သင်ကြားသင်ယူမှုအခြေအနေတွေ၊ အတွေ့အကြုံတွေကိုလည်း မျှဝေထားပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ကို Open University အဖြစ် အဆင့်မြှင့်တင်ဖို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်မယ့်အချိန်ကိုတော့ ဆွေးနွေးနေကြဆဲပါပဲ”ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
“မြန်မာနိုင်ငံမှာ Open University တွေ ဖွင့်လာတော့မယ်ဆိုတာ ကြိုဆိုရမှာပါ။ နိုင်ငံတကာမှာက အွန်လိုင်းကနေ သင်ယူမှုသင်ကြားမှုတွေ လုပ်ဆောင်နေကြတာတွေက ခေတ်စားနေကြပါပြီ။ အနာဂတ်ကာလမှာလည်း ပိုမိုကျယ်ပြန့်လာမယ့် အလားအလာတွေလည်း အများကြီးရှိပါတယ်။

ပြည်ပနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ သူတို့ဆီကနေ အရည်အသွေးထိန်းချုပ်တဲ့ နည်းစနစ်တွေလည်း ရရှိလာမယ်ဆိုရင် မြန်မာ့ပညာရေးအတွက် အများကြီးအကျိုးရှိလာနိုင်မှာပါ” ဟု Crown Education မှ နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက အကြံပြုပြောကြားခဲ့သည်။

လက်ရှိတွင်လည်း ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသည့် ဥပဒေပညာဘွဲ့သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
အရှေ့ တောင်အာရှနိုင်ငံများတွင် လက်ရှိအချိန်၌ Open University ၁ဝ ခုရှိနေပြီဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ဘွဲ့ဒဂရီနှင့် ဒီပလိုမာအဆင့် သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။
EMG

No comments:

Post a Comment