Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

NSA ၏ လျှို့ဝှက် ထောက်လှမ်းမှုများနှင့် ပတ်သက်ပြီး အိုဘားမားကို အမေရိကန် အထက် လွှတ်တော်အမတ် တရားစွဲ


Friday, February 14, 2014

အမေရိကန် နိုင်ငံသားများ၏ တယ်လီဖုန်း ပြောဆိုမှုများကို လျှို့ဝှက် ထောက်လှမ်းခဲ့သည့် အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားနှင့် အခြားအစိုးရ အရာရှိ အချို့ကို အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ရန်ပေါလ်က တရားစွဲ ဆိုခဲ့သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အလားအလာ ရှိနေသော ရန်ပေါလ်က တယ်လီဖုန်း ပိုင်ဆိုင်သည့် အမေရိကန် နိုင်ငံသားများအားလုံး ကိုယ်စား သူနှင့်ထင်ရှားသော နိုင်ငံရေး အဖွဲ့အစည်းတစ်ဖွဲ့ ပူးပေါင်းကာ ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ မသင်္ကာစရာ အကြောင်းလည်း မရှိ၊ ၀ရမ်းလည်း မပါ၊ တစ်ဦးချင်း သီးခြား စစ်ဆေးခံရခြင်းလည်း မရှိဘဲ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ရှာဖွေ စုံစမ်းခံရမှာကို စိတ်ဆိုး ဒေါသထွက်ပြီး ပြည်သူတွေက ဆန္ဒပြပွဲတွေ အုံနဲ့ကျင်းနဲ့ ကျင်းပလျက်ရှိပါတယ်” ဟု အထက်လွှတ်တော်အမတ် ရန်ပေါလ်က မိုဘိုင်းလ်ဖုန်းများကို ကိုင်မြှောက်ပြပြီး ပြောကြားခဲ့သည်။

အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) သည် လူသန်းပေါင်း များစွာ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို စုဆောင်း ရယူခြင်းဖြင့် အမေရိကန်အခြေခံ ဥပဒေ၏ စတုတ္ထမြောက် ပြင်ဆင် ဖြည့်စွတ်ချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ ရန်ပေါလ်က သမ္မတ အိုဘားမား၊ အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ ဂျိမ်းစ်ကလက်ပါ၊ NSA ဒါရိုက်တာ ကိသ်အလက်ဇန္ဒားနှင့် FBI အကြီးအကဲ ဂျိမ်းစ်ကမ်မီတို့ကို ဝါရှင်တန်ရှိ ဗဟိုတရားရုံးတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် NSA ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်များကို ပြုပြင် ပြောင်းလဲမည်ဟု ပြောကြားထားသော်လည်း အကျိုးအကြောင်း ခိုင်လုံမှု မရှိဘဲ ရှာဖွေ စစ်ဆေးခြင်းကို တားမြစ်ထားသည့် စတုတ္ထမြောက် ပြင်ဆင် ဖြည့်စွက်ချက်ကို ထင်ထင်ရှားရှား ဆက်လက် ချိုးဖောက်နေခြင်းကို ရပ်ဆိုင်းရန် ငြင်းဆန်ထားသည်ဟု ရန်ပေါလ်က ပြောကြားခဲ့သည်။

“ကျွန်တော်က NSA ကို မဆန့်ကျင်ပါဘူး။ သူလျှိုလုပ် ထောက်လှမ်းမှုကိုလည်း မဆန့်ကျင်ပါဘူး။ ဖုန်းမှတ်တမ်းတွေကို ကြည့်တာကိုလည်း မဆန့်ကျင်ပါဘူး။ တရားသူကြီးဆီမှာ စုံစမ်း စစ်ဆေးချင်တဲ့ သူရဲ့နာမည်ကို ပြောပြပြီး ၀ရမ်းယူပြီးမှ စုံစမ်း စစ်ဆေးမှု လုပ်ဖို့ပဲ ကျွန်တော် ပြောနေတာပါ” ဟုလည်း ရန်ပေါလ်က ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားကို တရားစွဲဆိုသော အမှုတွင် လွှတ်တော်အမတ် ရန်ပေါလ်၏ ပူးတွဲ တရားလိုဖြစ်သော Freedom Works အဖွဲ့၏ ဥက္ကဋ္ဌ မတ်ကစ်ဘီကလည်း အစိုးရ အဖွဲ့အနေနှင့် မသင်္ကာဖွယ်ရာ အဆင့်ကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ အမေရိကန် နိုင်ငံသားတိုင်း နီးပါးကို လျှို့ဝှက် ထောက်လှမ်းခြင်းမှာမူ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်သွားခဲ့ပြီဟု ပြောကြားခဲ့သည်။

အချက်အလက်များ စုဆောင်း ထောက်လှမ်းသည့် အစီအစဉ်ကို ရပ်ဆိုင်းပေးရန်နှင့် မှတ်တမ်းများကို ဖျက်ပေးရန် ရည်ရွယ် ပြုလုပ်သော သူ၏ တရားစွဲဆိုမှုတွင် ပူးပေါင်း ပါဝင်လိုသူပေါင်း ၃၀၀,၀၀၀ ကျော်ထံမှ ထောက်ခံကြောင်း လက်မှတ်များကိုလည်း စုဆောင်းထားပြီးပြီဟု ရန်ပေါလ်က ပြောကြားထားသည်။

အမေရိကန် တရားရေး ဌာနကမူ ရန်ပေါလ်၏ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၂၁၅ အရ တယ်လီဖုန်း အချက်အလက်များ စုဆောင်း ရယူခြင်းသည် တရားဝင်သည်ဟု ယုံကြည်မှုရှိကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment